Saturday, August 28, 2010

ရင်တွင်းစကားပါ

အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ်ကို မတက်ဖြစ်လို့ အသစ်တွေ သိပ်မတင်ဖြစ်ပါဘူးခင်ဗျာ။ ကျွန်တော်ရေးထားတဲ့ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ၀တ်ထုတိုတွေအားလုံးကို တင်မယ်စိတ်ကူးထားပါတယ်။ ဝေဖန်မှုကိုလည်း ပွင့်ပွင့်လင်းလင်း ကြိုဆိုနေပါတယ်ခင်ဗျား။

လေးစားခြင်းဖြင့်
လမင်းအို
(ကလေးမြို့)

Saturday, August 7, 2010

ရွက်ဝါတွေ ကြွေကာကျမှ

လေပြည်လို အနမ်းတစ်ချို့က
ကျွန်တော့် နှလုံးသားကို
ဖျတ်
တိုက်စားလိုက်တဲ့အခါမှာ
နေရောင်ခြည်ဟာ
မ ရဲ့ စွမ်းအင်တွေပါပဲ
အသက်ရှူမ၀တတ်သလို
မ ကို မွတ်သိပ်မိတာ
ဟောဒီလောကီကို စီးချင်းထိုး
ဂြိုဟ်တာရာဆိုးတွေဟာ ငိုရှိုက်လို့
အို...
အမှောင်တိုက်ထဲ ၀င်ချင်ဝင်သွားစမ်းပါစေ
မ ရယ်
ဟောဒီကောင်ဟာ ရွက်ဝါတွေကြွေကျမှ
မ ကို တမ်းတရမယ်ဆိုရင်တောင်မှ
ကျွန်တော့်မျက်ရည်တွေ ပုပ်သိုး
ကွယ်...
မ ကို
ကျွန်တော်
အဆိုးမဆိုရက်ပါဘူးဗျာ။ ။
လမင်းအို
25-3-2010

ရေပန်းငှက်

ဘယ်ရာသီကို နှစ်သက်ရမှန်းမသိခင် သင်္ကြန်ကရောက်လာတယ် ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ သူနဲ့မိတ်ဆက်ပေးတာ ငှက်မည်းလေးတစ်ကောင်ပေါ့
ကျွန်တော် သိပ်မကြိုက်တဲ့ ရွှေဝါရောာင်ပန်းတွေဇွတ်ဖန်တီးပြီး ကျွန်တော့်
အသဲနှလုံးထဲကို စိုးရိမ်ရေမှတ်တွေ ဖျန်းလို့ပက် ဒီရာသီက ရက်စက်တတ်တယ်လား
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ၊ ပန်းတစ်စည်းဟာ၊ ရေတစ်ချို့ဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ ကျွန်တော့်အိပ်ယာနံဘေးနား ၀ပ်တွားစင်းနေပါကော
အခါတိုင်းလို သင်္ကြန်က ရောက်လာတယ် သူနဲ့မိတ်ဆက်ပေးတာ
ကျွန်တော်သိပ်မကြိုက်တဲ့ စိုးရိမ်ရေမှတ်တွေ ဒီရာသီက ပန်းတစ်စည်းဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ အခါတိုင်းလို ဘယ်ရာသီကိုနှစ်သက်ရမှန်း မသိခင်
ငှက်မည်းလေးတစ်ကောင်ပေါ့ ရွှေဝါရောင်ပန်းတွေဇွတ်ဖန်တီးပြီး ရက်စက်တတ်တယ်လား
ရေတစ်ချို့ဟာ ကျွန်တော့်အိပ်ယာနံဘေးနား ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ ကျွန်တော့်အသဲနှလုံးထဲကို ဖျန်းလို့ပက်
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ ၀ပ်တွားစင်းနေပါကော။ ။
လမင်းအို
31-1-2010

Monday, August 2, 2010

ညီမလေးကို ချစ်တယ်

ခက်တယ် ညီမလေး
မင်းကိုယ်တိုင်ပန်မယ့် ပန်းတစ်ပွင့်
ဘာကြောင့် အစ်ကို့ကို လာထုဆစ်ခိုင်းနေရတာလဲ
အစ်ကိုကိုယ်တိုင်က နတ်ခတ်တွေ
မမှန်ရတဲ့ကြား
ကျန်းမာရေး ကောင်း/မကောင်း
လက်ခဏာ မမေးချင်တော့ပါဘူး
ညီမလေး ပျော်မယ်ဆို လာနေပေါ့
ဒါပေမယ့်
လမ်းညွှန်ဆိုင်းဘုတ်တွေကို သေချာဖတ်ခဲ့ပါကွယ်
ပျော်ရွှင်ပါစေ ညီမလေးရေ
နောက်တစ်ခါညီမလေး ပွင့်ဦးမယ်ဆိုရင်
ဝတ်မှုန်ကူးမခံရအောင်တော့ ဂရုစိုက်ပေါ့
တစ်ခုတော့ ပြောချင်တယ်
ဘူတာကြီးနား နောက်ထပ် မသွားချင်ပါနဲ့လားကွယ်
သေချင်စော်နံချင်လောက်တဲ့ အချစ်ရနံ့တွေကြား
ညီမလေး လူးလားခတ်ပျံချင်နေသလားကွာ
ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ့်ကို ကောင်းကျိုးပေးတယ်တဲ့
အစ်ကို ရင်မောမိတယ်ကွယ်
ညီမရဲ့ အပြုံးလှလှတွေ မြင်ရတိုင်း
အစ်ကို့လက်ထဲက တစ်ထောင်တန်ကို (အတုများလားဆိုပြီး)
မလုံမလဲနဲ့ ထောင်ကြည့်မိတယ်
ခေါင်းတွေလည်း မူးလိုက်တာ အစ်ကို ချိုချဉ်ကျွေး ဆိုပြီး
မဖြစ်စလောက်လေးတွေ ဂျီကျတာ
အစ်ကို ရင်တုန်တယ်ကွာ
ညီမလေးရယ်
နောက်ဆုံးတော့လည်း
မင်းကို
အစ်ကို သိပ်ချစ် တာ ပဲ ကွယ်။ ။
လမင်းအို
၂၉-၁၀-၀၈

faces(မုခ)magazine၊ ဖေဖော်ဝါရီ၊ ၂၀၀၉
မှတ်ချက်။ ။ ( )အတွင်းမှစာသားများ ဆင်ဆာပြုတ်သည်။

ကျွန်တော့်ညီမလေးကတော့ ဒီကဗျာကို (တအား)ကြိုက်တယ်တဲ့။ ခင်ဗျားတို့ကကော..........။