Tuesday, June 1, 2010

လမ်းဘေးမှာ နေ၀င်သွားတဲ့ကဗျာ

ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
အနားမှာ တ၀ီးဝီးနဲ့လာပြောနေတယ်
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
တစ်နေ့တစ်ပုဒ်
တစ်ပတ် တစ်ပုဒ်
တစ်လကို တစ်ပုဒ်
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
ညနေခင်း ဘုံဆိုင်ထဲကအတွေးဟာ
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
နှုတ်ခမ်းမွှေးမပါတဲ့ လူကြီးက ကဗျာတစ်ပုဒ်ကို ထရွတ်တယ်
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည် ရှည်ပြီးထွက်လာ
သူ့ရဲ့လက်ချောင်းတွေဟာလည်း ကြုံလှီလာခဲ့
ဒါကပဲ ၀မ်းစာပြည့်နေတာလား
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ရုတ်တရက် ခေါင်းတုံးတုံးပစ်တော့
ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ စိတ်ထားတွေလည်း ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ အိပ်မက်တွေလည်း ရှည်ရှည်ပြီးထွက်လာ
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
သူ့ကိုယ်သူ ကြောင်သူတော်မှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ရင်ဘတ်ကို စည်တီးလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
ကဗျာဆရာက အိပ်မက်ကို ၀င်စီး
အိပ်မက်ထဲမှာ တစ်နေ့တစ်ပုဒ်
ူသူ့ရဲ့ လက်ချောင်းတွေဟာလည်း ပိုပြီးကြုံလှီလာခဲ့
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ညနေခင်း ဘုံဆိုင်ထဲကအတွေးတွေဟာ
လမ်းဘေးမှာ နေ၀င်သွားတဲ့ ကဗျာ။ ။
လမင်းအို
22-2-2010

No comments:

Post a Comment