Showing posts with label တစ်မျက်နှာ ၀တ္ထုတို. Show all posts
Showing posts with label တစ်မျက်နှာ ၀တ္ထုတို. Show all posts

Monday, September 13, 2010

ဂျင်ပေါ်ကထုံး

ကျုပ်တို့ ရပ်ကွက်ထဲက ဦးစံလှတစ်ယောက်ဟာ ဗေဒင်ဆို လွှတ်ယုံသူပေါ့။ သူ့မှာ တစ်လတစ်လ ဂျာနယ်၊ မဂဇင်းတွေ ၀ယ်လိုက်ရတာ မနည်းဘူး။ ဖတ်လားဆိုတော့ ဖတ်တယ်။ ဗေဒင်ကဏ္ဍကိုလေ။ ကျန်တာတွေ လုံးဝမဖတ်ဘူး။ ဆရာ စံဇာဏီဘိုတို့၊ ဆရာမ စောယုနွယ်တို့ဆိုတာ သူအမြဲဖတ်နေတဲ့ဗေဒင်ဆရာတွေပေါ့။ ဒီလတော့ ဆရာဟောတာ မှန်တယ်။ ဒီလတော့ ဆရာမက ပိုမှန်တယ်ဆိုပြီး သူ့အိမ်သားတွေကို ပြောနေကျ။ ဗေဒင်က ခွေးသုံးကောင် အစာကျွေးပါဆိုရင် ကျွေးပြီးသား၊ ဗေဒင်က ထီပေါက်ကိန်းရှိတယ်ဆိုရင်လည်း ထိုးပြီးသား။ အဲလောက်ထိကို ၀ါသနာကြီးတဲ့သူ။ မြို့ပေါ်မှာ သူမမေးဖူးတဲ့ ဗေဒင်ဆရာဆိုတာ မရှိတော့ဘူး။ ချောင်ကြိုချောင်ကြားက ဗေဒင်ဆရာထိ သွားမေးဖူးတယ်။ အဲ... တစ်ယောက်တော့ ကျန်နေသေးတယ်။ အဲဒါက ပင်လုံလမ်းမတော်ထဲမှာ ဆိုင်းဘုတ်ခန့်ခန့်ထည်ထည်နဲ့ ဟောနေတဲ့ သမုတိသစ္စာဆိုတဲ့ ဗေဒင်ဆရာ။ စာရေးဆရာ ဦးမျိုးသိန်းပေါ့။ ဦးစံလှက ဒီတစ်ယောက်ကျ စိတ်ဖောက်လာတယ်။ ဦးမျိုးသိန်းကို သူမယုံဘူး။ ဘာကြောင့်ဆို သူနဲ့ ဦးမျိုးသိန်းနဲ့က ကျောင်းနေဖက်တွေ၊ အတန်းထဲမှာ ဗေရွှင် ဗေရွှင်ဆိုပြီး လိုက်ဟောနေကျ။ ဦးမျိုးသိန်းအကြောင်းသိတော့ သိပ်မယုံချင်ဘူးပေါ့။ ဒါပေမယ့် မမေးရရင်လည်း မနေနိုင်ဆိုတော့ မယုံပေမယ့်လည်း သွားမေးမိတော့တယ်။ ဦးမျိုးသိန်းက သူ့ကို တစ်ခွန်းပဲ ဟောပေးလိုက်တယ်။
" တစ်ပတ်အတွင်း နာမည်ပျက်ကိန်းရှိတယ်။ မဖြစ်စေချင် ဘုရားကိုးဆူပြည့်အောင်ပုတီးစိပ် " တဲ့။
ဦးစံလှ နည်းနည်းတော့ ဖြုံသွားတယ်။ ဒီကောင်တကယ်ပြောနေတာလားဆိုပြီး ဦးမျိုးသိန်းရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ခပ်တည်တည်ပဲ။ အိုကွာ... ဘာပဲဖြစ်ဖြစ် ငါ့ဟာငါ သတိထားနေရင် ရတာပဲ၊ ဒီကောင် ငါ့ အော့ပ်စက်မှာလည်း သူ့နာမည် တံဆိပ်တုံးလုပ်သွားတာ အကြွေးလည်း မပေးသေးဘူး။ မှတ်သားလောက်အောင် ပညာပေးရမယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပြီး ဦးမျိုးသိန်းကို နာမည်ပြန်ဖျက်ဖို့ ကြံတော့တယ်။ ဘုရားသွား ပုတီးစိပ်လည်း မလုပ်ဘူး။
ဒီရက်ပိုင်းအတွင်း သူ့ကိုယ်သူ ဂရုစိုက်နေတယ်။ ဆိုင်လာတဲ့ ဧည့်သည်တွေကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံတယ်။ အမှားအယွင်းမရှိအောင် လုပ်ပေးတယ်။ ဈေးတွေဘာတွေတောင်လျော့ပေးနေသေးတယ်။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ဦးစံလှမျက်နှာကြီးက ပြုံးလာတယ်။
" ဒီကောင် သွားပြီ။ ဒီနေ့ ခုနစ်ရက်ပဲ၊ ဘယ်မှာ ငါ့နာမည် ပျက်သေးလို့လဲ၊ ဟာဟ..အလကားဗေဒင်ဆရာ၊ မနက်ဖြန်မှ သူ့ဆိုင်သွားပြီး အရှက်ခွဲပစ်လိုက်မယ် "
ဦးစံလှ ကျိတ်ပျော်နေတော့တာပေါ့။ နောက်တစ်နေ့မနက် အိမ်ကအထွက်မှာ ခြံရှေ့က သူ့ရဲ့ " စံလှ ရောင်စုံအော့ပ်စက် " ဆိုတဲ့ဆိုင်းဘုတ်လှလှကြီးက ပေါက်ပြဲနေတာကို တွေ့လိုက်ရတယ်။ စံလှဆိုတဲ့နေရာ တိတိကျကျကြီးကို ပျက်စီးနေတယ်။ မျက်နှာကြီးလည်း ချက်ချင်းအိုကျသွားတယ်။ နောက်...တဟီးဟီးနဲ့ ငိုချလိုက်တော့တယ်။
" အဟီးဟီးဟီး... စံလှနာမည်ပျက်ပြီ၊ စံလှနာမည်ပျက်ပြီ။ ခွေးကောင် မျိုးသိန်း တော်လှချည်လားကွာ...ဟီး "
ဒီအချိန်မှာ သူ့ထက် တစ်ကွက်ပိုလည်တဲ့ ဗေဒင်ဆရာ သမုတိသစ္စာက စာရေးဆရာပီပီ သူ့ရဲ့ " စံလှ " ဆိုင်းဘုတ်ကို ညတုန်းက တိတ်တိတ်ဖျက်ဆီးခဲ့မှန်းသာ သိလိုက်မယ်ဆိုရင် ဦးစံလှတစ်ယောက် ဘယ်လိုဖြစ်သွားမယ် မသိရတော့ပါ။ ။

လမင်းအို
မနုစာရီ၊ စက်တင်ဘာ၊ ၂၀၁၀