အဲဒီမနက်က ချင်းတွင်းနဲ့ ပတ်သက်သော အကြောင်းအရာတစ်ချို့ကို ရေးခြစ်မှတ်သားနေခဲ့တယ်။ စာရေး ကောင်းနေတုန်း ဖိုးတွယ်ရေ…ဆိုတဲ့အသံကြားလို့ လှမ်းကြည့်လိုက်တော့ အစ်ကိုကြီး ချင်းတွင်းကိုကို။ နေသာပညာဒါန သင်တန်းက ကျောင်းသားလေးတွေ ပလတ်စတစ်အမှိုက်ကောက်ကြမယ်တဲ့။ ပြင်သာသွားတဲ့ လမ်းပေါ်မှာ လို့ မက်ဆေ့ခ်ျ ပေးလာတယ်။ ဟုတ်လား၊ ဒါဆို ကိုချင်းတွင်းကြီး သွားနှင့်၊ ကျွန်တော် အ၀တ်အစားလဲပြီး လိုက်လာခဲ့မယ် ဆိုပြီး အ၀တ်စားလဲ၊ လက်စွဲတော် စက်ဘီးနွမ်းကို ထုတ်လိုက်တော့ ဖိုးတွယ်ရဲ့ အမေက ဟဲ့- အမှိုက်ကောက်သွားမှာဆို အိမ်က အမှိုက်ထုပ်ပါ ယူသွားပါလား-တဲ့။
+++++++++
နေသာကျောင်းတိုက်ရောက်တော့ ကလေးတစ်ချို့က စက်ဘီးတွေနဲ့ သွားနှင့်ကြပြီ။ ဆရာတော် ဦးဓမ္မိက ကို တပည့်တော်ရောက်ပါပြီ ဘုရား လို့ လျှောက်လိုက်တယ်။ ဆရာတော်က သူ့တပည့်တစ်ယောက်နဲ့ လိုက်ခဲ့ပေါ့လို့ မှာပြီး ကားပေါ် တက်သွားတယ်။ ဦးဆောင်ဆရာတော်ပီသစွာ ကလေးတွေနဲ့ အပြိုင် တက်တက်ကြွကြွ၊ အချိန်ကတော့ မေလ(၇)ရက်နေ့ရဲ့ မနက်ခင်း(၇)နာရီဝန်းကျင်။
+++++++++
ကလေးမြို့ကို စတည်တုန်းကတော့ အင်ကြင်းဖူးပုံသဏ္ဍာန်လို့ ဖိုးတွယ်မှတ်သားဖူးတယ်။ ခုတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းမကြီးလေးခုပေါ်မှာ ရပ်ကွက်တွေ၊ အိမ်ခြေတွေက အပြိုင်အဆိုင်။ ခု ပလတ်စတစ်ကောက်ကြမယ့် နေရာက ကလေးမြို့ရဲ့ အရှေ့ဘက်၊ တနည်းအားဖြင့် မြို့ခေါင်းရင်းဘက်မှာရှိတဲ့ ပြင်သာရွာနဲ့ တောင်ဦရွာကို သွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ အမှိုက်ပုံဆီ။ ပြင်သာ-တောင်ဦရွာတွေပြီးရင် မြစ်သာမြစ်ကြီးက ခပ်မိန့်မိန့် စီးဆင်းနေလေရဲ့။ မြို့ နယ်နိမိတ်ထွက်လိုက်ရင်ပဲ ဒုတိယ ကမ္ဘာစစ်လက်ကျန် သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးတွေကို အုပ်ဆိုင်းဆိုင်း မြင်ရတယ်။ အဲဒီအောက်မှာ နေသာကျောင်းသားလေးတွေက အဖွေးသား။ သူငယ်ချင်းချင်း ခင်ရာမင်ရာစုပြီး ကားလမ်းဝဲယာမှာရှိတဲ့ ပလတ်စတစ်အမှိုက်တွေကို ကောက်သိမ်းနေကြတယ်။ သန့်ရှင်းရောဂါကင်းဖို့အတွက် အတန်းထိန်းတွေက တစ်ခါသုံးလက်အိတ်တွေ ဝေငှပေးနေလေရဲ့။ ဦးဆောင်ဆရာတော်ကလည်း ဗွီဒီယိုကင်မရာနဲ့ ရိုက်လိုက်၊ ဖုန်းကင်မရာနဲ့ရိုက်လိုက်နဲ့ မှတ်တမ်းတင်နေလေတယ်။ ဖိုးတွယ်လည်း အနားကပ်သွားပြီး သိလိုတာတွေ မေးရတယ်။ ဆရာတော်ရဲ့ အဖြေတွေက မှတ်သားစရာပါပဲ။
++++++++++
မိတ်ဆွေတွေအကြောင်းပြောရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ မိတ်ဆွေဆိုရာမှာ လူကသာမိတ်ဆွေ မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကလည်း မိတ်ဆွေပဲ။ ဘာကြောင့်မိတ်ဆွေလို့ ပြောရသလဲဆိုရင် လူကို အသက်တိုစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူတယ်။ အသက်ရှည်စေတဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ ဒါကြောင့် မိတ်ဆွေ၊ အဲဒီမိတ်ဆွေကို သတ်ပစ်မလား၊ ပြုစုစောင့်ရှောက်မလား။ ရှင်သန်ကြီးထွားအောင် စောင့်ရှောက်မလား၊ ဥပေက္ခာ ပြုထားမလား။ အားလုံး စောင့်ရှောက်ဖို့ လိုပါတယ်။ ရှင်သန်ကြီးထွားဖို့အတွက် အနှောက်အယှက်ပေးတဲ့ ပလတ်စတစ်အကြောင်း ပါလာတယ်။ ပလတ်စတစ်နဲ့ သံနဲ့ အတူရှိရာမှာ သံကတော့ ဆွေးတယ်။ ပလတ်စတစ်က မဆွေးနိုင်ဘူး။ နောက် အပင်ကြီးတွေရဲ့ အမြစ်ကလည်း ပလတ်စတစ်ကို မထိုးဖောက်နိုင်ဘူး။ ပလတ်စတစ်နဲ့ တွေ့တဲ့ အမြစ်က တုံးခုသွားတယ်။ အပင်ရှင်သန်ကြီးထွားရေးအတွက် မြေသြဇာဓာတ်နဲ့ ရေဓာတ်စုပ်ပေးတဲ့ အမြစ်တွေရဲ့ ရှင်သန်ကြီးထွားမှုမရှိရင် အပင်လည်း မကြီးထွားနိုင်ဘူး။ လူမိတ်ဆွေဖြစ်တဲ့ အပင်ထိန်းသိမ်းဖို့ဆိုရင် သူ့ရှင်သန်ကြီးထွားမှုကိုလည်း ကူညီစောင့်ရှောက်ရမယ်။ အဲလိုဆို သူ့အနှောက်အယှက်ပေးတဲ့ ပလတ်စတစ်တွေကို ရှင်းဖို့လိုသလား၊ မလိုဘူးလား။ လိုအပ်တယ်နော်။ ဒီလိုဆို မင်းတို့ငါတို့ မြို့ခေါင်းရင်းက ပလတ်စတစ်တောကြီး၊ ပလတ်စတစ်ပုံကြီး၊ ပလတ်စတစ်အခင်းကြီးကို ဒီတိုင်း ပစ်ထားကြမှာလား။ အဲဒီ ပလတ်စတစ်ပုံရဲ့ ဘေးမှာဆိုရင် လယ်ကွင်းပြင်တွေနဲ့ စိုက်ခင်းတွေရှိတယ်။ ပလတ်စတစ်တွေက လေတိုက်ရင်လွင့်နေတာ။ ဒီတိုင်း ထားကြမှာလား။ သူများတွေလုပ်တာပဲကွာ၊ ငါတို့လုပ်တာမဟုတ်ပါဘူး ဆိုပြီး ဥပေက္ခာပြုထားရင် မသင့်တော်ပါဘူး။ တာဝန်ရှိပါတယ် ဆိုပြီး ၀ိုင်းလုပ်ဖြစ်တာပါ လို့ မိန့်ကြားခဲ့ပါတယ်။
+++++++++++
ဖောက်ပြန်လာခဲ့တဲ့ ရာသီဥတုအခြေအနေတွေကို အကာအကွယ်ပေးနေတဲ့ ကုက္ကိုလ်ပင်ကြီးတွေရဲ့ ရှင်သန်မှုကို အနှောက်အယှက်ပေးနိုင်တဲ့ ပလတ်စတစ်တွေကို ရှင်းလင်းဖယ်ရှားပစ်ခြင်းဟာ လုပ်သင့်လုပ်ထိုက်ခြင်းပါပဲ။ ပလတ်စတစ်ပစ်ခြင်းဟာ လွယ်ကူပြီး လူတိုင်းလုပ်နိုင်ပေမယ့် သစ်ပင်တစ်ပင်ပြန်စိုက်ဖို့ကိုတော့ ခဲယဉ်းနေကြပါသေးတယ်။ ပလတ်စတစ်သုံးစွဲခြင်းကို မထိန်းချုပ်နိုင်သေးရင် စွန့်ပစ်ခြင်းကိုတော့ ကန့်သတ်ထားသင့်ပါတယ်။ သစ်ပင်စိုက်တဲ့အဖွဲ့တွေက စိုက်နေပြီး အခြားသူတွေက အမှတ်တမဲ့နဲ့ပဲ သစ်ပင်တွေကို ဖျက်ဆီးနေကြရင်တော့ ဘာမှ အရာထင်မှာ မဟုတ်ပါဘူး။
++++++++++++
ခု ပလစ်စတစ်အမှိုက်ကောက်ကြတဲ့ ကလေးတွေဟာ ဒီနှစ်မှ ဆယ်တန်းတက်ကြရမယ့် ကလေးတွေပါ။ မြို့က စွန့်ပစ်ကြတဲ့ အမှိုက်တွေကို တပျော်တပါးပဲ ရှင်းလင်းဖယ်ရှားနေကြတာ ကြည်နူးစရာမြင်ကွင်းပါ။ အမှိုက်ကောက်တာ ရှက်စရာမဟုတ်ဘူးဆိုတာကို လက်တွေ့ပြသနေကြသလိုပါပဲ။ ကလေးငယ် စုစုပေါင်း(၁၅၀) ဦးလို့ သိရတယ်။ (၂) ဦးက မလာနိုင်လို့တဲ့။ သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်း ကာကွယ်ကြခြင်းပါပဲ။ အကျိုးသက်ရောက်မှု ဘာတွေများရှိသလဲလို့ မေးလာခဲ့ရင် လက်တွေ့မှာတော့ ကုက္ကိုလ်ပင်ကြီးတွေအတွက် စိတ်အေးသွားရပါတယ်။ အမြင်ရှင်းသွားတယ်။ မြို့ လှပသွားတယ်။ ကုက္ကိုလ်ပင်တန်းကြီးရဲ့ တန်ဖိုးက မတိုင်းဆနိုင်အောင်ရှိပါတယ်။ ကျောင်းသားကျောင်းသူလေးတွေ စေတနာအကျိုးပေးကြပါစေ၊ စာမေးပွဲများ အောင်မြင်ကြပါစေလို့ ဖိုးတွယ် ဆုတောင်းပေးပါရဲ့။ အမှိုက်တွေကို မြို့နယ်စည်ပင်ရဲ့ အကူအညီနဲ့ လွတ်ကင်းရာနေရာမှာ သွားပစ်ကြပါတယ်။
+++++++++++
အမှိုက်ကောက်ပွဲကအပြင် ဦးဆောင်ဆရာတော် လက်ဆောင်ပါးတဲ့ စကားတစ်ခွန်းက နားထဲ စွဲကျန်နေခဲ့တယ်။ ကလေးတွေက မမိုက်ပါဘူး။ လိမ္မာအောင် သွန်သင်ပေးမယ့်သူ ရှိဖို့ပဲ လိုတာပါ တဲ့။ ဆရာတော်ရဲ့ ဆန္ဒ ပြည့်ဝခဲ့ပါတယ်။ ဒီလို ကလေးတွေက အမှိုက်ကောက်ပြလိုက်တော့ အခြားစိတ်ဝင်စားသူတစ်ချို့ကပါ ဒိပြင်နေရာက အမှိုက်တွေ၊ ပလတ်စတစ်တွေ ကောက်ကြဦးမယ်လို့ ကြားသိရတော့ အတိုင်းထက်အလွန်ပါပဲဗျာလို့ ၀မ်းသာအားရပြောလိုက်ရင်း ဒီတစ်ပတ် နားပါမယ်။ ကြည်နူးကြပါစေ။ ။
တွယ်တွယ်ထွဏ်း (ကလေးမြို့ )
14/5/2012