Friday, November 26, 2010

ကလေး-တောင်ညိုစကား(စနေနံနှစ်လုံး၊ အင်္ဂါနဲ့ သူ့နာမည်တပ်လွှတ်တဲ့ကိစ္စ)

အိနိယနယ်စပ် တမူးမြို့၊ ချင်းပြည်နယ် စတဲ့ ဒေသများဆီကို
ကုန်စည်တွေလွယ်လင့်တကူ စီးဆင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့
တံခါးပေါက်မြို့တစ်ခုဖြစ်တဲ့ ဖိုးတွယ်နေထိုင်တဲ့မြို့မှာ
စာဖတ်သူတွေအတွက်ဖတ်စရာ ဂျာနယ်၊ မဂဇင်းတွေရောက်ရှိဖို့ဆိုတာ အပေါ်လမ်းနဲ့
အောက်လမ်း (၂)လမ်းပဲရှိပါတယ်။ အပေါ်လမ်းဆိုတာက
လေယာဉ်ခရီးစဉ်နဲ့ရောက်လာတာဖြစ်ပြီး အောက်လမ်းဆိုတာကတော့ မော်တော်ကား၊
မီးရထား၊ သင်္ဘော စတာတွေနဲ့ ရောက်လာတာပါ။ ဖိုးတွယ်က မနလေးထုတ်
ဂျာနယ်တစ်စောင်မှာ အပတ်စဉ်ဝင်ရေးနေတာဆိုတော့ မေတာလက်ဆောင်ပေးတဲ့
ဂျာနယ်တွေကို မနလေး-ကလေး ကုန်စည်နဲ့ခရီးသည်တွေ သယ်ဆောင်ပြေးဆွဲနေတဲ့
ကားဂိတ်တစ်ခုနဲ့ ချိတ်ဆက်ပြီး တစ်ပတ်တစ်ခါ ဂျာနယ်ပါဆယ်ထုပ်ကို
အယ်ဒီတာအဖွဲ့က ပို့ပေးပါတယ်။ မနလေးက ပို့လိုက်တဲ့ ဂျာနယ်ပါဆယ်ထုပ်ကို
တစ်ညစောင့်ပြီး နောက်တစ်နေ့ကျမှ ကလေးမြို့ကားဂိတ်မှာ သွားယူရပါတယ်။
ဖိုးတွယ်မှာရှိတဲ့ အနီမှာ အဖြူစပ်ထားတဲ့ ဟီးရိုးစက်ဘီးအဟောင်းလေးနဲကပေါ့။
ပုံမှန်အားဖြင့်တော့ နေ့ခင်းတစ်နာရီလောက်မှာ ကားဝင်လာတာဖြစ်ပေမယ့်
တစ်ခါတစ်ရံ လမ်းချို့ယွင်းမှုတွေဘာတွေဖြစ်ရင်တော့ ညနေ လေးနာရီလောက်မှသည်
မိုးချုပ်ပိုင်းလောက်မှ ကားဝင်လာတတ်ပါတယ်။ ဒါက ကုန်စည်ပစည်းများ
ကလေးမြို့ကို ဆိုက်ရောက်ရာ အချိန်ပါ။ သင်္ဘောလိုင်းနဲ့ဆိုရင်တော့
ကလေးဝဆိပ်ကမ်းမှာ ညနေပိုင်းလောက်ရောက်တတ်တော့ ပုံမှန်
မိုးချုပ်လောက်ဝင်တာပေါ့။ ဆိုတော့ကာ ဂျာနယ်တွေရောက်လာမယ့်ရက်ဆို
နေ့ခင်းလောက်ကတည်းက အိမ်ကနေစက်ဘီးနဲ့ ထွက်လာခဲ့ပြီး ကားဝင်းနားက
လက်ဘက်ရည်ဆိုင်မှာ ကျောက်ချရပ်နားလို့ ကားအ၀င်စောင့်ရပါတယ်။
ကားတွေဝင်လာပြီဆို ဂိတ်တာဝန်ခံဆီသွားပြီး ဂျာနယ်ထုပ် ပါ၊ မပါ မေးရ၊
ပါလာခဲ့တယ်ဆိုရင်တော့ မနလေးက တန်ဆာခရှင်းပေးလိုက်တော့
အရန်သင့်ပါဆယ်ထုပ်ကို ယူသွားရုံပါပဲ။အားလုံး အဆင်သင့်၊ အဆင်ပြေပဲပေါ့။
ဒါပေမယ့် လူ့သဘာဝအတိုင်း အဖုအထစ်လေးတစ်ခုကို တွေ့လာရပါတယ်။ ဘာလဲဆိုတော့
(တောင်ညိုစကားရဲ့မူအတိုင်း ရှင်းရှင်းပြောရမယ်ဆိုရင်) မနလေးက
တန်ဆာခရှင်းပေးပြီးသားကို ကလေးမြို့ကားဂိတ်မှာ
တန်ဆာခထပ်တောင်းလိုက်ခြင်းပါပဲ။ ပထမတစ်ကြိမ်တောင်းတော့ " တန်ဆာခ
ရှင်းပြီးသားမှတ်လို့ ပိုက်ဆံပါမလာခဲ့ဘူးဗျာ" လို့ဆိုတော့ ဖောင်းကိုင်တဲ့
အစ်ကိုကြီးက " ရပါတယ်၊ နောက်မှပေး" ဆိုလို့ ဂျာနယ်ထုပ်ကိုယူခဲ့ရပါတယ်။
အယ်ဒီတာအဖွဲ့ကို ဖုန်းဆက်မေးကြည့်မှ တန်ဆာခရှင်းပေးပြီးသားမှန်း သိရတော့
ကလေးကားဂိတ်ကို ဖုန်းဆက်ပြီး တန်ဆာခကို (မန်းရှင်း) မှန်းပြောလိုက်တယ်။
ဒါက ဒီမှာ ပြီးသွားပြီလို့ပြောလို့ရပေမယ့် နောက်တစ်ခေါက်က ပိုဆိုပါတယ်။
ဖိုးတွယ်က စာမေးပွဲကိစနဲ့ မအားတာမို့
ဂျာနယ်ထုပ်ကိုသူငယ်ချင်းတစ်ယောက်နဲ့ယူခိုင်းလိုက်တယ်။ " တန်ဆာခက
သုံးထောင့်ငါးရာ" ဆိုတော့ မယူခဲ့ရဘူးတဲ့။ ဖိုးတွယ်က
တန်ဆာခရှင်းပေးပြီးသားလို့ ပြောလိုက်တာကိုး။ ဒါနဲ့ အယ်ဒီတာအဖွဲ့ဆီ
ဖုန်းဆက်ရပြန်ရော။ နှစ်ခါတောင်ရှိပြီ။ ဒီအယ်ဒီတာအဖွဲ့ဘယ်လိုလုပ်တာလဲဟ
ဆိုပြီး စိတ်ထဲ စနိုးစနောင့်ဖြစ်နေမိတယ်။ " တန်ဆာခ မန်းရှင်းပြီးသားပါ။
နှစ်ထောင့်ငါးရာ ပေးရတယ်" ဆိုတော့ " ဟိုက် လုပ်ချလိုက်ပြန်ပြီ"
ဖြစ်သွားရတယ်။ ဒီလိုနဲ့ အယ်ဒီတာအဖွဲ့ကလည်း မန်းဂိတ်မှာ
သွားပြောဖိုးတွယ်ကလည်း (အဲ ဟုတ်ဖူး) ဖိုးတွယ်ကတော်က သွားပြောရတယ်။
နောက်ဆုံးဂျာနယ်ရလာခဲ့ပြီဆိုတော့ အထုပ်က ဖောက်ထားတာကိုတွေ့လိုက်ရပြန်ရော။
ဖိုးတွယ်လည်း စိတ်မကောင်းခြင်းများစွာနဲ့ ချက်ချင်း အယ်ဒီတာအဖွဲ့ဆီ
ဖုန်းနံပါတ်နှိပ်လိုက်ပြီး အကျိုးအကြောင်းပြော၊ အရေအတွက်ကိုက်၊ မကိုက်
မေးကြည့်ပြီး ဘာမှ အပျောက်အရှမရှိဘူးဆိုမှ စိတ်အေးရပါတော့တယ်။ ဒါကတော့
ကလေး-မနလေးကို နေ့စဉ် အချိန်မှန်မှန် ပြေးဆွဲပေးနေတဲ့ စနေနံနှစ်လုံးနဲ့
ကားလိုင်းတစ်ခုနဲ့ ဖိုးတွယ် ကြုံရဆုံရတဲ့ အကြောင်းပါ။

××××××××××=========×××××××××××××
ဒီ နိုဝင်ဘာလထဲမှာ ဖိုးတွယ် သိနေ၊ မြင်နေရတာကတော့ ကြာပါပြီ။ ရေးသင့်
မရေးသင့် စဉ်းစားနေလို့ပါ။ုနိုင်ငံတော် အစိုးရက ဆီဆိုင်တွေကို ပုဂလိက
ချပေးပြီးတဲ့နောက် ဖိုးတွယ်တို့ဆီမှာ လိုင်စင်ပါဆိုင်ကယ်၊ သုံးဘီး၊
ကားတွေ ဆီထုတ်ဖို့ နေရာ နှစ်နေရာရှိပါတယ်။ ကလေးမြို့ထဲက ဆိုင်နဲ့
ကိုးမိုင်ဘက်က ဆိုင်ပါပဲ။ ကိုးမိုင်ဘက်မှာတော့ ဆီထုတ်သူ သိပ်မများဘူးလို့
သိရပေမယ့်(ဝေးလို့ပါ) မြို့ထဲမှာတော့ ဆိုင်ကယ်သမားတွေ (တစ်မိုင်)
နီးနီးခန့်ကို နေပူပူ မိုးရွာရွာ ရထားတဲ့နေရာလေး ပျောက်မသွားဖို့
ရပ်မှာပဲ ဆိုတဲ့စိတ်နဲ့ တန်းစီနေတာကို ဖိုးတွယ်
ဖြတ်သွားဖြတ်လာလုပ်တိုင်း မြင်နေရပါတယ်။ ဘာလို့များ ဒီလောက်ထိ ဆင်းရဲ
ဒုကခံနေရတာလဲ မေးကြည့်တော့ သူတို့ရဲ့ တစ်နေ့တာဝင်ငွေက လေးထောင်ကနေ
ခြောက်ထောင်လောက်ရှိတယ်ဆိုတော့ " ဟိုက်ရှားပါး" လို့အော်မိပါတယ်။ ဒီ
ဆီဆိုင်တွေက ချပေးတဲ့ ဈေးနဲ့ အပြင်လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက
ဈေးနဲ့ တစ်ထောင်ဝန်းကျင်လောက်ကွာတယ်လို့လည်း သိရပါတယ်။
အပြင်လမ်းဘေးဆိုင်တွေက ပိုများတာ ပေါ့လေ။ ခုဆို ဆီတစ်စိပ်ကို (၁၂၀၀)
တောင်ဖြစ်သွားပြီဆိုတော့ တန်းစီနေတဲ့ ဆိုင်ကယ်တွေကို
မျက်စိထဲမြင်ယောင်မိလာပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ သုံးဘီးသမားတွေပါ
ဆိုင်ကယ်တွေနဲ့ အပြိုင် တန်းစီယှဉ်ပြိုင်နေတာကို တွေ့ရပြီး
မြို့ရဲ့နှစ်လမ်းသွားလမ်းမကြီးဟာ တစ်လမ်းသွားလောက်ပဲ ကျန်တော့တာမို့
ခရီးသွားယာဉ်တွေ၊ လူတွေအတွက် ထိမှုခိုက်မှု
အနရာယ်တွေဖြစ်လာနိုင်ကြောင်းပါခင်ဗျာ။
××××××××××=========×××××××××××××
ဖိုးတွယ်တို့မြို့မှာ ကဗျာဆရာတွေက လက်ဖက်ရည်ဆိုင်ဖွင့်ခြင်းကိစရပ်က
အတော်ခေတ်စားပါတယ်။ အခုလက်ရှိ နောက်ဆုံးဖွင့်ထားသူက
ကဗျာဆရာမောင်ကံချို(ကလေး)ရဲ့ တူ လင်းဖွဲ့အိမ်က " လင်းဖွဲ့အိမ်" ဆိုပြီး
ပင်လုံလမ်းမတော်ထဲမှာ အောင်မူးဂယ်လာရီနဲ့အပြိုင် ဖွင့်လှစ်ထားပါတယ်။
ဖိုးတွယ်ပြောချင်တာက မြို့မှာ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့
ကဗျာဆရာရဲ့ အကြောင်းပါပဲ။ စာပေလောကကြီးမှာ နယ်ကပို့လိုက်တဲ့ စာမူတွေကို
မသုံးဘဲ ကိုယ့်နာမည်ခပ်တည်တည်တပ်ပြီး တခြားမဂဇင်းတွေပို့တဲ့ အယ်ဒီတာတို့၊
ဟိုနည်းနည်း ဒီနည်းနည်းယူပြီး ကိုယ့်စာဖြစ်အောင်လုပ်တဲ့ အယ်ဒီတာတို့
စသဖြင့် ဖိုးတွယ်ကြားဖူးပါတယ်။ (ဖိုးတွယ်ကတော့ ဒီလိုမကြုံဖူးတာ
ကံကောင်းခြင်းပဲပေါ့) ခု ကဗျာဆရာကတော့ ဒေသခံဝါသနာရှင်တွေရဲ့
ကဗျာအချို့ကို ပို့ပေးမယ်ပြောလို့ တောင်း၊နောက် သူ့နာမည်တပ်လွှတ်လိုက်တဲ့
ကိစပါပဲ။ ဒါကို ဖိုးတွယ်နဲ့ ရင်းနှီးသူတွေက ရင်ဖွင့်သလိုလို
ပြောလာကြပါတယ်။ ခုတော့ အဲဒီကဗျာဆရာလည်း ရန်ကုန်ဘက်က ဂျာနယ်တစ်စောင်မှာ
ဝင်လုပ်နေတယ်ကြားရပါတယ်။ သူ့ကဗျာတွေကိုတော့ မဂဇင်းတွေထက်မှာ
နည်းပါးစွာတွေ့မြင်ရပြီး သူလုပ်တဲ့ဂျာနယ်ထက်မှာပဲ သူ့လက်ရာစုံကို
တွေ့မြင်ရကြောင်း ဒီတစ်ပတ် ကလေး-တောင်ညိုစကားကနေ ဆိုလိုက်ရပါတယ်။
ကိုယ့်ကဗျာကို ကိုယ့်နာမည်တပ်နိုင်ကြပါစေ။ ။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
trphee.91@gmail.com သို့ဆက်သွယ်ဝေဖန်နိုင်ပါသည်။

ကလေး-တောင်ညိုစကား(ကယ်ရီသမား၊ ဟစ်တလာနဲ့ ရှင်းလင်းတင်ပြခြင်းကိစ္စ

ဖိုးတွယ်တို့ မြို့မှာ ကားဝန်း (၂)၀န်းရှိပါတယ်။ ဘူတာဘက်က ကားကြီးဝင်း၊ ပင်လုံလမ်းမတော်ထဲက ကားလေးဝန်း။ ကားတွေက ကလေးမြို့ကနေ ချင်းတောင်၊ တမူး၊ ကလေးဝ၊ မန္တလေးစတဲ့မြို့များဆီ ရောက်ပါတယ်။ ချင်းတောင်သွားကားတွေကိုတော့ တာဟန်းဈေးမှာ စုံစမ်းနိုင်ပါတယ်။ ခေတ်နဲ့လျော်ညီစွာပဲ မြင်းလှည်း၊ ဆိုက်ကားတို့မှသည် ဆိုင်ကယ်၊ သုံးဘီး စတဲ့ ခရီးသည်များ လိုရာရောက်စေဖို့ ပို့ဆောင်ပေးတဲ့အရာတွေက ကားဂိတ်တွေမှာ အများပါပဲ။ ဒီအထဲမှာ ခရီးသွားတွေအများဆုံးသုံးတာက ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေပဲ ဖြစ်ပါတယ်။ ကားတစ်စီးဝင်ရောက်လာပြီဆို ကယ်ရီသမားတွေ အလုအယက်။ " သုံးဘီး၊ သုံးဘီး၊ ဆိုင်ကယ်၊ ဆိုက်ကား ရှိတယ်" စသဖြင့် အသံမျိုးစုံဟာ ဆူညံနေတာပါပဲ။ ခရီးသည် ရသူရှိသလို၊ မရသူလည်း အများကြီးပါပဲ။ ဖိုးတွယ် မိတ်ဆွေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ်မကြီးက နင်တို့ စာရေးဆရာတွေအတွက် ဒါကလည်း ကုန်ကြမ်းတစ်ခုပဲ၊ ဒီမှာ ကားရောက်တဲ့အချိန်လာထိုင်ကြည့်၊ နှစ်ရက် မကြာဘူး။ ၀တ္ထုတစ်ပုဒ်ဖြစ်စေရမယ်တဲ့။ ပင်လုံလမ်းမတော်ထိပ်က လက်ဖက်ရည်ဆိုင်တွေမှာ အဲဒီ သုံးဘီးနဲ့ ဆိုက်ကယ် ကယ်ရီသမားတွေ တန်းစီနေတာ တွေ့နိုင်ပါတယ်။ ကားဝင်လာချိန်ဆို ကယ်ရီသမားတွေနဲ့ လမ်းက ပြည့်နေတာပါပဲ။ တစ်ခုပြောချင်တာက ဆိုင်ကယ်ကယ်ရီများ၊ သုံးဘီးယာဉ်များ ပေါများလာခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်သော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ကယ်ရီသမားတွေကို တွေ့မြင်နေရတော့ စိတ်မချမ်းမြေ့ရပါကြောင်းဗျာ။
××××××××××=========×××××××××××××
ကလေးစာပေရပ်ဝန်းမှာ ဆရာကြီး ဦးသုခကို အားကျသူ တစ်ယောက်ရှိပါတယ်။ နောက် ရွှေလုပ်ငန်းလုပ်နေသူ တစ်ဦးလည်း ရှိပါတယ်။ ဦးသုခကို အားကျသူကိုတော့ "ဂီတစာဆို" လို့မှတ်ထားနိုင်ပြီး ရွှေလုပ်ငန်းလုပ်နေသူကိုတော့ "ဖိုးရွှေ" လို့မှတ်ထားလိုက်မယ်။ အဲဒီ ဂီတစာဆိုနဲ့ ဖိုးရွှေနဲ့က မတည့်ကြဘူးဗျ။ လူဆိုတာ အသွင်တူချင်းပေါင်းကြတယ်ဆိုပေမယ့် သူတို့နှစ်ဦးကတော့ သုံးနဲ့ လေးလိုပဲခင်ဗျ။ ဖိုးရွှေက တစ်ခါတစ်ခါမှာ အရက်တွေသောက်ပြီး လက်ဖက်ရည်ဆိုင်ကိုရောက်လာတတ်တယ်။ နောက် အန်တာတွေ ဘာတွေ ဖြစ်လာတယ်။ ဒါက ခဏခဏ ဖြစ်တတ်တော့ သူ့ကို သိပ်မကြည်ဖြူကြဘူးပေါ့ဗျာ။ (အဲ ဖိုးတွယ်နဲ့ကတော့ အပေါက်အလမ်းတည့်ပါတယ်)။ ဆိုတော့ မကြည်ဖြူသူထဲမှာ ဂီတစာဆိုလည်း ပါတော့ တစ်ညနေသူ့စကားကိုပြန်ဖောက်သည်ချပြရရင်.." ကိုယ်က ဟစ်တလာကို အားကျတယ်။ သူက ဂျာမန်စစ်သားဆိုပေမယ့် လမ်းဘေးပန်းချီဆရာ၊ အနုပညာရှင်တစ်ယောက်တစ်ယောက်လည်း ဖြစ်တယ်ကွ၊ သူ ဂျူးတွေကို သတ်ခဲ့တာ နိုင်ငံရေးအရဆိုတာ နားလည်တယ်။ သူကို အပြစ်မမြင်မိဘူးကွာ " ဆိုတော့ ဘေးက ကဗျာဆရာတစ်ယောက်က " ဂျူးလူမျိုးတွေကို သတ်ခဲ့တဲ့ ဟစ်တလာကို တစ်ကမ္ဘာလုံးက မုန်းတီးပေမယ့် မင်းကမမုန်းဘူးဆိုတော့ မင်းရဲ့ သဘောထားကြီးမြင့်မှုကို ဂုဏ်ယူလေးစားပါတယ်။ ဒါဆို တစ်ခုပြောမယ်၊ မင်း ဟစ်တလာကို နားလည်ပေးနိုင်သလို ဖိုးရွှေကိုလည်း နားလည်ပေးနိုင်ရင် ကောင်းမယ်ကွာ။ သူက တစ်ခါတစ်ခါ မုန်းချင်စရာကောင်းပေမယ့် တစ်ခါတစ်ခါမှာလည်း ချစ်စရာတွေရှိပါသေးတယ်ကွ။ နောက် သူလည်း ကဗျာရေးတဲ့သူပဲ" ဆိုတော့ ဂီတစာဆို အသံတိတ်သွားပါတယ်။ အဲဒီလိုပဲ ဂီတစာဆိုကိုလည်း ဖိုးတွယ်က တစ်ခုပြောပြလိုက်ပါတယ်။ မင်းလို လူစားအများကြီးဟေ့.....လို့။
××××××××××=========×××××××××××××
ရှိုတ် အထူးထုတ်မှာပါခဲ့တဲ့ ဖိုးတွယ်ရဲ့ ကလေး-တောင်ညိုစကားနဲ့ပတ်သက်ပြီး သက်ဆိုက်ရာ ပညာရေးဝန်ဆောင်မှုက သူတို့ပညာရေးဝန်ဆောင်မှုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းပြောလာပါတယ်။ ဖိုးတွယ်ရဲ့ အပြစ်ပါ။ အဲဒီမှာ ဖိုးတွယ်ပြောချင်တာက မဂဇင်းမှာ ကဗျာမသုံးဘူးဆိုတဲ့ စကားဟာ အဲဒီ ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းထဲက ထွက်ခဲ့တာမဟုတ်ဘဲ သူတို့နဲ့ ပတ်သက်နေတဲ့ ပြင်ပ သူတစိမ်းဆီက ထွက်ခဲ့တာပါ။ ဒါကို ဖိုးတွယ်က ပညာရေးဝန်ဆောင်မှုအဖွဲ့နားလည်အောင်မရေးတတ်လို့ ဖြစ်သွားရခြင်းရယ်ပါ။ ဖိုးတွယ်ရဲ့ ဆန္ဒက နားလည်မှုတွေလွဲမှားနေကြတာကို ပြုပြင်ကြစေချင်လို့ပါပဲ။ ဒါကြောင့် ပညာရေးဝန်ဆောင်မှုရဲ့ မဂဇင်းမှာ ကဗျာရွေးခြင်း၊ မရွေးခြင်းက ပညာရေးဝန်ဆောင်မှုရဲ့ အာဘော်အတိုင်းသာဖြစ်ပြီး ကဗျာပေးပို့ရမည်က ကိုယ့်အလုပ်ဟု လူငယ်ကဗျာဆရာများကို ပြောကြားလိုပြီး ဖိုးတွယ်ရဲ့ အမှားကို ထောက်ပြပေးကာ မဂဇင်းရဲ့ သဘောထားများကို ရှင်းပြပေးတဲ့ ပညာရေးရပ်ဝန်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ဒီတစ်ပတ် ကလေး-တောင်ညိုစကားကို ရပ်နားလိုက်ရပါတယ်။ ဖိုးတွယ်တစ်ယောက် စာမေးပွဲကိစ္စနဲ့ မအားလို့ ဖတ်ရတာ အားမရဘူးဆိုရင်ခွင့်လွှတ်တော်မူကြပါခင်ဗျာ။ နောက်တစ်ပတ် ရှည်ရှည်ရေးပါ့မယ်။

တွယ်တွယ်ထွဏ်း(ကလေးမြို့)

trphee.91@gmail.com သို့ဆက်သွယ်ဝေဖန်နိုင်ပါသည်။

Monday, November 8, 2010

တောင်ညိုစကား (မိုး၊ ပန်းချီဆရာနဲ့ မော်ဒယ်ကိစ္စ

ဒီနှစ် ကလေး မိုးက သိပ်သည်းသလို မသည်းသလိုနဲ့ ရွာပြန်တော့လည်း
တခြိမ်းခြိမ်းဗျာ။ မိုးကာအကျီင်္မ၀တ်တတ်တဲ့ဖိုးတွယ်မှာတော့
ထီးစုတ်တစ်ချောင်းနဲ့ပဲ မြို့ရိုးကိုးပေါက် လျှောက်ကာလည်ရင်း
တောင်ညိုစကားအတွက် လိုအပ်တဲ့အကြောင်းအရာတွေကို ရှာဖွေရပါတယ်။
မန္တလေးဘက်မှာတွေတော့ မိုးက သိပ်ဆိုးတယ်လို့ကြားရတယ်ဗျ။ ကလေးဘက်မှာလည်း
မြစ်သာမြစ်ရေ နည်းနည်းတိုးလို့ တောင်ဦ-ပြင်သာ ဘက်က ရွာသူရွာသားတွေ
ဒုက္ခရောက်ကြသေးတယ်။ ဒါပေမယ့် မိုးက ဆက်မရွာလို့ မြစ်ရေပြန်လျော့သွာတော့
စိတ်ချမ်းသာရတာပေါ့ဗျာ။ မည်သို့ပင်ဖြစ်ပါစေ..ရာသီဥတု အေးချမ်းပါစေ။
တိုင်းပြည် သာယာပါစေ။ စားဝတ်နေရောတွေအဆင်ပြေပါစေ ဆိုတာ ဖိုးတွယ်ရဲ့
ရင်တွင်းအမှန်စကားပါပဲ။
××××××××××=========×××××××××××××
တစ်ညနေ မိတ်ဆွေပန်းချီဆရာတစ်ယောက်နဲ့ အလုပ်ကိစ္စတစ်ခုကအပြန်
ထိုင်နေကျ လက်ဘက်ရည်ဆိုင်ကို ၀င်လိုက်တယ်။ ၀င်းသူဇာအရောင်းဆိုင်နံဘေးက
ညပလက်ဖောင်းလက်ဖက်ရည်ဆိုင်လေးပါ။ လက်ဖက်ရည်ရယ်၊ ထပ်တရာ၊ ပလာတာ စတဲ့
မုန့်တွေရယ်၊ ထမင်းဆီဆမ်းရယ်ပါ တွဲရောင်းတဲ့ တနိုင်ဆိုင်လေးပေါ့။
ဆိုင်ရှင်နာမည်က ကိုဝေသင်း၊ ဒါကြောင့် ကဗျာဆန်ဆန်လေးပြောရရင်
ရနံ့သင်းကြိုင် ဝေသင်းဆိုင်ဆိုပြီး ပြောရတာပ။
ပန်းချီဆရာက သူထမင်းမစားရသေးဘူးဆိုပြီး ဆီဆမ်းတစ်ပွဲမှာတယ်။ ကိုယ်ကတော့
လက်ဘက်ရည်ပဲပေါ့။ ဆီဆမ်းနဲ့တွဲစားဖို့ ကြက်ဥကိုခရမ်းချဉ်သီးနဲ့
မွှေကြော်ဆိုရင် ဘယ်လောက်လဲ ဆိုတော့ ခြောက်ရာ တဲ့။ မိတ်ဆွေပန်းချီဆရာ
တင်းသွားတယ်။ ရိုးရိုးပဲ ကြော်ခဲ့ပါတဲ့။ ဖြစ်သွားရော။ ဒါက
တစ်ပွဲငါးရာပေါ့။
"ဖိုးတွယ်ပဲ စဉ်းစားကြည့် ၊ ဒီလောက် ဖောက်သည်ကို တစ်ရာလေး
လာကပ်နေသေးတယ်။ တခြားလူဆို ခြောက်ရာယူတယ်၊ ခင်ဗျားတို့မို့
ငါးရာနဲ့ပေးလိုက်တယ်ဆိုရင် ဘာဖြစ်သွားလဲ။ ကျွန်တော်က စားချင်၊
ရချင်လို့ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ ဖောက်သည်ထိန်းနည်း
မတတ်တာကိုပြောပြတာ၊ တခြားဆိုင်မှာဆို ဟင်းရည်ချပေးတယ်၊ ဒီမှာ မရဘူး။
အချဉ်ကိုလည်း ပန်းကန်သတ်သတ်နဲ့ သေချာသုပ်ပြီးချပေးတယ်။ ဒီမှာက ပုံပေးတယ်။
ဒါကိုတောင်မှ ကျွန်တော်တို့က ထိုင်နေကျဆိုင်ဆိုပြီ
တခြားမှာသွားမစားဘူးဗျာ-ကဲ"
ဟုတ်တော့လည်း ဟုတ်တယ်။ ကိုယ်တို့မြို့ရဲ့ ရွှေအမြုတေစာပေဆုရတဲ့
စာရေးဆရာအပါအ၀င် နာမည်ကြီး စာရေးဆရာတစ်ချို့
ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်း ဒီဆိုင်လေးကိုပဲ မြို့ရဲ့
လေထန်ကုန်းတစ်ခုလို သတ်မှတ်ထားခဲ့ကြတာ။ စီးပွားရေးက စီးပွားရေး၊
ဖောက်သည်မပျက်အောင် ပြောဆိုဆက်ဆံမှုကလည်း အများကြီးလိုသေးတယ်မို့လား။
ကိုယ်တို့လူမျိုးတွေဟာ နိုင်ငံစွဲ၊ ဒေသစွဲ၊ ဆိုင်စွဲ သိပ်ကြီးသလေ။
ပန်းချီဆရာက ဆက်ပြောသေးတယ်။
"ကျွန်တော်က သူတို့ဆိုင်မှာ ဆိုင်းဘုတ်မရှိလို့ သစ်သားစိုက်မယ်။
အလကားရေးပေးမယ်။ ခင်ဗျားတို့က အလူမီနီယံဘောင်ဖိုးလေးပဲစိုက်ဆိုတာကို
အင်တင်တင်လုပ်နေကြတယ်။ နောက်ဆုံး ဘောင်ဖိုးပါစိုက်ပြီး
လုပ်ပေးမယ်ဆိုတာကိုတောင် အင်းမလုပ် အဲမလုပ်ဗျာ။ သူတို့ဆီက
လက်ဘက်ရည်တစ်ခွက် အလကားမသောက်ရရင်နေပါစေ၊ ကျွန်တော်က
စေတနာအဖြူစစ်စစ်နဲ့ပါ"။
××××××××××=========×××××××××××××
ကွာလတီမဂဇင်းတစ်စောင်မှာပါတဲ့ မော်ဒယ်ပုံကိုကြည့်ပြီး
ကဗျာဆရာတစ်ယောက်က ပြောလိုက်တယ်။ " ရှေ့တည့်တည့်က ကြည့်ရင်မြင်ရတယ်"
တဲ့။(သူပြောတဲ့ စကားအတိုင်းပါ)။ သူ့ကဗျာပါတဲ့ မဂဇင်းကြီးမှာပါ။ " ဘာထူးလဲ
(.....)ထဲမှာဆို ဗလာချည်းပဲ" တဲ့။ တစ်ယောက်က ဆွေးနွေးထောက်ခံတယ်။
သူတို့အဲလိုပြတာ အကြောင်းမဟုတ်ဘူး။ ဒီက အာရုံတွေက ကဗျာရေးလို့မရ၊
ဘာရေးလို့မရ တဲ့။ တစ်ယောက်ကလည်း ပြောပြန်တယ်။
ဟုတ်တာပေါ့။ သူတို့ပြောလည်း ပြောစရာ၊ ဖိုးတွယ်တောင် အဲဒီမော်ဒယ်
ဓာတ်ပုံအရိုက်ခံတဲ့နားမှာ ရှိနေရင် ရှေ့တည့်တည့်မှာထိုင်ပြီး
ဂျာနယ်တစ်စောင်လောက် ဖတ်ချင်နေသေးရဲ့။ အဲဒီမော်ဒယ်အကြောင်း
နည်းနည်းပြောရရင် သူက အဆိုတော်တစ်ယောက်ပါ။ အငြိမ့်လည်း ကပါတယ်။
အနုပညာကောင်းရင် ပရိသတ်တွေက အားပေးကြပါတယ်။ ဒါပေမယ့် အနေအထိုင်မတတ်ရင်
အင်တာနက်ပေါ်ရောက်တာကို မသမာသူတွေလက်ချက်လို့ပြောလို့ရပေမယ့် ဒီလို
မဂဇင်းတွေထဲက ဓာတ်ပုံကိစ္စတွေကိုတော့ ဘယ်လို ပြောရမလဲဗျာ။ အိနြေ္ဒှရှိတဲ့
အနုပညာရှင်(အမျိုးသမီးများ)တွေကိုတော့ ဖိုးတွယ်အပါအ၀င် ပရိသတ်တွေက
လေးစားချစ်ခင် တန်ဖိုးထားကြပါတယ်။ ဒီလိုမှ
မဟုတ်သူတွေကိုတော့....ဆင်ခြင်နိုင်ကြပါလို့တောင်ညိုစကားကနေ
ပြောချင်ပါတယ်။ ။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
ဝေဖန်အကြံပေးလိုသူများ trphee.91@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

Friday, October 22, 2010

ကလေးတောင်ညိုစကား (ခေတ်သစ်၊ ပရဟိတနဲ့ စာပေကိစ္စ)

နေထိုင်မှုစနစ် အသစ်အသစ်တွေပြောင်းလာတဲ့ ကိုယ်တို့မြို့ဟာ
မိုးမကျတကျရဲ့ ရာသီဥတုအောက်မှာ ရောင်စုံလူတွေ လှုပ်ရှားနေကြတယ်လေ။ ခုတလော
ပြောင်းလဲတိုးတက်လာတာတွေကလည်း အများသား။ မျက်စိရှေ့မှာတင်
မီးလောင်ပြာကျသွားတဲ့ တာဟန်းဈေးနေရာမှာ မျက်စိရှေ့မှာတင်ပဲ
ပိုမိုခေတ်မှီလှပတဲ့ နှစ်ထပ်ဈေးသစ်ကြီး ပေါ်လာတယ်။ ဒီဈေးက ချင်းတောင်၊
ကလေးလွင်ပြင်၊ ပြည်မ စတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့
နိုင်ငံအနှံဆက်သွယ်ပေးတဲ့ နေရာပါ။ နောက် သီတဂူဆရာတော်ဘုရားကြီးရဲ့
ကျေးဇူးကြောင့် "သီတဂူ မျက်စိရောဂါကုဆေးရုံကြီး" ပေါ်လာပြီ။ ကလေးမြို့မှာ
အထင်ကရ ဆေးရုံကြီးက နှစ်ခုပဲရှိခဲ့ရာက ဒီဆေးရုံကြီးပေါ်လာတာဟာ
တိုးတက်ခြင်းတစ်ခုမဟုတ်လား။ ပြီးတော့... မျက်တစ်ခတ်မှာပဲ
တိုင်းနိုင်ငံအနှံကို ထိုင်ရာမထ ဆက်သွယ်နိုင်တဲ့ "အင်တာနက်" ဆိုင်တွေက
ကလေးလွင်ပြင်တင်မက နယ်စပ် တမူးဒေသတွေမှာပါ သုံးနိုင်ကြပြီ။
ဆိုင်တွေများလာတာနဲ့အတူ ၀န်ဆောင်ခ၊ ဈေးနှုန်းလည်း သက်သာလာတယ်။ အတက်၊ အကျ
သဘောပေါ့။ ဖိုးတွယ်တို့ရပ်ကွက်ထဲမှာတောင် ဖွင့်လှစ်လာပြီ။
ဌာနဆိုင်ရာကဖွင့်တာရှိသလို ပုဂလိကတွေရောရှိတယ်။
ဘာသာရေးဆိုင်ရာတွေရော(ဥပမာ-နေသာကျောင်းတိုက်)ရှိလာတယ်။ ဒါကြောင့်
ကလေးမြို့တင်မက တမူး၊ ကလေးဝ စတဲ့ ကဘော်၊ ချင်းတွင်းဒေသတွေမှာပါ
အင်တာနက်ကို စိတ်တိုင်းကျ ကလိနိုင်ပါပြီခင်ဗျာ။
+++++++++++++++++++++++++++++++++++
နာဂစ်အပြီးမှာ နိုင်ငံနဲ့အ၀ှမ်း ပရဟိတစိတ်ကလေးတွေ
ပေါ်ထွန်းလာခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ့်ရဲ့မျက်စိရှေ့မှာတင်
ကြုံလိုက်ရတာဆိုတော့ လူသားချင်းစာနာရိုင်းပင်းကူညီချင်တဲ့စိတ်ဓာတ်က
ဝုန်းဒိုင်းဆို နိုးကြွလာခဲ့တာပါ။ ပရစိတ်နည်းတဲ့သူက များပြားလာ၊
များပြားတဲ့သူက အကောင်အထည်ဖော်ဆောင် ဆိုပြီး တစ်ဦးချင်းဖြစ်စေ၊
အဖွဲ့လိုက်ဖြစ်စေ ကိုယ်တတ်နိုင်သလောက်
တပိုင်တစ်နိုင်ပြုလုပ်ဆောင်ရွက်ကြတာ ဒေသအနှံ့မှာ မြင်တွေ့နေရမှာပါ။
ဘယ်တော့မှ ခေတ်နောက်မကျတဲ့ ဖိုးတွယ်တို့မြို့မှာလည်း ပရဟိတအဖွဲ့တစ်ခု
ဖွဲ့စည်းဖြစ်တယ်။ ပရဟိတအဖွဲ့လား၊ အများကြီးရှိတယ်လို့
ပြောချင်သူကပြောဦးမယ်။ ခုဟာက စာပေသမားလေးတွေဖွဲ့စည်းထားတဲ့
စာပေနဲ့ပရဟိတပူးပေါင်းတဲ့ ကလေးမြို့ရဲ့ ပထမဆုံးအဖွဲ့လေးပါ။ အဖွဲ့ဝင်က
သုံးဆယ်ကျော်လောက်ရှိတယ်။ သူတို့ရတဲ့မုန့်ဖိုး၊ ပဲဖိုး၊ လုပ်အားခတွေထဲက
အလှူလုပ်ဖို့ငွေစု၊ လက်လှမ်းမှီသရွေ့ အလှူရှင်တွေဆီကနေ
တတ်အားသရွေ့အလှူလိုက်ခံပြီး လိုအပ်နေတဲ့နေရာတွေဆီ လှူဒါန်းနေတဲ့အဖွဲ့ပါ။
တကယ်လေးစားအတုယူသင့်တဲ့အဖွဲ့ပေါ့။
လမင်းအို၊ သူရ(ကလေး) စတဲ့ အတွေးရဲရဲ၊ အရေးရဲရဲ စာပေလူငယ်တွေနဲ့အတူ
နာမည်ရစာပေပညာရှင်တွေက သိုင်းဝိုင်းပြီး
စာပေ၀ါသနာရှင်သက်သက်တွေနဲ့စုစည်းထားကြတာပါ။ အဲဒီအဖွဲ့ဝင် လူငယ်လေးတွေရဲ့
ကဗျာတွေကိုလည်း မဂဇင်း၊ ဂျာနယ်တွေမှာ တွေ့မြင်နေကြရပါတယ်။
ပရဟိတဖွံ့ဖြိုးမှုအားမနည်းတဲ့ ကိုယ်တို့မြို့မှာ ဒီလိုအဖွဲ့မျိုးတွေကို
ရေရှည်တည်တံ့စေချင်တာကတော့ ဖိုးတွယ်ရဲ့ဆန္ဒအမှန်ပါ။
++++++++++++++++++++++++++++++++++++++
မြို့အတိုင်းအတာနဲ့ စာပေဘက်မှာကတော့ ဖိုးတွယ်စိတ်ချမိပါတယ်။
ဝမ်းစာရှိသူတွေပဲကိုး။ မြဆင့်ချယ်တို့၊
မောင်ကံချိုတို့လောက်မလုပ်နိုင်ဦးတော့ သူ့အိုးသူ့ဆန် ဟန်နေတာပါပဲ။
တစ်ခုတော့ ဖိုးတွယ်ပြောချင်ပါတယ်။ ဆရာကြီးငယ်လတ်တွေကို ဆရာပြန်လုပ်တာ
မဟုတ်ပါဘူး။ ဖိုးတွယ်တို့ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဝတ္ထုထဲက လူကြီးနဲ့လူငယ်တွေကို
ဆုံးမခဲ့ပုံကို သတိရမိပါတယ်။ "အနုပ်စုတ် ကုပ်စုတ် ကာလဥာဏ်နဲ့၊
မာနသံဟိတ်အပြည့်ဖြင့် တိတ္ထိလိုကောင်လေးတွေကို အရေးမလုပ်ဘူး" ဆိုတဲ့
အသက်ကြီးဝါကြီးတွေရဲ့ လူငယ်တွေကို နှိမ့်ချပုံ၊ နောက်ပြီး "
ခေတ်အလိုက်သတိမထားဘဲ မသိသားဆိုးဝါးတဲ့ နွားကြီးတွေ" လို့ လူငယ်တွေကို
လူကြီးတွေက မလေးမစားပြုမှုပုံတွေ ဖိုးတွယ်အသံကြားနေရပါတယ်။
လူငယ်ကဗျာဆရာလေးတစ်ယောက်က ရင်ဖွင့်လာပါတယ်။ လွန်လေပြီးသော
နောင်တော်တွေရှိတုန်းကဆို ဒီလိုအသံမျိုးမကြားရဘူး။ ဖိုးတွယ်အနေနဲ့
ဘာမှမပြောရဲပါဘူး။ " ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသလို လူငယ်တွေရဲ့ရင်ထဲ
နာကျည်းမှုတွေရိုက်မထည့်မကြဖို့၊ " နွားပျိုသန်လှ နွားအိုပေါင်ကျိုး"
ဆိုသလို လူငယ်တွေသိပြီးသမျှဟာ လူကြီးတွေဖြတ်သန်းပြီးသားမို့
နွားရှေ့ထွန်ကျူးသဘောမျိုးတွေမလုပ်မိဖို့ လိုပါတယ်။
သခင်ကိုယ်တော်မှိုင်းကလည်း နွားနှစ်ကောင် ညီညာရုန်းကြမှ၊
တစ်ပြည်လုံးနောက်ကချတ်တာ ၊ ပျောက်ပလွတ်ကွာ၊ အောက်ကျတဲ့ဝဋ်ကြမ္မာကို၊
လွတ်စရာခဲကြမှလေး လို့ဆုံးမသလိုပဲ လူကြီးလူငယ်နှစ်ဖက်နွယ်မှ
ရည်ရွယ်ရင်းတွေပေါက်မြောက်နိုင်မှာပါ။ သူတတ်၊ ငါသိ အငြင်းမပွားဘဲ
တက်ကိုပြိုင်တူလှော်ခတ်နိုင်ပါစေလို့ ဖိုးတွယ်ဆန္ဒပြုချင်ပါတယ်။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
ဝေဖန်ချင်သူများရှိရင် trphee.91@gmail.com ကိုဆက်သွယ်နိုင်ကြပါတယ်။

Friday, October 1, 2010

ညည်းရဲ့ ယဉ်ကျေးမှု

ညည်းကလေးရေ...
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာ ကြာပွင့်တွေဆိတ်သုဉ်းလို့ အပြုံးတွေမဲ့ခဲ့ပါပြီ
ညည်းခပ်ယူခဲ့တဲ့ ငါ့သွေးသားတွေဟာလည်း လောင်စာဘ၀နဲ့ ပြာကျ အခိုးအငွေ့ဘဝ
ရောက်ခဲ့ရတယ် ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း ဘယ်ဟာယူမလဲမေးတော့
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာ ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ ဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
နောက်ပြီး မင်မလိုက်မှာကိုလည်း စိုးလို့ပေါ့ ညည်းကြောင်တောင်ကန်းခဲ့တုန်းက
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက်တဲ့ သစ်တစ်တောလိုဖြစ်ခဲ့ပေမယ့် ညည်းကွန်ပျူတာတတ်မှ
ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ် ညည်းလိမ္မာသွားပြီပေါ့ ညည်းတားမြစ်ခဲ့တဲ့ ပဋိဇီဝဆေးတွေလည်း
ခု ငါ့သွေးကြောထဲ စီးမျော ငါ့အသံတွေ ဖောသွပ်ခဲ့တယ် ညည်းအိပ်မက်ကို
ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက ညည်းနှလုံးသားမှာ ညည်းနဲ့ငါ အရှက်ကင်းမဲ့လိုက်ပုံတွေက
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာလောင်စာဘ၀နဲ့ ပြာကျ ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း
ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ နောက်ပြီးညည်းကြောင်တောင်ကန်းခဲ့တုန်းကသစ်တစ်တောလိုဖြစ်ခဲ့ပေမယ့်
ညည်းလိမ္မာသွားပြီပေါ့ ခု ငါ့သွေးကြောထဲငါ့အသံတွေ ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက
ညည်းနဲ့ငါ ကြာပွင့်တွေဆိတ်သုဉ်းလို့ ညည်းခပ်ယူခဲ့တဲ့အခိုးအငွေ့ဘ၀ရောက်ခဲ့ရတယ်
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက် ညည်းကွန်ပျူတာတတ်မှပဋိဇီဝဆေးတွေလည်း
ဖောသွပ်ခဲ့တယ်ညည်းနှလုံးသားမှာ အပြုံးတွေမဲ့ခဲ့ပါပြီ ငါ့သွေးသားတွေဟာလည်း
ဘယ်ဟာယူမလဲမေးတော့မင်မလိုက်မှာကိုလည်း စိုးလို့ ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ်
ညည်းတားမြစ်ခဲ့တဲ့ စီးမျောညည်းအိပ်မက်ကို အရှက်ကင်းမဲ့လိုက်ပုံတွေက။ ။

လမင်းအို
10/12/08

Tuesday, September 28, 2010

Saturday, September 25, 2010

စမ်းရေနှင့်တူသော သူမ

ကျွန်တော် စကားပြောတော့
သူမ ရှက်မသွားပါ
အခြေခံမကျတကျ စကားလုံးများ
ပစ်သွင်းရင်း
ရင်ဖိုရမှုလောက်
ဝါကျများက မလှပပါ
သူမနှင့်ကြုံသောနေရာသည်
အင်္ဂါဂြိုလ်လောက် မတည်မြဲပါ
ထိုအပြုံးများသည်
သူမ၏ ပေါ်လစီပင် ဖြစ်ပါသည်
သူမ
လိုလိုချင်ချင် အဖြေပေးတော့
ကျွန်တော်
စကားလုံးများ ညံ့သွားပါသည်။ ။

လမင်းအို
22/8/2008

Wednesday, September 22, 2010

အရွက်စိမ်းစိမ်းနဲ့ မြွေ

ရနံ့တွေေ၀၀ါးလာတဲ့အခါ
လေပြည်တောက်တောက်က အမောက်ထောင်ပြ
လောကပါလ နတ်မင်းကြီးတစ်ပါးပါးဆီမှာ
သိက္ခာတွေ ပေါင်ထား
ငါဟာ တွားသွားသတ္တ၀ါတစ်ကောင်ဖြစ်တယ်
လူတိုင်း မသင်္ကာတဲ့
ငါ့ ညနေရင့်ရင့်တွေမှာ
ယစ်မူးသံစဉ်တွေအတွက်
လက်တစ်ဖက်ကို လေလျော့ထားတယ်
ကျွန်တော်ဟာ မရမ်းကားပါ
မသရဖီ သိအောင်ပြောရရင်
ကျွန်တော်ဟာ မရမ်းကားပါ
ကိုယ့်ခြေရာကိုယ့်ခြေထောက်မှာ တပ်ဖို့
ကျွန်တော် လမ်းလျှောက်သင်ရပါဦးမယ်
ခပ်အ အ နေတစ်ကောင်ရဲ့
ညည်းသံတစ်ချို့ကို
ကျွန်တော့်သွေးကြောထဲ
အစားထိုးထားတယ် မသရဖီ။ ။
လမင်းအို

Monday, September 13, 2010

ဂျင်ပေါ်ကထုံး

ကျုပ်တို့ ရပ်ကွက်ထဲက ဦးစံလှတစ်ယောက်ဟာ ဗေဒင်ဆို လွှတ်ယုံသူပေါ့။ သူ့မှာ တစ်လတစ်လ ဂျာနယ်၊ မဂဇင်းတွေ ၀ယ်လိုက်ရတာ မနည်းဘူး။ ဖတ်လားဆိုတော့ ဖတ်တယ်။ ဗေဒင်ကဏ္ဍကိုလေ။ ကျန်တာတွေ လုံးဝမဖတ်ဘူး။ ဆရာ စံဇာဏီဘိုတို့၊ ဆရာမ စောယုနွယ်တို့ဆိုတာ သူအမြဲဖတ်နေတဲ့ဗေဒင်ဆရာတွေပေါ့။ ဒီလတော့ ဆရာဟောတာ မှန်တယ်။ ဒီလတော့ ဆရာမက ပိုမှန်တယ်ဆိုပြီး သူ့အိမ်သားတွေကို ပြောနေကျ။ ဗေဒင်က ခွေးသုံးကောင် အစာကျွေးပါဆိုရင် ကျွေးပြီးသား၊ ဗေဒင်က ထီပေါက်ကိန်းရှိတယ်ဆိုရင်လည်း ထိုးပြီးသား။ အဲလောက်ထိကို ၀ါသနာကြီးတဲ့သူ။ မြို့ပေါ်မှာ သူမမေးဖူးတဲ့ ဗေဒင်ဆရာဆိုတာ မရှိတော့ဘူး။ ချောင်ကြိုချောင်ကြားက ဗေဒင်ဆရာထိ သွားမေးဖူးတယ်။ အဲ... တစ်ယောက်တော့ ကျန်နေသေးတယ်။ အဲဒါက ပင်လုံလမ်းမတော်ထဲမှာ ဆိုင်းဘုတ်ခန့်ခန့်ထည်ထည်နဲ့ ဟောနေတဲ့ သမုတိသစ္စာဆိုတဲ့ ဗေဒင်ဆရာ။ စာရေးဆရာ ဦးမျိုးသိန်းပေါ့။ ဦးစံလှက ဒီတစ်ယောက်ကျ စိတ်ဖောက်လာတယ်။ ဦးမျိုးသိန်းကို သူမယုံဘူး။ ဘာကြောင့်ဆို သူနဲ့ ဦးမျိုးသိန်းနဲ့က ကျောင်းနေဖက်တွေ၊ အတန်းထဲမှာ ဗေရွှင် ဗေရွှင်ဆိုပြီး လိုက်ဟောနေကျ။ ဦးမျိုးသိန်းအကြောင်းသိတော့ သိပ်မယုံချင်ဘူးပေါ့။ ဒါပေမယ့် မမေးရရင်လည်း မနေနိုင်ဆိုတော့ မယုံပေမယ့်လည်း သွားမေးမိတော့တယ်။ ဦးမျိုးသိန်းက သူ့ကို တစ်ခွန်းပဲ ဟောပေးလိုက်တယ်။
" တစ်ပတ်အတွင်း နာမည်ပျက်ကိန်းရှိတယ်။ မဖြစ်စေချင် ဘုရားကိုးဆူပြည့်အောင်ပုတီးစိပ် " တဲ့။
ဦးစံလှ နည်းနည်းတော့ ဖြုံသွားတယ်။ ဒီကောင်တကယ်ပြောနေတာလားဆိုပြီး ဦးမျိုးသိန်းရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ခပ်တည်တည်ပဲ။ အိုကွာ... ဘာပဲဖြစ်ဖြစ် ငါ့ဟာငါ သတိထားနေရင် ရတာပဲ၊ ဒီကောင် ငါ့ အော့ပ်စက်မှာလည်း သူ့နာမည် တံဆိပ်တုံးလုပ်သွားတာ အကြွေးလည်း မပေးသေးဘူး။ မှတ်သားလောက်အောင် ပညာပေးရမယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပြီး ဦးမျိုးသိန်းကို နာမည်ပြန်ဖျက်ဖို့ ကြံတော့တယ်။ ဘုရားသွား ပုတီးစိပ်လည်း မလုပ်ဘူး။
ဒီရက်ပိုင်းအတွင်း သူ့ကိုယ်သူ ဂရုစိုက်နေတယ်။ ဆိုင်လာတဲ့ ဧည့်သည်တွေကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံတယ်။ အမှားအယွင်းမရှိအောင် လုပ်ပေးတယ်။ ဈေးတွေဘာတွေတောင်လျော့ပေးနေသေးတယ်။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ဦးစံလှမျက်နှာကြီးက ပြုံးလာတယ်။
" ဒီကောင် သွားပြီ။ ဒီနေ့ ခုနစ်ရက်ပဲ၊ ဘယ်မှာ ငါ့နာမည် ပျက်သေးလို့လဲ၊ ဟာဟ..အလကားဗေဒင်ဆရာ၊ မနက်ဖြန်မှ သူ့ဆိုင်သွားပြီး အရှက်ခွဲပစ်လိုက်မယ် "
ဦးစံလှ ကျိတ်ပျော်နေတော့တာပေါ့။ နောက်တစ်နေ့မနက် အိမ်ကအထွက်မှာ ခြံရှေ့က သူ့ရဲ့ " စံလှ ရောင်စုံအော့ပ်စက် " ဆိုတဲ့ဆိုင်းဘုတ်လှလှကြီးက ပေါက်ပြဲနေတာကို တွေ့လိုက်ရတယ်။ စံလှဆိုတဲ့နေရာ တိတိကျကျကြီးကို ပျက်စီးနေတယ်။ မျက်နှာကြီးလည်း ချက်ချင်းအိုကျသွားတယ်။ နောက်...တဟီးဟီးနဲ့ ငိုချလိုက်တော့တယ်။
" အဟီးဟီးဟီး... စံလှနာမည်ပျက်ပြီ၊ စံလှနာမည်ပျက်ပြီ။ ခွေးကောင် မျိုးသိန်း တော်လှချည်လားကွာ...ဟီး "
ဒီအချိန်မှာ သူ့ထက် တစ်ကွက်ပိုလည်တဲ့ ဗေဒင်ဆရာ သမုတိသစ္စာက စာရေးဆရာပီပီ သူ့ရဲ့ " စံလှ " ဆိုင်းဘုတ်ကို ညတုန်းက တိတ်တိတ်ဖျက်ဆီးခဲ့မှန်းသာ သိလိုက်မယ်ဆိုရင် ဦးစံလှတစ်ယောက် ဘယ်လိုဖြစ်သွားမယ် မသိရတော့ပါ။ ။

လမင်းအို
မနုစာရီ၊ စက်တင်ဘာ၊ ၂၀၁၀

Saturday, August 28, 2010

ရင်တွင်းစကားပါ

အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ်ကို မတက်ဖြစ်လို့ အသစ်တွေ သိပ်မတင်ဖြစ်ပါဘူးခင်ဗျာ။ ကျွန်တော်ရေးထားတဲ့ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ၀တ်ထုတိုတွေအားလုံးကို တင်မယ်စိတ်ကူးထားပါတယ်။ ဝေဖန်မှုကိုလည်း ပွင့်ပွင့်လင်းလင်း ကြိုဆိုနေပါတယ်ခင်ဗျား။

လေးစားခြင်းဖြင့်
လမင်းအို
(ကလေးမြို့)

Saturday, August 7, 2010

ရွက်ဝါတွေ ကြွေကာကျမှ

လေပြည်လို အနမ်းတစ်ချို့က
ကျွန်တော့် နှလုံးသားကို
ဖျတ်
တိုက်စားလိုက်တဲ့အခါမှာ
နေရောင်ခြည်ဟာ
မ ရဲ့ စွမ်းအင်တွေပါပဲ
အသက်ရှူမ၀တတ်သလို
မ ကို မွတ်သိပ်မိတာ
ဟောဒီလောကီကို စီးချင်းထိုး
ဂြိုဟ်တာရာဆိုးတွေဟာ ငိုရှိုက်လို့
အို...
အမှောင်တိုက်ထဲ ၀င်ချင်ဝင်သွားစမ်းပါစေ
မ ရယ်
ဟောဒီကောင်ဟာ ရွက်ဝါတွေကြွေကျမှ
မ ကို တမ်းတရမယ်ဆိုရင်တောင်မှ
ကျွန်တော့်မျက်ရည်တွေ ပုပ်သိုး
ကွယ်...
မ ကို
ကျွန်တော်
အဆိုးမဆိုရက်ပါဘူးဗျာ။ ။
လမင်းအို
25-3-2010

ရေပန်းငှက်

ဘယ်ရာသီကို နှစ်သက်ရမှန်းမသိခင် သင်္ကြန်ကရောက်လာတယ် ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ သူနဲ့မိတ်ဆက်ပေးတာ ငှက်မည်းလေးတစ်ကောင်ပေါ့
ကျွန်တော် သိပ်မကြိုက်တဲ့ ရွှေဝါရောာင်ပန်းတွေဇွတ်ဖန်တီးပြီး ကျွန်တော့်
အသဲနှလုံးထဲကို စိုးရိမ်ရေမှတ်တွေ ဖျန်းလို့ပက် ဒီရာသီက ရက်စက်တတ်တယ်လား
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ၊ ပန်းတစ်စည်းဟာ၊ ရေတစ်ချို့ဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ ကျွန်တော့်အိပ်ယာနံဘေးနား ၀ပ်တွားစင်းနေပါကော
အခါတိုင်းလို သင်္ကြန်က ရောက်လာတယ် သူနဲ့မိတ်ဆက်ပေးတာ
ကျွန်တော်သိပ်မကြိုက်တဲ့ စိုးရိမ်ရေမှတ်တွေ ဒီရာသီက ပန်းတစ်စည်းဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ အခါတိုင်းလို ဘယ်ရာသီကိုနှစ်သက်ရမှန်း မသိခင်
ငှက်မည်းလေးတစ်ကောင်ပေါ့ ရွှေဝါရောင်ပန်းတွေဇွတ်ဖန်တီးပြီး ရက်စက်တတ်တယ်လား
ရေတစ်ချို့ဟာ ကျွန်တော့်အိပ်ယာနံဘေးနား ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ ကျွန်တော့်အသဲနှလုံးထဲကို ဖျန်းလို့ပက်
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ ၀ပ်တွားစင်းနေပါကော။ ။
လမင်းအို
31-1-2010

Monday, August 2, 2010

ညီမလေးကို ချစ်တယ်

ခက်တယ် ညီမလေး
မင်းကိုယ်တိုင်ပန်မယ့် ပန်းတစ်ပွင့်
ဘာကြောင့် အစ်ကို့ကို လာထုဆစ်ခိုင်းနေရတာလဲ
အစ်ကိုကိုယ်တိုင်က နတ်ခတ်တွေ
မမှန်ရတဲ့ကြား
ကျန်းမာရေး ကောင်း/မကောင်း
လက်ခဏာ မမေးချင်တော့ပါဘူး
ညီမလေး ပျော်မယ်ဆို လာနေပေါ့
ဒါပေမယ့်
လမ်းညွှန်ဆိုင်းဘုတ်တွေကို သေချာဖတ်ခဲ့ပါကွယ်
ပျော်ရွှင်ပါစေ ညီမလေးရေ
နောက်တစ်ခါညီမလေး ပွင့်ဦးမယ်ဆိုရင်
ဝတ်မှုန်ကူးမခံရအောင်တော့ ဂရုစိုက်ပေါ့
တစ်ခုတော့ ပြောချင်တယ်
ဘူတာကြီးနား နောက်ထပ် မသွားချင်ပါနဲ့လားကွယ်
သေချင်စော်နံချင်လောက်တဲ့ အချစ်ရနံ့တွေကြား
ညီမလေး လူးလားခတ်ပျံချင်နေသလားကွာ
ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ့်ကို ကောင်းကျိုးပေးတယ်တဲ့
အစ်ကို ရင်မောမိတယ်ကွယ်
ညီမရဲ့ အပြုံးလှလှတွေ မြင်ရတိုင်း
အစ်ကို့လက်ထဲက တစ်ထောင်တန်ကို (အတုများလားဆိုပြီး)
မလုံမလဲနဲ့ ထောင်ကြည့်မိတယ်
ခေါင်းတွေလည်း မူးလိုက်တာ အစ်ကို ချိုချဉ်ကျွေး ဆိုပြီး
မဖြစ်စလောက်လေးတွေ ဂျီကျတာ
အစ်ကို ရင်တုန်တယ်ကွာ
ညီမလေးရယ်
နောက်ဆုံးတော့လည်း
မင်းကို
အစ်ကို သိပ်ချစ် တာ ပဲ ကွယ်။ ။
လမင်းအို
၂၉-၁၀-၀၈

faces(မုခ)magazine၊ ဖေဖော်ဝါရီ၊ ၂၀၀၉
မှတ်ချက်။ ။ ( )အတွင်းမှစာသားများ ဆင်ဆာပြုတ်သည်။

ကျွန်တော့်ညီမလေးကတော့ ဒီကဗျာကို (တအား)ကြိုက်တယ်တဲ့။ ခင်ဗျားတို့ကကော..........။

Thursday, July 8, 2010

မင်းအပေါ် ကိုယ်ခံစားမိ

ကဗျာတစ်ပုဒ်က ကဗျာတစ်ပုဒ်အပေါ် ခံစားသလိုမျိုး
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်မက်ချင်း ရင်းနှီးရုံသာ နီးကပ်တဲ့အိပ်မက်ထဲ
မင်းအပေါ် ကိုယ်ခံစားမိ
ဟောဒီသွေးကြောစိမ်းစိမ်းထဲမှာ စကားတွေပါတယ်
မင်းအပေါ် ကိုယ်ခံစားမိ
ခိုတွေ မိုးပေါ် ပျံတက်သွားကြတယ်
မင်းအပေါ် ကိုယ်ခံစားမိ
နံဘေးလက်ဘက်ရည်ဆိုင်က နိုင်ငံခြားဇာတ်ဝင်ခန်း
မင်းအပေါ် ကိုယ်ခံစားမိ
အဝေးပြေးလမ်းမပေါ်က ဟွန်းသံတွေ
မင်းအပေါ် ကိုယ်ခံစားမိ
မောင်ချောနွယ်လို ရင်ဘတ်ချင်းဂျက်ပင်ထိုး
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်ပျော်နေတဲ့ပန်းချီဆရာဟာ မထဘူး
မင်းအပေါ် ကိုယ်ခံစားမိ
မဂ္ဂဇင်းအဖုံးပေါ် နာမည်တွေရောက်လာတယ်
မင်းအပေါ် ကိုယ်ခံစားမိ
ကောင်မလေးအပြင်ထွက်သွားတယ်
မင်းအပေါ် ကိုယ်ခံစားမိ
သနပ်ခါးဘဲကြားနဲ့ အပြတ်ပဲများတယ်
မင်းအပေါ် ကိုယ်ခံစားမိ
နာနာဘာဝမော်တော်ကားနဲ့ လျှောက်လည်ကြမယ်
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်ယာခင်းတွေ ကြေမွလို့သွား
မင်းအပေါ် ကိုယ်ခံစားမိ
မင်းအပေါ် ကိုယ်ခံစားမိ
မင်းအပေါ် ကိုယ်ခံစားမိ။ ။

လမင်းအို
3-5-2010

မပျော်တွေးများ

ကိုယ့်အတွေး ကိုယ့်အသားနဲ့
ကိုယ့်ကိုယ်ကို ဈေးကစားပေမယ့်
ကလေးကလား လုံးဝမဆန်ဘူး။

ကိုယ်မှီတွယ်ထားရာ ဒီဘုံမှာ
တစ်ကိုတစ်နဲ့ မြှေက်နေကြသူတွေ
ဒဿမနောက်မှာ ကိန်းအများကြီးတိုးချင်သူတွေ
ရလေလိုလေ အိုတစ္ဆေဆိုတာ တကယ်ပါပဲလား။
ကိုယ်ယုံကြည်ထားခဲ့ရာ ဂရုဏာရပ်ဝန်းက
သိပ်ခေါင်တဲ့ မိုးတွေကြောင့်
မေတ္တာလယ်ယာတွေ ပတ်ကြားအက်
လောကဟာ ရှက်စရာကောင်းလိုက်တာ။
ဒီလိုသံသရာထဲ မေတ္တာလက်ဆောင်လက်မှတ်နဲ့
တိုးဝင်လာသူလို့ သံသယရှိနေရင်း
ဆွမ်းကြီးဝင်လောင်းနေမိတော့တယ်။ ။

လမင်းအို
31-5-2010

Monday, June 28, 2010

ကျွန်တော် ဖြတ်သန်းပြီးတဲ့ စာနယ်ဇင်းတွေပေါ့ဗျာ

၁။ မင်္ဂလာမောင်မယ်
၂။ သောင်းပြောင်းထွေလာ ရယ်စရာ
၃။ ဖြစ်ရပ်မှန်
၎။ ရယ်စရာ
၅။ သောကြာ
၆။ Trur News Journal
၇။ ဈေးကွက် ဂျာနယ်
၈။ Beauty (လစဉ် ကလေးသတင်းများ ရေးနေပါသည်)
၉။ Faces (မုခ)
၁၀။ ရုပ်ရှင်အမြုတေ
၁၁။ အောင်လံရယ်ရွှင်ဖွယ်
၁၂။ ရတီ
၁၃၊ ရတနာပန်းခင်း
၁၄။ သာစည်ကျောင်း စိန်ရတု အထိမ်းအမှတ်စာစောင်(ကလေးမြို့)
၁၅။ ပြစ်မှု
၁၆။ Fashion
၁၇။ April Star
၁၈။ ပန်းအလင်္ကာ
၁၉။ ရုပ်ရှင်တေးကဗျာ

ကျွန်တော် အခုလောလောဆယ် ကလောင်သုံးမျိုးနဲ့ စာရေးနေပါတယ်။

ကျွန်တော်က ၂၀၀၅ မှာ စာရေးပါတယ်။ ဖြတ်သန်းပြီးသမျှကို မှတ်တမ်းတင်ထားတဲ့သဘောပါပဲ။

၁။ အမှတ်မထင်၊ မောင်လှမျိုးဦး(ကျီကုန်း)၊ မင်္ဂလာမောင်မယ်၊ ၂-၂၀၀၅
၂။ ဖူးစာရေးနတ်ထံသို့ အကြောင်းကြားစာ(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၁၁-၂၀၀၇
၃။ သတင်းကောင်း(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၄-၂၀၀၈
၎။ ငှက်ပျောတစ်ပင်၊ လှမျိုးဦး(ကျီကုန်း)၊ ဖြစ်ရပ်မှန်၊ ၈-၂၀၀၈
၅။ နတ်ခတ်ကြုံတဲ့ လမင်း၊ လမင်းအို၊ ရယ်စရာ၊ ၈-၂၀၀၈
၆။ ကတိ(ကဗျာ)၊ လမင်းအို၊ သောကြာ၊ ၁၂-၂၀၀၉
၇။ သူမ၏ ကကြိုးကကွက်(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၁-၂၀၀၉
၈။ ညီမလေးကို ချစ်တယ်(ကဗျာ)၊ လမင်းအို၊ Faces(မုခ)၊ ၂-၂၀၀၉
၉။ လက်ဖက်ရည်ဖိုး(တစ်မျက်နှာ)၊ လမင်းအို၊ ရုပ်ရှင်အမြုတေ၊ ၂-၂၀၀၉
၁၀။ လမ်းကြုံ(တစ်မျက်နှာ)၊ လမင်းအို၊ အောင်လံရယ်ရွှင်ဖွယ်၊ ၃-၂၀၀၉
၁၁။ ပို့တိုင်းမရွေး(ဟာသသီချင်း)၊ လမင်းအို၊ အောင်လံရယ်ရွှင်ဖွယ်၊ ၃-၂၀၀၉
၁၂။ မုန်းပိတောက်(ကဗျာ)၊ လမင်းအို၊ ရတီ၊ ၄-၂၀၀၉
၁၃။ ခိုးဝှက်တတ်သော ကျီးကန်းမ(ပုံပြင်)၊ လှမျိုးဦး(ကျီကုန်း)၊ ရတနာပန်းခင်း၊ ၄-၂၀၀၉
၁၄။ ခေါင်းလောင်းသံတွေကြားတိုင်း(ကဗျာ)၊ လမင်းအို၊ သာစည်ကျောင်းစိန်ရတုအထိမ်းအမှတ်စာစောင်(ကလေးမြို့)၊ ၅-၂၀၀၉
၁၅။ ညီမလေးက အိပ်နေတုန်း(ကဗျာ)၊ လမင်းအို၊ ရယ်စရာ၊ ၈-၂၀၀၉
၁၆။ အပူခိုး(တစ်မျက်နှာ)၊ လမင်းအို၊ ပြစ်မှု၊ ၈-၂၀၀၉
၁၇။ သူရာမိစာ၊ လှမျိုးဦး(ကျီကုန်း)၊ဖြစ်ရပ်မှန်၊ ၁၀-၂၀၀၉
၁၈။ နောက်ကြောင်း(ကဗျာ)၊ လမင်းအို၊ Fashion၊ ၁၀-၂၀၀၉
၁၉။ ဖိုဝင်းတောင်ရောက် ခရီးတစ်ထောက်(ဆောင်းပါး)၊ လမင်းအို၊ April Star(ခရီးသွားမဂဇင်း)၊ ၁၁-၂၀၀၉
၂၀။ မဆပ်နိုင်သေးတဲ့ မျက်နှာတွေ(ကဗျာ)၊ လမင်းအို၊ ပန်းအလင်္ကာ၊ ၅-၂၀၁၀

ကဗျာ၊ တစ်မျက်နှာ၊ ပုံပြင်၊ ဆောင်းပါး ဆိုပြီး တပ်မထားတဲ့ဟာတွေက ၀တ်ထုတွေပါ။
ကျန်တဲ့ သတင်းအကြောင်းတွေကိုတော့ အဆင်ပြေမှ တင်လိုက်မယ်ဗျာ။

ကျွန်တော် ကံဇာတာ အကြောင်းပါ

မည်သည့်လ၌မဆို (၆) ရက် (၁၅) ရက် (၂၄) ရက်ဖွားမြင်သောသူများ



(၆) ဂဏန်းသည် အချစ်ကို ကိုယ်စားပြုသဖြင့် အများ၏ ချစ်ခင်ခြင်း၊ သူတပါးကို
မိမိဘက်ပါလာအောင် ဆွဲဆောင်နိုင်ခြင်း သဘာဝရှိ၏။ အလှအပနှင့် သာယာမှု
အားလုံးတွင် တွယ်တာတပ်မက်မော၏။ ပျော်ပွဲ ရွှင်ပွဲများ တေးဂီတ
တီးမှုတ်ခြင်းကို များစွာ နှစ်ခြိုက်တတ်၏။



အမှုကိစ္စပြုလုပ်ရာတွင် ဇွဲရှိရှိနှင့် ပြီးဆုံးသည့်တိုင်အောင်
ဆောင်ရွက်သွားတတ်ကြလေသည်။ သည်းခံတတ်သည်။ တည်ငြိမ်သော သဘောရှိပြီး
ချစ်ခင်ကြင်နာမှုလည်း အပြည့်ရှိလေသည်။ စည်းကမ်းဥပဒေနှင့်
မိရိုးဖလာအယူအဆများ လူကြီးသူမတို့၏ စကားများကို လက်ခံကျင့်သုံးတတ်သည်။
သည်းခံမှု ကြင်နာမှုရှိသော်လည်း ၎င်းတို့စိတ်မတွေ့ဘဲ ဒေါသဖြစ်လာပါက
တရှိန်ထိုးတိုက်ခိုက်တတ်လေသည်။ မည်သူ့ကို ကြောက်ရွံ့ရမှန်းမသိဘဲ
ကြောက်စရာကောင်းလောက်အောင် ကြမ်းတမ်းခက်မာတတ်ကြလေသည်။



မိန်းမချော မိန်းမလှများ တမ်းတမ်းစွဲဖြစ်ခြင်း၊ မြင်မြင်ချင်း
အရူးအမူးချစ်ခြင်းကို ခံရတတ်သော ဂဏန်းပိုင်ရှင် များလည်းဖြစ်ကြသည်။
အလှအပကို လူတိုင်းထက် ၎င်းတို့က ပိုကြိုက်ကြလေသည်။ အပြောအဆိုကောင်း၍
သူတပါးကျအောင် ပြောနိုင်စွမ်း၏။ ရုပ်ရှင်၊ ဇာတ်သဘင် စသည့်
အနုပညာလုပ်ငန်း၌ အောင်မြင်ထင်ရှားသူများ အလွယ်တကူဖြစ်နိုင်သည်။



(၆) ဂဏန်းသမားများသည် ဖြေးဖြေးမှန်မှန် ဇွဲကောင်းကောင်းနှင့်
မည်သည့်အရာ၌မဆို ခံနိုင်ရည်စွမ်းရှိ၏။ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို
လိုက်ဖက်အောင် ပြုပြင်ဖန်တီးတတ်၏။ တစ်ဖက်သား ဆန့်ကျင်ဘက်လိင်အား
ဆွဲဆောင်နိုင်စွမ်းရှိ၏။ နှလုံးသားရေးရာမှာ ဆွေးမြေ့ကြေကွဲနေဟန်ကို
သူမတူအောင် ကျွမ်းကျင်တတ်ကြလေသည်။



တစ်ဖက်သားကို မိမိဘက်သို့ ဆွဲဆောင်ရာတွင်လည်း ဂီတ တေးသီချင်းများ
သီဆိုတီးမှုတ်ခြင်း ခြေငံ ပြေပြစ်စွာ ပြောဆိုတတ်ခြင်းစသည်တို့ကို
အသုံးချတတ်လေသည်။ ရွှင်လန်းချမ်းမြေ့စရာကောင်းသော မျက်နှာထားမှာလည်း
လူချစ်လူခင်ပေါများသော အကြောင်းတစ်ရပ်ဖြစ်လေသည်။ ပျော်ရွှင်စွာ
နေထိုင်တတ်သော အကျင့်ရှိ၏။ တရားမျှတမှု သမာသမတ်ကျမှုကို အထူးလိုလားပြီး
အထူးသဖြင့် မတရားပြုသူများကို ငုံ့မခံဘဲ ပြန်လည်ချေမှုန်း တတ်လေသည်။
ပတ်ဝန်းကျင် သာယာခြင်းမရှိပါက (၆) ဂဏန်းသမားများ
အလွန်စိတ်ဆင်းရဲကြရလေသည်။ ပတ်ဝန်းကျင်ကောင်းမှ သာယာပျော်ရွှင်စွာ
နေထိုင်တတ်လေသည်။



(၆) ဂဏန်းသမားများ ဆောင်ထားသင့်သော ကျောက်မျက်မှာ မြကျောက်ဖြစ်သည်။
အကျိုးပေးသော အရောင်မှာ အပြာရောင်နှင့် နှင်းဆီရောင်
ပန်းရောင်တို့ဖြစ်သည်။ ရှောင်သင့်သော အရောင်မှာ အညိုရောင်နှင့်
အနက်ရောင်ဖြစ်သည်။ သွေးတိုးရောဂါရတတ်သည်။ ကာမဂုဏ်ကို
လိုက်စားခြင်းကြောင့် ဥပဒ်ရတတ်သည်။ အရက်သေစာကြောင့်၎င်း
ချိုလွန်းသောအစားအစာကြောင့်၎င်း ဆိမ့်လွန်းသော အစားအစာကြောင့်၎င်း
ဘေးရောက်တတ်သည်။ ကျောက်ကပ်ရောဂါ ဆီးရောဂါကိုလည်း သတိထားသင့်သည်။
လတ်ဆတ်သော အသီးအရွက်များကို မပြတ်စားသုံးသင့်သည်။ လေကောင်းလေသန့်များ
မကြာခဏ ရှုသင့်သည်။ ပင်ကိုယ်အားဖြင့် ကျန်းမာရေး
အခံကောင်းသူများဖြစ်ပါသည်။
(ကျွန်တော်နဲ့ ကျွန်တော်ချစ်သူက မွေးရက်ဂဏန်းတူကြတယ်လေ။ ဒါကြောင့် ဘ၀တစ်သက်တာလုံးသုံးလို့ရအောင် တင်ဆက်လိုက်တာပါ။ ထပ်တူကျနိုင်သူတွေပါ ယူနိုင်ပါတယ်။)

Thursday, June 10, 2010

ရိုးသားတဲ့ မင်းရှေ့ကို အနာဂတ်တွေ ကြယ်တွေ အချစ်တွေ

ညီမလေးရဲ့ မျက်လုံးတွေက သိပ်လှတာပဲ
အဲဒီမျက်လုံးတွေထဲ အစ်ကို ခွေခေါက်မူးလဲသွားခဲ့ပေါ့
ခပ်ကျဉ်ကျဉ်ရာသီဥတုရဲ့ တစ်မနက်မှာ
မာဖလာအဖြူကြားပတ်တဲ့ ညီမလေး
မင်းပါးလေးတွေဟာ အလွန်မွှေး
ရနံ့သင်းတဲ့ ကော်ဖီခွက်တွေဟာ နံနက်ခင်းရဲ့အာဟာရဖြစ်ခဲ့
လက်သည်းကိုပုံဖော်သလို ညီမလေးရဲ့အစ်ကို့နှလုံးသားကလည်း
အလိုက်သင့်လှုပ်ရှားခဲ့
လှသလောက် ရိုးသားတဲ့ မျက်လုံးလေးတွေရယ်
မင်းရှေ့ကို ဆံတစ်နွယ်မှ မကွယ်ထားပါနဲ့
ဒါပေမယ့် ဆံပင်ကိုတော့ အရှည်ထားပါ ညီမလေးနော်
အိပ်မက်တွေဟာ အနာဂတ်တွေပဲပေါ့လို့ပြောရင်
ခေါင်းညိတ်ပြုံးတဲ့ ညီမလေး
ဟိုဝေးက ကြယ်တွေ လက်ချိုးရေရင်း
အချစ်တွေ ထုတ်ပြတတ်တဲ့ ညီမလေး
မနက်က စင်စင်မလင်းသေးဘူး
အစ်ကို့အကြောင်းတွေးတယ်ဆိုတဲ့ ညီမလေး
တစ်မျိုးမျိုးသော မာယာတွေရဲ့ကြားမှာ
သာယာစွာနဲ့ ဘာလို့များ အစ်ကိုပျော်ဝင်သွားရတာတဲ့လဲ
ချစ်လို့ပဲပေါ့နော်
ထောင့်ကျဉ်းထောင့်ကျယ်ဘ၀ကြီးရဲ့ အတက်အကျစံနှုန်းတွေထဲမှာ
ကိုယ့်ကိုယ်ကို တိမ်စိုင်လို ရွေ့ရွေ့မျောရင်း ညီမလေးရဲ့အစ်ကို
တစ်မနက်မှာ ညီမလေး မင်းပါးလေးတွေဟာ နံနက်ခင်းရဲ့အာဟာရ
လက်သည်းကို ပုံဖော်သလို ရိုးသားတဲ့မင်းရှေ့ကို အနာဂတ်တွေ ကြယ်တွေ အချစ်တွေ
မနက်က စင်စင်မလင်းသေးဘူး အစ်ကို့အကြောင်းတစ်မျိုးမျိုး
သာယာစွာနဲ့ဘ၀ကြီးရဲ့ တိမ်စိုင်လို ညီမလေးရဲ့အစ်ကို။ ။

လမင်းအို
10/6/2010

Tuesday, June 8, 2010

အချစ်ဆိုတာ

ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်
တစ်သက်လုံး ရင်မှာဖူးလာတဲ့ အချစ်ပန်းတွေ
စိတ်ကြိုက်လက်ကြိုက် စည်စည်ကားကား
အိပ်မက်တွေ မေ့လောက်အောင်ဖွံထွားပေမယ့်
`မျက်ရည်ခံမှည့်တစ်လုံးနဲ့ ပန်းတွေပြုန်းခဲ့တယ်
ချစ်ရမှာ သေချာလား မသေချာလား မသိရခင်
လောက်လန်းလို လူးလွန့်နေတဲ့ အချစ်တွေက
ခဏခဏ အပြင်ကို ချောင်းကြည့်လို့
စိတ်ကို တတိတိကုန်ဆုံးစေနေတယ်
တကယ်ဗျာ
အချစ်ရေးကံခေတဲ့ ဗေဒင်ဟောစာတန်းတွေ
ဟိုမှာက ချစ်သူရ၊ ဒီမှာက ချစ်သူကွဲ
သူတို့ကပဲ လွဲတာလား၊ အချစ်ကပဲမမြဲတာလား
ဆိုခဲ့သလို
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်။ ။


လမင်းအို

နေမကောင်းသေးဘူး

နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ
အိုလေ...ဘာပဲဖြစ်ဖြစ်
နေကောင်းလာရင် လာဖြစ်မယ့်အကြောင်း
တယ်လီဖုန်းကို အခါခါနှိပ်ရ ရော့...ငါးဆယ်
ဆယ်ခါ့တစ်ခါ ခေါင်းကိုဖြီးလို့
အိုက်တင်တွေ ပြောင်အောင်ပွတ်ရင်း
ဒဏ်ကြေဆေးကို လက်ထဲပွတ်ရှု
အုတူတူငါးတစ်ကောင်က တီကို ကိုက်ဆွဲ
သူ့မက်လုံးထဲ ဘယ်ငါးမျှားချိပ်က၀င်လာမလဲ
နေပူကို လရောင်အောက်ကစောင့်
သတ်ပုံမှာ အက္ခရာလွဲနေသေးသမျှ
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ။ ။
လမင်းအို

ရန်ဖြစ်သံ လုံးဝ မစဲဘူး

အလွမ်းတွေပေါ် အလွမ်းတွေစုလာတဲ့အခါ နေထိုင်မကောင်းဖြစ်လာပြီး
ကြပ်ကြပ်သပ်သပ်အလွမ်းတွေအိပ်ခန်
းထဲက တိုးထွက်လိုက်တယ် နွေဦးကိုကြိုဆိုနေတဲ့
ငါတို့ မြို့လယ်က မြင်းစီးကြေးရုပ်ကြီး အရင်လိုတောက်ပြောင်မှု
အခမ်းအနားတွေ မခမ်းနားတော့ပါဘူး တစ်စစကျဉ်းမြောင်းလာတဲ့
ဥပုသ်ချောင်းလေးရဲ့ တေးသံကို ကမ်းပါးစောင်းမှာနေတဲ့
စာရေးဆရာက လိုက်မှတ်ယူနေတယ် ကိုယ်ကောင်
နေရာအနှံ့အပြားမှာ ပိုင်ဆိုင်လိုမှုစိတ်တွေက ယားနာတစ်ခုလို
အလွမ်းတွေပေါ် နေထိုင် အိပ်ခန်းထဲက တိုးထွက်
မြင်းစီးကြေးရုပ်ကြီး မခမ်းနားတော့ပါဘူး ဥပုသ်ချောင်းလေးရဲ့
စာရေးဆရာက ပိုင်ဆိုင်လိုမှုစိတ်တွေ စုလာတဲ့အခါ မကောင်းဖြစ်လာပြီး
နွေဦးကိုကြိုဆိုနေတဲ့ အရင်လိုတောက်ပြောင်မှု
တစ်စစကျဉ်းမြောင်းလာတဲ့ တေးသံကိုလိုက်မှတ်ယူနေတယ်
အလွမ်းတွေကြပ်ကြပ်သပ်သပ်လိုက်
တယ်
ငါတို့ မြို့လယ်က အခမ်းအနားတွေ
ကမ်းပါးစောင်းမှာနေတဲ့ ကိုယ်ကောင်နေရာအနှံ့အပြားမှာ
ယားနာတစ်ခုလို ရန်ဖြစ်သံလုံးဝမစဲဘူး။ ။
လမင်းအို

မြို့ အဲဒီမြို့ ကလေးမြို့

ငယ်ငယ်တုန်းက
ကျွန်တော်ငိုရင် အမေကချော့တဲ့စကား
အိပ်ပါကလေးရယ် ကလေးရယ်အိပ်ပါ
နည်းနည်းကြီးလို့
ဆေးလိပ်သောက်တတ်တော့ အဖေကပြောတယ်
မင်းကလေးပဲရှိသေးတယ်နော် ကလေးပဲရှိသေးတယ် မင်းနော်

အဲဒီလို
မပီကလာအတွေးတွေနဲ့
မြို့ကို ငယ်မူပြန်ခိုင်းရင်
မြို့လယ်လေယာဉ်ကွင်းက စရမယ်
ကန့်လန့်ဖြတ်တောင်ဖီလာက စရမယ်
ပြောင်းပြန်စီးမြစ်သာက စရမယ်
စာဆိုရှင်ပဒုမက စရမယ်
စာကိုရေး ကလေးတည်
ကောဇာသက္ကရာဇ် ၃၂၈လို့ပဲပြောပြော
သက်တမ်းတစ်ထောင်ကျော်ပြီအထိ
လွမ်းတေးမဆိုချင်တဲ့မြို့
ရေများရာ မိုးမရွာချင်တဲ့မြို့
အိပ်မက်လှလှပဲ မက်စေချင်တဲ့မြို့

မြို့
အဲဒီမြို့
အဲဒီလို ပျိုဘော်ဝင်တသွေးတမွေးနဲ့
ရင်ခုန်နှုန်းတွေ ပြေးလွှားနေတဲ့မြို့
အဲဒီလို လမ်းမထက်ဂစ်တာသံတွေနဲ့
စိန်မြင့်၊ နန်းစံပယ်၊ ရွှေစင်ဆိုင်တွေ မပိတ်ချင်တဲ့မြို့
ဒေသထွက်လတ်ဆတ်သီးနှံတွေနဲ့
မီးခွက်နေရာအစားထိုးယူလာတဲ့ ဖယောင်းတိုင်မီးဈေးမြို့
အရုဏ်မှာဝယ်ရတဲ့ အရုဏ်ဈေးမဟုတ်တော့ဘဲ
ကိုရီးယားနဲ့အပြိုင် ခုနစ်နာရီဈေးဖြစ်လာတဲ့မြို့
မာစီဖူးလ်-အဆောင်ရှေ့မှာ ဖုန်းသံ၊ ဆိုင်ကယ်သံရှုပ်ထွေးသလို
ညနက်နက်လက်ဖက်ရည်ဆိုင်တွေ တိုးပွားနေတဲ့မြို့
ကလေး-မန္တလေး-ရန်ကုန်-ပုဂံ
ဝေဟင်ကနေ ပျံသန်းသွားနိုင်တဲ့မြို့
တဂျုံးဂျုံး တဂျက်ဂျက်နဲ့
ကလေး-ဂန့်ဂေါတစ်နေ့တာခရီးကို
မြဆင့်ချယ်ရဲ့ ရထားအမေဖတ်ပြီး စီးသွားလို့ရတဲ့မြို့
ထွန်းတောက်၊ ချင်းတောင်တန်း၊ ရှမ်းတောင်တန်းနဲ့
ရွှေပြည်သစ်၊ တောင်ပေါ်မြေပြန့်
ဒေသအနှံဆီ ဗင်၊ ဆလွန်းနဲ့ ခရီးဆန့်နိုင်တဲ့မြို့
စကားလှ၊ မဟာစည်၊ မြို့ချက်နဲ့
ဝိသုဒ္ဒါရုံတိုက်သစ် တရားရွက်သံတွေနဲ့
ဘယ်တော့မှ ပဋ္ဌန်းတွေမဆုံးတဲ့မြို့
နေမလား၊ နားမလား
ဖလမ်း၊ ဟားခါး၊ တီးတိန်၊ အိုက်ဇော
နန်းဖာလုံ-မိုရေး နေ့ချင်းပြေးလို့ရတဲ့မြို့
ကမ္ဘာ့တစ်ခုတည်းသော အသဲနှလုံးပုံရိဒ်ရေကန်ကြီးရဲ့
တံခါးပေါက်မြို့တော်ဖြစ်တဲ့မြို

မြို့
အဲဒီမြို့
အောင်မူးလိုပန်းချီဆရာတွေရဲ့
စုတ်ချက်တို့တာနဲ့
ညှို့မိသွားစေတဲ့မြို့
ကိုဇော်လိုကဗျာဆရာတွေရဲ့
ဘာသာစကားအထားအသိုတွေနဲ့
တစ်ခါတစ်ခါများတအားငိုစေတဲ့မြို

ဆရာဝင်းလိုကျူရှင်ဆရာတွေရဲ့
ခန့်မှန်းခြေအောင်ချက်စာရင်းတွေနဲ့
ပေါင်တစ်ဖက်စင်းထားတဲ့မြို့
သူရလိုကွန်ပျူတာသမားတွေရဲ့
လက်ရွေ့သံတဂွတ်ဂွတ်နဲ့
ဖိနပ်ပြတ်သွားတဲ့မြို့
အောင်သူထွန်းလိုသတင်းသမားတွေရဲ့
အပြေးအလွှားခြေသံတွေနဲ့
ကလေးကလားဆန်နေပြန်တဲ့မြို့
မင်းသားကြီးလိုဗေဒင်ဆရာတွေရဲ့
အောင်စေယတြာတွေနဲ့
တောင်လေမလာတဲ့မြို့
လင်းဖွဲ့အိမ်လိုတုတ်ထိုးသည်တွေရဲ့
အသားလှီးတဲ့ဓားထက်ထက်နဲ့
တအားရှက်တတ်သေးတဲ့မြို့
ဇွဲဆုပန်လိုဘဏ်စာရေးတွေရဲ့
တဖျတ်ဖျတ်ငွေရေတွက်သံနဲ့
အထပ်ထပ်အနေခက်ပြန်တဲ့မြို့
သော်တာစံလိုမုန့်တီသမားတွေရဲ့
အရေဖျော်အသုတ်နဲ့
အဖေခေါ် ဟုတ်ထူးတဲ့မြို့

မြို့
အဲဒီမြို့
ဒီလို
တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ
ကျွန်တော့်ဘ၀သာဖြစ်တဲ့မြို့
ချင်းတောင်ခြေကျောက်သားထက်က
မသေဆေးတွေ အသားကုန်စားပြီး
ဒီဘ၀ဒီခန္ဒာ စဲချင်တဲ့မြို့

မြို့
အဲဒီမြို့
မြစ်သာကို စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး
အမာရွက်တွေ ပြန်ခွါနေရတဲ့မြို့

မြို့
အဲဒီမြို့
လောကကမုဆိုး ကျွန်တော်မျိုးကသားကောင်ဆိုပြီး
ဒီလိုပဲ ရွေ့ရွေ့သွားတဲ့မြို့
သံယောဇဉ်တွေူ မြေကြီးပေါ်လိမ့်ကျ
ဂလဲ့စားချေတဲ့ဝတ္ထုဆန်တဲ့မြို့

မြို့
အဲဒီမြို့
အရုဏ်များရဲ့ အာရုံဦးမှာ
အဲတာကို ရွေဘော်ထိုးခိုင်းတဲ့မြို့

မြို့
အဲဒီမြို့
ဆံပင်ညှပ်သမားက ရေသောက်ပြီး
ဆီမီးသည် ကွမ်းယာစားတဲ့မြို့

မြို့
အဲဒီမြို့
အချစ်ဝတ္ထုတစ်ပုဒ်ထဲက တောင်ပေါ်သားအလွမ်းမှာ
အချစ်က တစ်ဘာသာဖြစ်တဲ့မြို့

မြို့
အဲဒီမြို့
မုန်းပိတောက်တွေနဲ့ ညီမလေးကိုချစ်တယ်ဆိုပြီး
ထောင့်ငါးရာရှင်းတမ်းတွေ ထုတ်နေတဲ့မြို့

မြို့
အဲဒီမြို့
ညီမလေးအိပ်နေတုန်း လက်ဖက်ရည်ဖိုးတောင်းပြီး
သူမရဲ့ကကြိုးကကွက်ထဲက
ဘယ်တော့မှ လူကြီးမဖြစ်နိုင်တဲ့မြို့

မြို့
အဲဒီမြို့
မော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်လ်ပီ
ညံညံစီနေပြီဆိုတဲ့မြို့
တာရာမင်းဝေ၊ မင်းလူ၊ အကြည်တော်
သိပ်ကြိုက်တဲ့မြို့
ဆုမြတ်မွန်မွန်၊ သျှင်မ
သိပ်ဖတ်တဲ့မြို့
ကိုယ့်လူရေးတာပါတဲ့ မဂ္ဂဇင်းဆို
သိပ်ကို အငှားလိုက်နေတဲ့မြို့
ကဗျာဆရာတစ်ယောက်သေရင်
ဆယ်ယောက်တပြိုင်တည်းထွက်တဲ့မြို့
အိပ်မက်တွေပေါက်ကွဲမှုနဲ့
ကဗျာရေးရင်း သတင်းဖြစ်ဖြစ်သွားတတ်တဲ့မြို့

ဘာတဲ့ဟေ့ ဆို
အောင်မင်္ဂလာဇာတ်ရုံဘေးမှာ
ဘောလုံးကန်ဖို့ ချောင်းနေတဲ့မြို့
ဘာတဲ့ဟေ့ ဆို
ပင်လုံလမ်းမတော်ထိပ်မှာ
ယာဉ်တိုက်မှုများတဲ့မြို့
ဘာတဲ့ဟေ့ ဆို
ရွှေလက်များ တံဆိပ်တွေ
မမြင်ရအဆုံးဖြစ်တဲ့မြို့
ဘာတဲ့ဟေ့ ဆို
ကဗျာဆရာတွေ
စုပြုံရောက်သွားတတ်တဲ့မြို့
ဘာတဲ့ဟေ့ ဆို
နေသာကိုသာသွား
အစုံရှိတယ်ဆိုတဲ့မြို့

မြို့
အဲဒီမြို့
ကဗျာရွက်သံတွေ ပြတ်တောက်ခဲ့
ကဗျာပြိုင်ပွဲတွေ ပြန့်ကြဲခဲ့
အဖွဲ့လိုက်ခရီးတွေ နားရစ်ခဲ့

မြို့
အဲဒီမြို့
အဲဒီလို
မပီကလာ အတွေးတွေနဲ့
မြို့ကို ငယ်မူပြန်ခိုင်းရင်
ရှင်ပဒုမစီးတဲ့ မြို့လယ်ကလေယာဉ်ပျံဟာ
တောင်ဖီလာကို ၀င်တိုက်ပြီး
မြစ်သာမြစ်ထဲ
နောက်ပစ်လဲကျသွားတော့တယ်။ ။
လမင်းအို
28/12/09

Tuesday, June 1, 2010

ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ

ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အလုံးအ၀န်းနဲ့လား လေးထောင့်ဒါမှမဟုတ် အချွန်းလား
ပုံသဏ္ဍန်ကော ရှိရဲ့လား ဒြပ်ရှိသလား
အဲဒီအချစ်မှာ မေတာဆိုတာပါသလား
ပါးထက်က ၀က်ခြံတွေညှစ်ပေးတာ အချစ်လား
ဆီဆမ်းဆားဖြူးစားတာ အချစ်လား
ချော်လဲလို့ထူပေးတာကော အချစ်ပဲလား
အစ်ကို သိနေတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အကောင်းစားကားစီးတာ အချစ်လား
အချစ်ဆိုတာ အကောင်းစားကားတစ်စီးပဲတဲ့လား
ရေမီးအစုံကရော အချစ်လား
အချစ်ဆိုတာ ရေလိုမီးလိုပဲတဲ့လား
နောက် ရှော့ပင်းခဏခဏထွက်တတ်တာ အချစ်လား
အချစ်ဆို စောင်ခြုံတစ်နွေးတဲ့လား
အစ်ကို သိပါတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
ကိုယ်ထူကိုယ်ထဆိုတာ အချစ်လား
အချစ်ဆိုတာ ကိုယ်ထူကိုယ်ထရမှာပဲလေ
အနုပညာသမားကို မေတာရှိနေတာ အချစ်လား
အချစ်မှာ အနုပညာတွေရှိနေတယ်နော်
အနစ်မွန်းခံရဲ့တာ အချစ်လား
အစမ်းသပ်ခံရဲတာ အချစ်လား
အသိမ်းပိုက်ခံရဲတာ အချစ်လား
အစ်ကိုသိတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ။ ။

လမင်းအို
29-4-2010

လမ်းဘေးမှာ နေ၀င်သွားတဲ့ကဗျာ

ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
အနားမှာ တ၀ီးဝီးနဲ့လာပြောနေတယ်
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
တစ်နေ့တစ်ပုဒ်
တစ်ပတ် တစ်ပုဒ်
တစ်လကို တစ်ပုဒ်
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
ညနေခင်း ဘုံဆိုင်ထဲကအတွေးဟာ
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
နှုတ်ခမ်းမွှေးမပါတဲ့ လူကြီးက ကဗျာတစ်ပုဒ်ကို ထရွတ်တယ်
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည် ရှည်ပြီးထွက်လာ
သူ့ရဲ့လက်ချောင်းတွေဟာလည်း ကြုံလှီလာခဲ့
ဒါကပဲ ၀မ်းစာပြည့်နေတာလား
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ရုတ်တရက် ခေါင်းတုံးတုံးပစ်တော့
ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ စိတ်ထားတွေလည်း ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ အိပ်မက်တွေလည်း ရှည်ရှည်ပြီးထွက်လာ
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
သူ့ကိုယ်သူ ကြောင်သူတော်မှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ရင်ဘတ်ကို စည်တီးလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
ကဗျာဆရာက အိပ်မက်ကို ၀င်စီး
အိပ်မက်ထဲမှာ တစ်နေ့တစ်ပုဒ်
ူသူ့ရဲ့ လက်ချောင်းတွေဟာလည်း ပိုပြီးကြုံလှီလာခဲ့
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ညနေခင်း ဘုံဆိုင်ထဲကအတွေးတွေဟာ
လမ်းဘေးမှာ နေ၀င်သွားတဲ့ ကဗျာ။ ။
လမင်းအို
22-2-2010

Sunday, May 9, 2010

မဆပ်နိုင်သေးတဲ့ မျက်နှာတွေ

ကိုယ့်အရိပ်နဲ့ကိုယ်စစ်ထိုးတဲ့ပွဲမှာ

ကျောက်ခဲလို မာကျောမိသမျှ

ပန်းပွင့်နဲ့ မျက်ရည်ကျရတယ်

လေဟာ အရှေ့အရပ်က တိုက်တယ်ဆိုပါဆို့

ငါတို့ဟာ အနောက်အရပ်ကိုပဲ လွင့်ရမယ်

မျက်ရည်တွေမဆုံနိုင်သေးသရွေ့

အိပ်မက်တွေ မျှော်လင့်ချက်မကုန်ဘူး ခြေရာမထပ်ဘူး

ရေရွတ်ခဲ့ဖူးတဲ့ ပန်းခင်းတွေ

ဖောက်ထွင်းခဲ့ဖူးတဲ့ ရသတွေ

. . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . .

ဘာပဲဖြစ်ဖြစ် မျက်ရည်ဟာ မျက်ရည်ပါ

ရွက်ကြွေလို့ အရောင်ဖျော့မှိန်ရပေမယ့်

လေအဝှေ့ကို မွေ့နေမိသေးတယ်။ ။

လမင်းအို

ပန်းအလင်္ကာ၊ ၂၀၁၀၊ မေ

Friday, April 30, 2010

သတင်းကောင်း



ဒီကမောင်မှာ

ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

မည်းမည်းကြုတ်ကြုတ်

ဝတုတ်တုတ်က
မောင်လေးမ..အား
မထားခဲ့နဲ.။

မျက်နှာပြဲပြဲ

သွားကျဲကျဲက
ကိုကြီးမီးကို
ပစ်နဲ.ဆို။

နဖူးမောက်မောက်

နှာရောင်ကောက်က
ချစ်သူသက်ဆုံး
ပစ်မမုန်းနဲ.။

ထို.ကြောင့်

ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

ရယ်၊ချစ်သူများ

စိတ်ဝမ်းပါးလျှင်
ကျုပ်ထံဆက်သွယ်နိုင်ပါ၏။

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကလေးမြို့တွင် ကျင်းပသည်

ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပသည့်
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား
ကို 21.3.2010 (တနင်္ဂနွေနေ့)တွင် မင်္ဂလာဥယျာဉ်ရပ်ကွက်၊
မင်္ဂလာဥယျာဉ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ကလေးမြို့တွင်
ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး 2006 ခုနှစ်တွင် တမူးမြို့တွင်
ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၄င်းပွဲသို့ ကလေးမြို့ခံ
စာပေသမားများဖြစ်သော ဆရာသန်းရွှေဦး(ကလေး)၊ ဆရာမြရွက်၊
ဆရာမောင်ယဉ်အောင်(ကလေးမြို့)၊ ဆရာမောင်ကိုမောင်(ကလေး)တို့နှင့်
ရွှေလက်များလူငယ်စာပေပရဟိတအဖွဲ့ဝင်များဖြစ်သော ဆရာ သော်တာစံ(ကလေး)၊ ဆရာ
ဇွဲဆုပန်(ဆားလင်းကြီး)၊ ဆရာ လင်းဖွဲ့အိမ်၊ ဆရာသူရ(ကလေး)၊ ဆရာ လမင်းအို၊
ဆရာ မိုဃ်းဇက်သော်၊ ဆရာ မောင်မှိုင်းရီ(ဘူမိ)၊ ဆရာ
ကြယ်စင်ရောင်(ဘူမိ)နှင့် အဖွဲ့ဝင်စာပေ၀ါသနာရှင်များတက်ရောက်ကြပြီး
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာပေစကားများပြောကြားခြင်း၊
ကဗျာများရွတ်ဖတ်ခြင်းများကို ပြုလုပ်ကြပြီး မြို့ပေါ်မှ
စာပေ၀ါသနာရှင်များတက်ရောက်နားထောင်ကြကြောင်း သိရပါသည်။
အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့မှ တာဝန်ဖြင့်ရောက်ရှိလာသော ကဗျာဆရာ
မြတ်ဝေ မှ အမှတ်တရ ကဗျာရွတ်ဖတ်ပေးခဲ့ကြောင်းလည်း သိရပါသည်။ ၄င်းပွဲကို
စူပါကော်ဖီမစ် မှ
စပွန်ဆာပေးခဲ့ပြီးအောင်မြင်စည်ကားသိုက်မြိုက်စွာပြီးဆုံးခဲ့ကြောင်းပါခင်ဗျာ။

အတွေးဆယ့်ကိုးကြိမ်

ဖီးလိမ်းပြင်ဆင်ခြင်း အလျင်းမရှိပေမယ့်
ဝင်းပတဲ့အမေ့မျက်နှာ ရှက်စရာ
မြူမှုန်တစ်ထပ် သားကြောင့် ကပ်နေသလား အမေ
မပြတ်သားခဲ့တဲ့ ကျွန်တော်ဟာ
အပ်ဖျားပေါ် ငုတ်တုပ်ထိုင်ရင်း
ဆုပ်ကိုင်မပြနိုင်တဲ့ အယောင်ဆောင်အိပ်မက်ဖူးတွေနဲ့
လှောင်ပြောင်ဖို့ စိတ်ကူးခဲ့မိတာပါ
နိမိတ်ပုံတွေကို စိတ်ကုန်နေတာလားအမေ
ဘုတ်အုပ်တွေထဲ သားနာမည်ဖြဲရှာရင်း
အမေကျွေးတဲ့ထမင်းနဲ့ အမေ့ကိုပျင်းခဲ့တယ်
မလင်းပတဲ့ သားရဲ့လက်ဖျားတွေဟာ
ရွှေထက်ရှားမယ် အမေ
အမှားတွေဝယ်မိတဲ့ ကျွန်တော့်နောင်တတွေနဲ့
အောင်/ကျ စာရင်းက ဆုတ်ခွာ
ဟုတ်တယ် ကျွန်တော်ယုတ်မာခဲ့ဖူးတယ်
စုတ်ချာတဲ့စိတ်အစုံနဲ့ အမေ့ခြေနားပုံပစ်လဲ
အကုန်အထင်လွဲသွားပါစေ
အမေပြုံးမယ့် အူခြစ်အပြုံးနဲ့
သား လူဖြစ်မရှုံးပါရစေနဲ့လား အမေ။ ။

လမင်းအို

ဇရာ

ကျွန်တော့်အနာဂတ် သံမဏိကြိုးပြတ်သွားတဲ့အခါ ကျွန်တော်ဟာ
ကျောတစ်ခင်းစာကိုမှ မပိုင်ခဲ့ပါဘူး မနေတတ်ခဲ့လေသမျှက မိုင်ကုန်
မောင်းနေတဲ့မီးစက်ကြီး အင်ဂျင်ဝိုင်ခန်းသွားသလို ပြ့တ်တောက်သွားမှ
ရယ်မောမှုတွေ ဆိတ်ငြိမ်သွားတာပါ လောကနီတိကိုလည်း မကျေညက်မိလေတော့
ကွမ်းယာကိုသူများကျွေးတိုင်းမစာ
း တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်သူပါ
ရီဝေေ၀အပြုံးတွေနဲ့ ပြုံးပြသူတိုင်း ကိုယ်လိုမှီဝဲသူလို့ထင်မိတာလည်း
တုန်ယင်နေတဲ့လက်အစုံနဲ့ပေါ့ ရုတ်တရက်မှောင်ကျသွားတဲ့
ဇာတ်ခု့ပေါ်မှာ သရုပ်ဆောင်တွေဘာမှမလုပ်တတ်ကြသလို
ကျွန်တော်မောင်းနှင်နေတဲ့ အာရုံတွေကုန်ဆုံးသွားတော့ ကျွန်တော့်မှာ
သံမဏိကြိုးလေးပြတ်သွားတဲ့အခါ မိုင်ကုန်မောင်းနေတဲ့
ရယ်မောမှုတွေ မကျေညက်မိလေတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို
ပြုံးပြသူတိုင်းကို ကိုယ်လိုတုန်ယင်နေတဲ့ ဇာတ်ခုံပေါ်မှာ
မောင်းနှင်နေတဲ့ ကျွန်တော့်မှာ ကျွန်တော့်အနာဂတ်ကျောတစ်ခင်းစာကိုမှ
မပိုင်ခဲ့ပါဘူး မီးစက်ကြီးပြတ်တောက်သွားမှ ကွမ်းယာကိုသူများကျွေးတိုင်းမစား
ရီဝေေ၀အပြုံးတွေနဲ့ မှီဝဲသူလို့ထင်မိတာလည်း ရုတ်တရက်
သရုပ်ဆောင်တွေ ဘာမှမလုပ်တတ်ကြသလို အာရုံတွေကုန်ဆုံးသွားတော့
ကျွန်တော်ဟာ မနေတတ်ခဲ့လေသမျှက အင်ဂျင်ဝိုင်ခန်းသွားသလို
ဆိတ်ငြိမ်သွားတာပါ လောကနီတိကိုလည်း ဂရုစိုက်သူပါ
လက်အစုံနဲ့ပေါ့ မှောင်ကျသွားတဲ့ ကျွန်တော်။ ။
လမင်းအို
8/1/09

ကတိ

အချစ်သိလား
မောင့်အသွေးသားတွေ
မင်း အတွက်ပဲ ဖြစ်စေမယ်
သို့ဂလိုပဲ
အချစ်သိလား
မောင့် အကြွေးဇယားတွေ
မင်းအတွက်ပဲ ဖြစ်စေမယ်(ဟဲ ဟဲ)။ ။

လမင်းအို
သောကြာစာစောင်၊ ဒီဇင်ဘာ၊ ၂၀၀၈

ခေါင်းလောင်းသံတွေကြားတိုင်း

စာကိုမသိလို့ ပြာယာခတ်နေခဲ့တာ ကျွန်တော်ပါ
ဆာလောင်မှုတွေ ရှိတိုင်း စာစာလို့ အော်ညည်းမိတာ
ကျွန်တော့မှာ ပြစရာဆိုလို့ လူရာမ၀င်တဲ့ ဝေဒနာတွေပဲရှိတယ်
မနက်တစ်ခါ ညတစ်ခါ စာအုပ်တွေကို ရှိခိုးလို့
ခေါင်းလောင်းသံတွေကြားတိုင်း လွယ်အိတ်လွယ်ခွင့် မရှိတဲ့
ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ် သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ အမေ့မျက်နှာ ဟိုဘက်လှည့်မသွားပါနဲ့
ဟိုမှာ ကျွန်တော့သူငယ်ချင်းတွေ စာအံနေပါလား
ကျွန်တော့ကို ကကြီး၊ ခခွေး ပြောပြပေးပါလား အမေရယ်
စာကိုမသိလို့ စာစာလို့ အော်ညည်းမိတာ ကျွန်တော့်မှာ
ပြစရာဆိုလို့ ဝေဒနာတွေပဲရှိတယ် မနက်တစ်ခါ ညတစ်ခါ
ခေါင်းလောင်းသံတွေကြားတိုင်း သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ ဟိုဘက်လှည့်မသွားပါနဲ့ ဟိုမှာ
ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို ပျာယာခတ်နေခဲ့တာ
ဆာလောင်မှုတွေရှိတိုင်း လူရာမ၀င်တဲ့ စာအုပ်တွေကို ရှိခိုးလို့
လွယ်အိတ်လွယ်ခွင့် မရှိတဲ့ ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ်
အမေ့မျက်နှာ စာအံနေပါလား ကကြီး၊ ခခွေး
ပြောပြပေးပါလား အမေရယ် ကျွန်တော်ပါ။
(လမင်းအို)
သာစည်ရွာ၊ ကျောင်းစိန်ရတုအထိမ်းအမှတ်စာစောင်၊2009

Thursday, April 29, 2010

ကိုယ်ရေးကိုယ်တာမသိတဲ့ ငှက်တစ်ကောင်

ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ လမ်းပေါ်မှာ
ကိုယ်လို အခြေမဲ့တွေများကြောင်းသိရတယ်
အိပ်မက်ကိုချိန်တွယ်တဲ့စက်လည်း မရှိတော့ ကိုယ့်အတ္တ
ဘယ်လိုရောင်းကောင်းကြောင်း မသိရသေး
ခေါင်းထဲမှာသီဆိုမယ့်သီချင်းအပိုင်းအစတွေ ယစ်မူးတုန်း
ကိုယ့်စကားအမှားအတွက် ကိုယ့်ပါးကိုရိုက်ခဲ့ရတယ်
ချိန်းချောင်တဲ့စက်ဘီးတစ်စင်းလို
ု ဘောင်ဘင်ခတ်တတ်တဲ့မျက်နှာပေါ်က အဆီပြင်တွေ
ခြစ်ထုတ်လို့ရအောင် ရွှဲသီးနေကြ
ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း ဟင်းကောင်းစားရကြေးဆို
မျက်ခမ်းလှုပ်တိုင်း ရန်ဖြစ်ရမယ်
နှာချေမိတိုင်း အတင်းပြောခံရမယ်
အမြီးကိုထိလို့ ခေါင်းထောင်ထောင်ကြည့်တတ်တဲ့
အမွှေးစုတ်ဖွားနဲ့ခွေးလို ငါလှုပ်ရှားသမျှ
ငါ့အသားဖောင်းကြွဖို့ဖြစ်လာ
ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း
ခုဆို ၀တ်ရည်ကိုသိုလှောင်တဲ့ အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ ။
စိတ်လှုပ်ရှားတိုင်းမီးခိုးအဖြစ်ခံရတဲ့
ဗူးထဲကတံဆိပ်တစ်မျိုးနဲ့ စီးကရက်တွေ
ညလူခြေတိတ်တိုင်း ငါ့စိတ်တွေ နမော်နမဲ့ တဇွတ်ထိုး
အလိုလိုက်ခံရပုံက လမ်းပေါ်မှာ အခြေမဲ့တွေ
အိပ်မက်ကိုဘယ်လိုရောင်းကောင်းကြောင်းမသိရသေး
ခေါင်းထဲမှာ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ချိန်းချောင်တဲ့
စက်ဘီးတစ်စင်းလို အဆီပြင်တွေ ရွှဲသီးနေကြ
မျက်ခမ်းလှုပ်တိုင်း နှာချေမိတိုင်း ခေါင်းထောင်ထောင်ကြည့်တတ်တဲ့
ငါ့လိပ်ပြာလှလှတွေဟာလည်း ခုဆိုစိတ်လှုပ်ရှားတိုင်း
ဗူးထဲကတံဆိပ်တစ်မျိုးမျိုးနဲ့ စီးကရက်တွေ ငါ့စိတ်တွေ
ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ ချိန်တွယ်တဲ့စက်လည်းမရှိတော့
သီဆိုမယ့်သီချင်း ဘောင်ဘင်ခတ်တတ်တဲ့ ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း
အမြီးကိုထိလို့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါ့အသားဖောင်းကြွဖို့ဖြစ်လာ
အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ စီးကရက်တွေအလိုလိုက်ခံရပုံက
ကိုယ်လိုများကြောင်းသိရတယ် ကိုယ့်အတ္တအပိုင်းအစတွေ
ကိုယ့်ပါးကို ရိုက်ခဲ့ရတယ် မျက်နှာ`ပေါ်က ခြစ်ထုတ်လို့ရအောင်
ဟင်းကောင်းစားရကြေးဆို ရန်ဖြစ်ရမယ် အတင်းပြောခံရမယ်
ငါလှုပ်ရှားသမျှ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့
ဝတ်ရည်သိုလှောင်တဲ့ မီးခိုးအဖြစ်ခံရတဲ့
ညလူခြေတိတ်တိုင်း နမော်နမဲ့ တဇွတ်ထိုး။ ။

သူမ၏ ကကြိုးကကွက်



'ကလီယို' ကို ကိုင်ပေါက်နိုင်တဲ့
သူ့အလှကို
ကျွန်တော်က လက်ဖက်ရည်တစ်ခွက်နဲ့
လဲသောက်ချင်ပါတယ်။
ပြိုင်မြင်းတိုင်း
အနိုင်မရခဲ့သလို
ဟောဒီ ဆေးလိပ်တိုကို
ဘယ်သူမှ သတိမထားမိဘူး။
ခပ်ကျဲကျဲ ကော်ဖီတစ်ခွက်နဲ့
အသာယာ နှစ်သိမ့်ထားတာ
ဖြူလွလွ စက္ကူတွေကိုပြပြီး ကြွားတာ
ဒီဆိုင်ကို မနှစ်သက်လို့လား
ငါ့မှာတော့
ငရုတ်သီးတစ်တောင့် ပိုစားမိလို့
ဗိုက်အောင့်တဲ့ ပညာရှိလို
အခန်းဆက် အိပ်မက်တွေနဲ့
နှလုံးသား
မြေမျိုခံနေရတယ်။ ။

မုန်းပိတောက်

နှစ်စဉ်နှစ်တိုင်း ငါမပျော်တဲ့ပိတောက် ရောက်လာပြီ
သူ့လောကဧရိယာက ဘယ်လောက်ကျယ်ပြန့်လို့
ငါ့ကိုအတင်းလာနမ်းခိုင်းနေတာလဲ
သူလိုကိုယ်လိုအ၀ါရောင်တစ်စွန်းတစ်စကို
ရွှေအိုရောင်အမည်တပ်လို့ခပ်ထန်
ထန်ပြုံးနေပုံက သူ့ကို ခေါင်းတုံးတုံးပစ်ချင်စရာ
ရေလေးတစ်ဖျောက်နှစ်ဖျောက်ပက်မိတာနဲ့
သူကမြူးတူးစွာခုန်ပေါက်
ဟော အပျိုမတွေရဲ့ ခေါင်းပေါ်ရောက်သွားရော
ကောင်းဗျာ...
ပြောသေးတယ် သူ့ကိုတစ်နာရီသာ ဆင်ယင်ခွင့်ရှိတယ်တဲ့
ဝေလေလေငှက်တစ်ကောင်လာနားရုံနဲ့ ပွင့်လွှာတွေလျှောကျ
ပြောရမှာလည်း ရှက်ပါတယ် ဒါဆို နှစ်သစ်ကူးပြီတဲ့
သူ့လောကဧရိယာတစ်စွန်းတစ်စကို ခပ်ထန်ထန်ပြုံးနေပုံက
တစ်ဖျောက်နှစ်ဖျောက်ပက်မိတာနဲ့ ခေါင်းပေါ်ရောက်သွားရော
သူ့ကိုတစ်နာရီသာ ဝေလေလေငှက်တစ်ကောင်လာနားရုံနဲ့
ပြောရမှာလည်း ရှက်ပါတယ် ဘယ်လောက်ကျယ်ပြန့်လို့
ရွှေအိုရောင်အမည်တပ် ခေါင်းတုံး တုံးပစ်ချင်စရာ
သူကမြူးတူးစွာခုန်ပေါက် ကောင်းဗျာ
ပြောသေးတယ် ပွင့်လွှာတွေလျှောကျ
နှစ်သစ်ကူးပြီတဲ့ ငါ့ကိုအတင်းလာနမ်းခိုင်း
သူလိုကိုယ်လိုအ၀ါရောင် ရေလေး
ဟော... အပျိုမတွေဆင်ယင်ခွင့်ရှိတယ်တဲ့
ဒါဆို နှစ်စဉ်နှစ်တိုင်း ငါမပျော်တဲ့ပိတောက် ရောက်လာပြီ။