Friday, October 1, 2010

ညည်းရဲ့ ယဉ်ကျေးမှု

ညည်းကလေးရေ...
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာ ကြာပွင့်တွေဆိတ်သုဉ်းလို့ အပြုံးတွေမဲ့ခဲ့ပါပြီ
ညည်းခပ်ယူခဲ့တဲ့ ငါ့သွေးသားတွေဟာလည်း လောင်စာဘ၀နဲ့ ပြာကျ အခိုးအငွေ့ဘဝ
ရောက်ခဲ့ရတယ် ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း ဘယ်ဟာယူမလဲမေးတော့
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာ ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ ဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
နောက်ပြီး မင်မလိုက်မှာကိုလည်း စိုးလို့ပေါ့ ညည်းကြောင်တောင်ကန်းခဲ့တုန်းက
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက်တဲ့ သစ်တစ်တောလိုဖြစ်ခဲ့ပေမယ့် ညည်းကွန်ပျူတာတတ်မှ
ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ် ညည်းလိမ္မာသွားပြီပေါ့ ညည်းတားမြစ်ခဲ့တဲ့ ပဋိဇီဝဆေးတွေလည်း
ခု ငါ့သွေးကြောထဲ စီးမျော ငါ့အသံတွေ ဖောသွပ်ခဲ့တယ် ညည်းအိပ်မက်ကို
ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက ညည်းနှလုံးသားမှာ ညည်းနဲ့ငါ အရှက်ကင်းမဲ့လိုက်ပုံတွေက
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာလောင်စာဘ၀နဲ့ ပြာကျ ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း
ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ နောက်ပြီးညည်းကြောင်တောင်ကန်းခဲ့တုန်းကသစ်တစ်တောလိုဖြစ်ခဲ့ပေမယ့်
ညည်းလိမ္မာသွားပြီပေါ့ ခု ငါ့သွေးကြောထဲငါ့အသံတွေ ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက
ညည်းနဲ့ငါ ကြာပွင့်တွေဆိတ်သုဉ်းလို့ ညည်းခပ်ယူခဲ့တဲ့အခိုးအငွေ့ဘ၀ရောက်ခဲ့ရတယ်
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက် ညည်းကွန်ပျူတာတတ်မှပဋိဇီဝဆေးတွေလည်း
ဖောသွပ်ခဲ့တယ်ညည်းနှလုံးသားမှာ အပြုံးတွေမဲ့ခဲ့ပါပြီ ငါ့သွေးသားတွေဟာလည်း
ဘယ်ဟာယူမလဲမေးတော့မင်မလိုက်မှာကိုလည်း စိုးလို့ ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ်
ညည်းတားမြစ်ခဲ့တဲ့ စီးမျောညည်းအိပ်မက်ကို အရှက်ကင်းမဲ့လိုက်ပုံတွေက။ ။

လမင်းအို
10/12/08