Friday, November 26, 2010

ကလေး-တောင်ညိုစကား(စနေနံနှစ်လုံး၊ အင်္ဂါနဲ့ သူ့နာမည်တပ်လွှတ်တဲ့ကိစ္စ)

အိနိယနယ်စပ် တမူးမြို့၊ ချင်းပြည်နယ် စတဲ့ ဒေသများဆီကို
ကုန်စည်တွေလွယ်လင့်တကူ စီးဆင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့
တံခါးပေါက်မြို့တစ်ခုဖြစ်တဲ့ ဖိုးတွယ်နေထိုင်တဲ့မြို့မှာ
စာဖတ်သူတွေအတွက်ဖတ်စရာ ဂျာနယ်၊ မဂဇင်းတွေရောက်ရှိဖို့ဆိုတာ အပေါ်လမ်းနဲ့
အောက်လမ်း (၂)လမ်းပဲရှိပါတယ်။ အပေါ်လမ်းဆိုတာက
လေယာဉ်ခရီးစဉ်နဲ့ရောက်လာတာဖြစ်ပြီး အောက်လမ်းဆိုတာကတော့ မော်တော်ကား၊
မီးရထား၊ သင်္ဘော စတာတွေနဲ့ ရောက်လာတာပါ။ ဖိုးတွယ်က မနလေးထုတ်
ဂျာနယ်တစ်စောင်မှာ အပတ်စဉ်ဝင်ရေးနေတာဆိုတော့ မေတာလက်ဆောင်ပေးတဲ့
ဂျာနယ်တွေကို မနလေး-ကလေး ကုန်စည်နဲ့ခရီးသည်တွေ သယ်ဆောင်ပြေးဆွဲနေတဲ့
ကားဂိတ်တစ်ခုနဲ့ ချိတ်ဆက်ပြီး တစ်ပတ်တစ်ခါ ဂျာနယ်ပါဆယ်ထုပ်ကို
အယ်ဒီတာအဖွဲ့က ပို့ပေးပါတယ်။ မနလေးက ပို့လိုက်တဲ့ ဂျာနယ်ပါဆယ်ထုပ်ကို
တစ်ညစောင့်ပြီး နောက်တစ်နေ့ကျမှ ကလေးမြို့ကားဂိတ်မှာ သွားယူရပါတယ်။
ဖိုးတွယ်မှာရှိတဲ့ အနီမှာ အဖြူစပ်ထားတဲ့ ဟီးရိုးစက်ဘီးအဟောင်းလေးနဲကပေါ့။
ပုံမှန်အားဖြင့်တော့ နေ့ခင်းတစ်နာရီလောက်မှာ ကားဝင်လာတာဖြစ်ပေမယ့်
တစ်ခါတစ်ရံ လမ်းချို့ယွင်းမှုတွေဘာတွေဖြစ်ရင်တော့ ညနေ လေးနာရီလောက်မှသည်
မိုးချုပ်ပိုင်းလောက်မှ ကားဝင်လာတတ်ပါတယ်။ ဒါက ကုန်စည်ပစည်းများ
ကလေးမြို့ကို ဆိုက်ရောက်ရာ အချိန်ပါ။ သင်္ဘောလိုင်းနဲ့ဆိုရင်တော့
ကလေးဝဆိပ်ကမ်းမှာ ညနေပိုင်းလောက်ရောက်တတ်တော့ ပုံမှန်
မိုးချုပ်လောက်ဝင်တာပေါ့။ ဆိုတော့ကာ ဂျာနယ်တွေရောက်လာမယ့်ရက်ဆို
နေ့ခင်းလောက်ကတည်းက အိမ်ကနေစက်ဘီးနဲ့ ထွက်လာခဲ့ပြီး ကားဝင်းနားက
လက်ဘက်ရည်ဆိုင်မှာ ကျောက်ချရပ်နားလို့ ကားအ၀င်စောင့်ရပါတယ်။
ကားတွေဝင်လာပြီဆို ဂိတ်တာဝန်ခံဆီသွားပြီး ဂျာနယ်ထုပ် ပါ၊ မပါ မေးရ၊
ပါလာခဲ့တယ်ဆိုရင်တော့ မနလေးက တန်ဆာခရှင်းပေးလိုက်တော့
အရန်သင့်ပါဆယ်ထုပ်ကို ယူသွားရုံပါပဲ။အားလုံး အဆင်သင့်၊ အဆင်ပြေပဲပေါ့။
ဒါပေမယ့် လူ့သဘာဝအတိုင်း အဖုအထစ်လေးတစ်ခုကို တွေ့လာရပါတယ်။ ဘာလဲဆိုတော့
(တောင်ညိုစကားရဲ့မူအတိုင်း ရှင်းရှင်းပြောရမယ်ဆိုရင်) မနလေးက
တန်ဆာခရှင်းပေးပြီးသားကို ကလေးမြို့ကားဂိတ်မှာ
တန်ဆာခထပ်တောင်းလိုက်ခြင်းပါပဲ။ ပထမတစ်ကြိမ်တောင်းတော့ " တန်ဆာခ
ရှင်းပြီးသားမှတ်လို့ ပိုက်ဆံပါမလာခဲ့ဘူးဗျာ" လို့ဆိုတော့ ဖောင်းကိုင်တဲ့
အစ်ကိုကြီးက " ရပါတယ်၊ နောက်မှပေး" ဆိုလို့ ဂျာနယ်ထုပ်ကိုယူခဲ့ရပါတယ်။
အယ်ဒီတာအဖွဲ့ကို ဖုန်းဆက်မေးကြည့်မှ တန်ဆာခရှင်းပေးပြီးသားမှန်း သိရတော့
ကလေးကားဂိတ်ကို ဖုန်းဆက်ပြီး တန်ဆာခကို (မန်းရှင်း) မှန်းပြောလိုက်တယ်။
ဒါက ဒီမှာ ပြီးသွားပြီလို့ပြောလို့ရပေမယ့် နောက်တစ်ခေါက်က ပိုဆိုပါတယ်။
ဖိုးတွယ်က စာမေးပွဲကိစနဲ့ မအားတာမို့
ဂျာနယ်ထုပ်ကိုသူငယ်ချင်းတစ်ယောက်နဲ့ယူခိုင်းလိုက်တယ်။ " တန်ဆာခက
သုံးထောင့်ငါးရာ" ဆိုတော့ မယူခဲ့ရဘူးတဲ့။ ဖိုးတွယ်က
တန်ဆာခရှင်းပေးပြီးသားလို့ ပြောလိုက်တာကိုး။ ဒါနဲ့ အယ်ဒီတာအဖွဲ့ဆီ
ဖုန်းဆက်ရပြန်ရော။ နှစ်ခါတောင်ရှိပြီ။ ဒီအယ်ဒီတာအဖွဲ့ဘယ်လိုလုပ်တာလဲဟ
ဆိုပြီး စိတ်ထဲ စနိုးစနောင့်ဖြစ်နေမိတယ်။ " တန်ဆာခ မန်းရှင်းပြီးသားပါ။
နှစ်ထောင့်ငါးရာ ပေးရတယ်" ဆိုတော့ " ဟိုက် လုပ်ချလိုက်ပြန်ပြီ"
ဖြစ်သွားရတယ်။ ဒီလိုနဲ့ အယ်ဒီတာအဖွဲ့ကလည်း မန်းဂိတ်မှာ
သွားပြောဖိုးတွယ်ကလည်း (အဲ ဟုတ်ဖူး) ဖိုးတွယ်ကတော်က သွားပြောရတယ်။
နောက်ဆုံးဂျာနယ်ရလာခဲ့ပြီဆိုတော့ အထုပ်က ဖောက်ထားတာကိုတွေ့လိုက်ရပြန်ရော။
ဖိုးတွယ်လည်း စိတ်မကောင်းခြင်းများစွာနဲ့ ချက်ချင်း အယ်ဒီတာအဖွဲ့ဆီ
ဖုန်းနံပါတ်နှိပ်လိုက်ပြီး အကျိုးအကြောင်းပြော၊ အရေအတွက်ကိုက်၊ မကိုက်
မေးကြည့်ပြီး ဘာမှ အပျောက်အရှမရှိဘူးဆိုမှ စိတ်အေးရပါတော့တယ်။ ဒါကတော့
ကလေး-မနလေးကို နေ့စဉ် အချိန်မှန်မှန် ပြေးဆွဲပေးနေတဲ့ စနေနံနှစ်လုံးနဲ့
ကားလိုင်းတစ်ခုနဲ့ ဖိုးတွယ် ကြုံရဆုံရတဲ့ အကြောင်းပါ။

××××××××××=========×××××××××××××
ဒီ နိုဝင်ဘာလထဲမှာ ဖိုးတွယ် သိနေ၊ မြင်နေရတာကတော့ ကြာပါပြီ။ ရေးသင့်
မရေးသင့် စဉ်းစားနေလို့ပါ။ုနိုင်ငံတော် အစိုးရက ဆီဆိုင်တွေကို ပုဂလိက
ချပေးပြီးတဲ့နောက် ဖိုးတွယ်တို့ဆီမှာ လိုင်စင်ပါဆိုင်ကယ်၊ သုံးဘီး၊
ကားတွေ ဆီထုတ်ဖို့ နေရာ နှစ်နေရာရှိပါတယ်။ ကလေးမြို့ထဲက ဆိုင်နဲ့
ကိုးမိုင်ဘက်က ဆိုင်ပါပဲ။ ကိုးမိုင်ဘက်မှာတော့ ဆီထုတ်သူ သိပ်မများဘူးလို့
သိရပေမယ့်(ဝေးလို့ပါ) မြို့ထဲမှာတော့ ဆိုင်ကယ်သမားတွေ (တစ်မိုင်)
နီးနီးခန့်ကို နေပူပူ မိုးရွာရွာ ရထားတဲ့နေရာလေး ပျောက်မသွားဖို့
ရပ်မှာပဲ ဆိုတဲ့စိတ်နဲ့ တန်းစီနေတာကို ဖိုးတွယ်
ဖြတ်သွားဖြတ်လာလုပ်တိုင်း မြင်နေရပါတယ်။ ဘာလို့များ ဒီလောက်ထိ ဆင်းရဲ
ဒုကခံနေရတာလဲ မေးကြည့်တော့ သူတို့ရဲ့ တစ်နေ့တာဝင်ငွေက လေးထောင်ကနေ
ခြောက်ထောင်လောက်ရှိတယ်ဆိုတော့ " ဟိုက်ရှားပါး" လို့အော်မိပါတယ်။ ဒီ
ဆီဆိုင်တွေက ချပေးတဲ့ ဈေးနဲ့ အပြင်လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက
ဈေးနဲ့ တစ်ထောင်ဝန်းကျင်လောက်ကွာတယ်လို့လည်း သိရပါတယ်။
အပြင်လမ်းဘေးဆိုင်တွေက ပိုများတာ ပေါ့လေ။ ခုဆို ဆီတစ်စိပ်ကို (၁၂၀၀)
တောင်ဖြစ်သွားပြီဆိုတော့ တန်းစီနေတဲ့ ဆိုင်ကယ်တွေကို
မျက်စိထဲမြင်ယောင်မိလာပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ သုံးဘီးသမားတွေပါ
ဆိုင်ကယ်တွေနဲ့ အပြိုင် တန်းစီယှဉ်ပြိုင်နေတာကို တွေ့ရပြီး
မြို့ရဲ့နှစ်လမ်းသွားလမ်းမကြီးဟာ တစ်လမ်းသွားလောက်ပဲ ကျန်တော့တာမို့
ခရီးသွားယာဉ်တွေ၊ လူတွေအတွက် ထိမှုခိုက်မှု
အနရာယ်တွေဖြစ်လာနိုင်ကြောင်းပါခင်ဗျာ။
××××××××××=========×××××××××××××
ဖိုးတွယ်တို့မြို့မှာ ကဗျာဆရာတွေက လက်ဖက်ရည်ဆိုင်ဖွင့်ခြင်းကိစရပ်က
အတော်ခေတ်စားပါတယ်။ အခုလက်ရှိ နောက်ဆုံးဖွင့်ထားသူက
ကဗျာဆရာမောင်ကံချို(ကလေး)ရဲ့ တူ လင်းဖွဲ့အိမ်က " လင်းဖွဲ့အိမ်" ဆိုပြီး
ပင်လုံလမ်းမတော်ထဲမှာ အောင်မူးဂယ်လာရီနဲ့အပြိုင် ဖွင့်လှစ်ထားပါတယ်။
ဖိုးတွယ်ပြောချင်တာက မြို့မှာ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့
ကဗျာဆရာရဲ့ အကြောင်းပါပဲ။ စာပေလောကကြီးမှာ နယ်ကပို့လိုက်တဲ့ စာမူတွေကို
မသုံးဘဲ ကိုယ့်နာမည်ခပ်တည်တည်တပ်ပြီး တခြားမဂဇင်းတွေပို့တဲ့ အယ်ဒီတာတို့၊
ဟိုနည်းနည်း ဒီနည်းနည်းယူပြီး ကိုယ့်စာဖြစ်အောင်လုပ်တဲ့ အယ်ဒီတာတို့
စသဖြင့် ဖိုးတွယ်ကြားဖူးပါတယ်။ (ဖိုးတွယ်ကတော့ ဒီလိုမကြုံဖူးတာ
ကံကောင်းခြင်းပဲပေါ့) ခု ကဗျာဆရာကတော့ ဒေသခံဝါသနာရှင်တွေရဲ့
ကဗျာအချို့ကို ပို့ပေးမယ်ပြောလို့ တောင်း၊နောက် သူ့နာမည်တပ်လွှတ်လိုက်တဲ့
ကိစပါပဲ။ ဒါကို ဖိုးတွယ်နဲ့ ရင်းနှီးသူတွေက ရင်ဖွင့်သလိုလို
ပြောလာကြပါတယ်။ ခုတော့ အဲဒီကဗျာဆရာလည်း ရန်ကုန်ဘက်က ဂျာနယ်တစ်စောင်မှာ
ဝင်လုပ်နေတယ်ကြားရပါတယ်။ သူ့ကဗျာတွေကိုတော့ မဂဇင်းတွေထက်မှာ
နည်းပါးစွာတွေ့မြင်ရပြီး သူလုပ်တဲ့ဂျာနယ်ထက်မှာပဲ သူ့လက်ရာစုံကို
တွေ့မြင်ရကြောင်း ဒီတစ်ပတ် ကလေး-တောင်ညိုစကားကနေ ဆိုလိုက်ရပါတယ်။
ကိုယ့်ကဗျာကို ကိုယ့်နာမည်တပ်နိုင်ကြပါစေ။ ။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
trphee.91@gmail.com သို့ဆက်သွယ်ဝေဖန်နိုင်ပါသည်။

No comments:

Post a Comment