Friday, October 22, 2010

ကလေးတောင်ညိုစကား (ခေတ်သစ်၊ ပရဟိတနဲ့ စာပေကိစ္စ)

နေထိုင်မှုစနစ် အသစ်အသစ်တွေပြောင်းလာတဲ့ ကိုယ်တို့မြို့ဟာ
မိုးမကျတကျရဲ့ ရာသီဥတုအောက်မှာ ရောင်စုံလူတွေ လှုပ်ရှားနေကြတယ်လေ။ ခုတလော
ပြောင်းလဲတိုးတက်လာတာတွေကလည်း အများသား။ မျက်စိရှေ့မှာတင်
မီးလောင်ပြာကျသွားတဲ့ တာဟန်းဈေးနေရာမှာ မျက်စိရှေ့မှာတင်ပဲ
ပိုမိုခေတ်မှီလှပတဲ့ နှစ်ထပ်ဈေးသစ်ကြီး ပေါ်လာတယ်။ ဒီဈေးက ချင်းတောင်၊
ကလေးလွင်ပြင်၊ ပြည်မ စတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့
နိုင်ငံအနှံဆက်သွယ်ပေးတဲ့ နေရာပါ။ နောက် သီတဂူဆရာတော်ဘုရားကြီးရဲ့
ကျေးဇူးကြောင့် "သီတဂူ မျက်စိရောဂါကုဆေးရုံကြီး" ပေါ်လာပြီ။ ကလေးမြို့မှာ
အထင်ကရ ဆေးရုံကြီးက နှစ်ခုပဲရှိခဲ့ရာက ဒီဆေးရုံကြီးပေါ်လာတာဟာ
တိုးတက်ခြင်းတစ်ခုမဟုတ်လား။ ပြီးတော့... မျက်တစ်ခတ်မှာပဲ
တိုင်းနိုင်ငံအနှံကို ထိုင်ရာမထ ဆက်သွယ်နိုင်တဲ့ "အင်တာနက်" ဆိုင်တွေက
ကလေးလွင်ပြင်တင်မက နယ်စပ် တမူးဒေသတွေမှာပါ သုံးနိုင်ကြပြီ။
ဆိုင်တွေများလာတာနဲ့အတူ ၀န်ဆောင်ခ၊ ဈေးနှုန်းလည်း သက်သာလာတယ်။ အတက်၊ အကျ
သဘောပေါ့။ ဖိုးတွယ်တို့ရပ်ကွက်ထဲမှာတောင် ဖွင့်လှစ်လာပြီ။
ဌာနဆိုင်ရာကဖွင့်တာရှိသလို ပုဂလိကတွေရောရှိတယ်။
ဘာသာရေးဆိုင်ရာတွေရော(ဥပမာ-နေသာကျောင်းတိုက်)ရှိလာတယ်။ ဒါကြောင့်
ကလေးမြို့တင်မက တမူး၊ ကလေးဝ စတဲ့ ကဘော်၊ ချင်းတွင်းဒေသတွေမှာပါ
အင်တာနက်ကို စိတ်တိုင်းကျ ကလိနိုင်ပါပြီခင်ဗျာ။
+++++++++++++++++++++++++++++++++++
နာဂစ်အပြီးမှာ နိုင်ငံနဲ့အ၀ှမ်း ပရဟိတစိတ်ကလေးတွေ
ပေါ်ထွန်းလာခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ့်ရဲ့မျက်စိရှေ့မှာတင်
ကြုံလိုက်ရတာဆိုတော့ လူသားချင်းစာနာရိုင်းပင်းကူညီချင်တဲ့စိတ်ဓာတ်က
ဝုန်းဒိုင်းဆို နိုးကြွလာခဲ့တာပါ။ ပရစိတ်နည်းတဲ့သူက များပြားလာ၊
များပြားတဲ့သူက အကောင်အထည်ဖော်ဆောင် ဆိုပြီး တစ်ဦးချင်းဖြစ်စေ၊
အဖွဲ့လိုက်ဖြစ်စေ ကိုယ်တတ်နိုင်သလောက်
တပိုင်တစ်နိုင်ပြုလုပ်ဆောင်ရွက်ကြတာ ဒေသအနှံ့မှာ မြင်တွေ့နေရမှာပါ။
ဘယ်တော့မှ ခေတ်နောက်မကျတဲ့ ဖိုးတွယ်တို့မြို့မှာလည်း ပရဟိတအဖွဲ့တစ်ခု
ဖွဲ့စည်းဖြစ်တယ်။ ပရဟိတအဖွဲ့လား၊ အများကြီးရှိတယ်လို့
ပြောချင်သူကပြောဦးမယ်။ ခုဟာက စာပေသမားလေးတွေဖွဲ့စည်းထားတဲ့
စာပေနဲ့ပရဟိတပူးပေါင်းတဲ့ ကလေးမြို့ရဲ့ ပထမဆုံးအဖွဲ့လေးပါ။ အဖွဲ့ဝင်က
သုံးဆယ်ကျော်လောက်ရှိတယ်။ သူတို့ရတဲ့မုန့်ဖိုး၊ ပဲဖိုး၊ လုပ်အားခတွေထဲက
အလှူလုပ်ဖို့ငွေစု၊ လက်လှမ်းမှီသရွေ့ အလှူရှင်တွေဆီကနေ
တတ်အားသရွေ့အလှူလိုက်ခံပြီး လိုအပ်နေတဲ့နေရာတွေဆီ လှူဒါန်းနေတဲ့အဖွဲ့ပါ။
တကယ်လေးစားအတုယူသင့်တဲ့အဖွဲ့ပေါ့။
လမင်းအို၊ သူရ(ကလေး) စတဲ့ အတွေးရဲရဲ၊ အရေးရဲရဲ စာပေလူငယ်တွေနဲ့အတူ
နာမည်ရစာပေပညာရှင်တွေက သိုင်းဝိုင်းပြီး
စာပေ၀ါသနာရှင်သက်သက်တွေနဲ့စုစည်းထားကြတာပါ။ အဲဒီအဖွဲ့ဝင် လူငယ်လေးတွေရဲ့
ကဗျာတွေကိုလည်း မဂဇင်း၊ ဂျာနယ်တွေမှာ တွေ့မြင်နေကြရပါတယ်။
ပရဟိတဖွံ့ဖြိုးမှုအားမနည်းတဲ့ ကိုယ်တို့မြို့မှာ ဒီလိုအဖွဲ့မျိုးတွေကို
ရေရှည်တည်တံ့စေချင်တာကတော့ ဖိုးတွယ်ရဲ့ဆန္ဒအမှန်ပါ။
++++++++++++++++++++++++++++++++++++++
မြို့အတိုင်းအတာနဲ့ စာပေဘက်မှာကတော့ ဖိုးတွယ်စိတ်ချမိပါတယ်။
ဝမ်းစာရှိသူတွေပဲကိုး။ မြဆင့်ချယ်တို့၊
မောင်ကံချိုတို့လောက်မလုပ်နိုင်ဦးတော့ သူ့အိုးသူ့ဆန် ဟန်နေတာပါပဲ။
တစ်ခုတော့ ဖိုးတွယ်ပြောချင်ပါတယ်။ ဆရာကြီးငယ်လတ်တွေကို ဆရာပြန်လုပ်တာ
မဟုတ်ပါဘူး။ ဖိုးတွယ်တို့ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဝတ္ထုထဲက လူကြီးနဲ့လူငယ်တွေကို
ဆုံးမခဲ့ပုံကို သတိရမိပါတယ်။ "အနုပ်စုတ် ကုပ်စုတ် ကာလဥာဏ်နဲ့၊
မာနသံဟိတ်အပြည့်ဖြင့် တိတ္ထိလိုကောင်လေးတွေကို အရေးမလုပ်ဘူး" ဆိုတဲ့
အသက်ကြီးဝါကြီးတွေရဲ့ လူငယ်တွေကို နှိမ့်ချပုံ၊ နောက်ပြီး "
ခေတ်အလိုက်သတိမထားဘဲ မသိသားဆိုးဝါးတဲ့ နွားကြီးတွေ" လို့ လူငယ်တွေကို
လူကြီးတွေက မလေးမစားပြုမှုပုံတွေ ဖိုးတွယ်အသံကြားနေရပါတယ်။
လူငယ်ကဗျာဆရာလေးတစ်ယောက်က ရင်ဖွင့်လာပါတယ်။ လွန်လေပြီးသော
နောင်တော်တွေရှိတုန်းကဆို ဒီလိုအသံမျိုးမကြားရဘူး။ ဖိုးတွယ်အနေနဲ့
ဘာမှမပြောရဲပါဘူး။ " ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသလို လူငယ်တွေရဲ့ရင်ထဲ
နာကျည်းမှုတွေရိုက်မထည့်မကြဖို့၊ " နွားပျိုသန်လှ နွားအိုပေါင်ကျိုး"
ဆိုသလို လူငယ်တွေသိပြီးသမျှဟာ လူကြီးတွေဖြတ်သန်းပြီးသားမို့
နွားရှေ့ထွန်ကျူးသဘောမျိုးတွေမလုပ်မိဖို့ လိုပါတယ်။
သခင်ကိုယ်တော်မှိုင်းကလည်း နွားနှစ်ကောင် ညီညာရုန်းကြမှ၊
တစ်ပြည်လုံးနောက်ကချတ်တာ ၊ ပျောက်ပလွတ်ကွာ၊ အောက်ကျတဲ့ဝဋ်ကြမ္မာကို၊
လွတ်စရာခဲကြမှလေး လို့ဆုံးမသလိုပဲ လူကြီးလူငယ်နှစ်ဖက်နွယ်မှ
ရည်ရွယ်ရင်းတွေပေါက်မြောက်နိုင်မှာပါ။ သူတတ်၊ ငါသိ အငြင်းမပွားဘဲ
တက်ကိုပြိုင်တူလှော်ခတ်နိုင်ပါစေလို့ ဖိုးတွယ်ဆန္ဒပြုချင်ပါတယ်။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
ဝေဖန်ချင်သူများရှိရင် trphee.91@gmail.com ကိုဆက်သွယ်နိုင်ကြပါတယ်။

Friday, October 1, 2010

ညည်းရဲ့ ယဉ်ကျေးမှု

ညည်းကလေးရေ...
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာ ကြာပွင့်တွေဆိတ်သုဉ်းလို့ အပြုံးတွေမဲ့ခဲ့ပါပြီ
ညည်းခပ်ယူခဲ့တဲ့ ငါ့သွေးသားတွေဟာလည်း လောင်စာဘ၀နဲ့ ပြာကျ အခိုးအငွေ့ဘဝ
ရောက်ခဲ့ရတယ် ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း ဘယ်ဟာယူမလဲမေးတော့
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာ ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ ဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
နောက်ပြီး မင်မလိုက်မှာကိုလည်း စိုးလို့ပေါ့ ညည်းကြောင်တောင်ကန်းခဲ့တုန်းက
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက်တဲ့ သစ်တစ်တောလိုဖြစ်ခဲ့ပေမယ့် ညည်းကွန်ပျူတာတတ်မှ
ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ် ညည်းလိမ္မာသွားပြီပေါ့ ညည်းတားမြစ်ခဲ့တဲ့ ပဋိဇီဝဆေးတွေလည်း
ခု ငါ့သွေးကြောထဲ စီးမျော ငါ့အသံတွေ ဖောသွပ်ခဲ့တယ် ညည်းအိပ်မက်ကို
ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက ညည်းနှလုံးသားမှာ ညည်းနဲ့ငါ အရှက်ကင်းမဲ့လိုက်ပုံတွေက
ညည်းမရှိတော့တဲ့ ငါ့ရေကန်ဟာလောင်စာဘ၀နဲ့ ပြာကျ ကဗျာစာအုပ်နဲ့ဘောပင်တစ်ချောင်းထိုးပေးရင်း
ငါ့ဘ၀ခေါက်ချိုးခံရမှာ၊ နောက်ပြီးညည်းကြောင်တောင်ကန်းခဲ့တုန်းကသစ်တစ်တောလိုဖြစ်ခဲ့ပေမယ့်
ညည်းလိမ္မာသွားပြီပေါ့ ခု ငါ့သွေးကြောထဲငါ့အသံတွေ ငါ ဦးထုပ်ဆောင်းပေးတဲ့နေ့တုန်းက
ညည်းနဲ့ငါ ကြာပွင့်တွေဆိတ်သုဉ်းလို့ ညည်းခပ်ယူခဲ့တဲ့အခိုးအငွေ့ဘ၀ရောက်ခဲ့ရတယ်
ဘောပင်ကိုပဲ ငါရွေးချယ်ခဲ့တာဆုတ်ဖြဲခံရမှာကို ကြောက်လို့ပါ
ငါ့ဆံပင်ဟာ ညည်းပျော်ပိုက် ညည်းကွန်ပျူတာတတ်မှပဋိဇီဝဆေးတွေလည်း
ဖောသွပ်ခဲ့တယ်ညည်းနှလုံးသားမှာ အပြုံးတွေမဲ့ခဲ့ပါပြီ ငါ့သွေးသားတွေဟာလည်း
ဘယ်ဟာယူမလဲမေးတော့မင်မလိုက်မှာကိုလည်း စိုးလို့ ငါ ဗိုင်းရပ်(စ်)ဖြစ်ခဲ့ရတယ်
ညည်းတားမြစ်ခဲ့တဲ့ စီးမျောညည်းအိပ်မက်ကို အရှက်ကင်းမဲ့လိုက်ပုံတွေက။ ။

လမင်းအို
10/12/08

Tuesday, September 28, 2010

Saturday, September 25, 2010

စမ်းရေနှင့်တူသော သူမ

ကျွန်တော် စကားပြောတော့
သူမ ရှက်မသွားပါ
အခြေခံမကျတကျ စကားလုံးများ
ပစ်သွင်းရင်း
ရင်ဖိုရမှုလောက်
ဝါကျများက မလှပပါ
သူမနှင့်ကြုံသောနေရာသည်
အင်္ဂါဂြိုလ်လောက် မတည်မြဲပါ
ထိုအပြုံးများသည်
သူမ၏ ပေါ်လစီပင် ဖြစ်ပါသည်
သူမ
လိုလိုချင်ချင် အဖြေပေးတော့
ကျွန်တော်
စကားလုံးများ ညံ့သွားပါသည်။ ။

လမင်းအို
22/8/2008

Wednesday, September 22, 2010

အရွက်စိမ်းစိမ်းနဲ့ မြွေ

ရနံ့တွေေ၀၀ါးလာတဲ့အခါ
လေပြည်တောက်တောက်က အမောက်ထောင်ပြ
လောကပါလ နတ်မင်းကြီးတစ်ပါးပါးဆီမှာ
သိက္ခာတွေ ပေါင်ထား
ငါဟာ တွားသွားသတ္တ၀ါတစ်ကောင်ဖြစ်တယ်
လူတိုင်း မသင်္ကာတဲ့
ငါ့ ညနေရင့်ရင့်တွေမှာ
ယစ်မူးသံစဉ်တွေအတွက်
လက်တစ်ဖက်ကို လေလျော့ထားတယ်
ကျွန်တော်ဟာ မရမ်းကားပါ
မသရဖီ သိအောင်ပြောရရင်
ကျွန်တော်ဟာ မရမ်းကားပါ
ကိုယ့်ခြေရာကိုယ့်ခြေထောက်မှာ တပ်ဖို့
ကျွန်တော် လမ်းလျှောက်သင်ရပါဦးမယ်
ခပ်အ အ နေတစ်ကောင်ရဲ့
ညည်းသံတစ်ချို့ကို
ကျွန်တော့်သွေးကြောထဲ
အစားထိုးထားတယ် မသရဖီ။ ။
လမင်းအို

Monday, September 13, 2010

ဂျင်ပေါ်ကထုံး

ကျုပ်တို့ ရပ်ကွက်ထဲက ဦးစံလှတစ်ယောက်ဟာ ဗေဒင်ဆို လွှတ်ယုံသူပေါ့။ သူ့မှာ တစ်လတစ်လ ဂျာနယ်၊ မဂဇင်းတွေ ၀ယ်လိုက်ရတာ မနည်းဘူး။ ဖတ်လားဆိုတော့ ဖတ်တယ်။ ဗေဒင်ကဏ္ဍကိုလေ။ ကျန်တာတွေ လုံးဝမဖတ်ဘူး။ ဆရာ စံဇာဏီဘိုတို့၊ ဆရာမ စောယုနွယ်တို့ဆိုတာ သူအမြဲဖတ်နေတဲ့ဗေဒင်ဆရာတွေပေါ့။ ဒီလတော့ ဆရာဟောတာ မှန်တယ်။ ဒီလတော့ ဆရာမက ပိုမှန်တယ်ဆိုပြီး သူ့အိမ်သားတွေကို ပြောနေကျ။ ဗေဒင်က ခွေးသုံးကောင် အစာကျွေးပါဆိုရင် ကျွေးပြီးသား၊ ဗေဒင်က ထီပေါက်ကိန်းရှိတယ်ဆိုရင်လည်း ထိုးပြီးသား။ အဲလောက်ထိကို ၀ါသနာကြီးတဲ့သူ။ မြို့ပေါ်မှာ သူမမေးဖူးတဲ့ ဗေဒင်ဆရာဆိုတာ မရှိတော့ဘူး။ ချောင်ကြိုချောင်ကြားက ဗေဒင်ဆရာထိ သွားမေးဖူးတယ်။ အဲ... တစ်ယောက်တော့ ကျန်နေသေးတယ်။ အဲဒါက ပင်လုံလမ်းမတော်ထဲမှာ ဆိုင်းဘုတ်ခန့်ခန့်ထည်ထည်နဲ့ ဟောနေတဲ့ သမုတိသစ္စာဆိုတဲ့ ဗေဒင်ဆရာ။ စာရေးဆရာ ဦးမျိုးသိန်းပေါ့။ ဦးစံလှက ဒီတစ်ယောက်ကျ စိတ်ဖောက်လာတယ်။ ဦးမျိုးသိန်းကို သူမယုံဘူး။ ဘာကြောင့်ဆို သူနဲ့ ဦးမျိုးသိန်းနဲ့က ကျောင်းနေဖက်တွေ၊ အတန်းထဲမှာ ဗေရွှင် ဗေရွှင်ဆိုပြီး လိုက်ဟောနေကျ။ ဦးမျိုးသိန်းအကြောင်းသိတော့ သိပ်မယုံချင်ဘူးပေါ့။ ဒါပေမယ့် မမေးရရင်လည်း မနေနိုင်ဆိုတော့ မယုံပေမယ့်လည်း သွားမေးမိတော့တယ်။ ဦးမျိုးသိန်းက သူ့ကို တစ်ခွန်းပဲ ဟောပေးလိုက်တယ်။
" တစ်ပတ်အတွင်း နာမည်ပျက်ကိန်းရှိတယ်။ မဖြစ်စေချင် ဘုရားကိုးဆူပြည့်အောင်ပုတီးစိပ် " တဲ့။
ဦးစံလှ နည်းနည်းတော့ ဖြုံသွားတယ်။ ဒီကောင်တကယ်ပြောနေတာလားဆိုပြီး ဦးမျိုးသိန်းရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ခပ်တည်တည်ပဲ။ အိုကွာ... ဘာပဲဖြစ်ဖြစ် ငါ့ဟာငါ သတိထားနေရင် ရတာပဲ၊ ဒီကောင် ငါ့ အော့ပ်စက်မှာလည်း သူ့နာမည် တံဆိပ်တုံးလုပ်သွားတာ အကြွေးလည်း မပေးသေးဘူး။ မှတ်သားလောက်အောင် ပညာပေးရမယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပြီး ဦးမျိုးသိန်းကို နာမည်ပြန်ဖျက်ဖို့ ကြံတော့တယ်။ ဘုရားသွား ပုတီးစိပ်လည်း မလုပ်ဘူး။
ဒီရက်ပိုင်းအတွင်း သူ့ကိုယ်သူ ဂရုစိုက်နေတယ်။ ဆိုင်လာတဲ့ ဧည့်သည်တွေကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံတယ်။ အမှားအယွင်းမရှိအောင် လုပ်ပေးတယ်။ ဈေးတွေဘာတွေတောင်လျော့ပေးနေသေးတယ်။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ဦးစံလှမျက်နှာကြီးက ပြုံးလာတယ်။
" ဒီကောင် သွားပြီ။ ဒီနေ့ ခုနစ်ရက်ပဲ၊ ဘယ်မှာ ငါ့နာမည် ပျက်သေးလို့လဲ၊ ဟာဟ..အလကားဗေဒင်ဆရာ၊ မနက်ဖြန်မှ သူ့ဆိုင်သွားပြီး အရှက်ခွဲပစ်လိုက်မယ် "
ဦးစံလှ ကျိတ်ပျော်နေတော့တာပေါ့။ နောက်တစ်နေ့မနက် အိမ်ကအထွက်မှာ ခြံရှေ့က သူ့ရဲ့ " စံလှ ရောင်စုံအော့ပ်စက် " ဆိုတဲ့ဆိုင်းဘုတ်လှလှကြီးက ပေါက်ပြဲနေတာကို တွေ့လိုက်ရတယ်။ စံလှဆိုတဲ့နေရာ တိတိကျကျကြီးကို ပျက်စီးနေတယ်။ မျက်နှာကြီးလည်း ချက်ချင်းအိုကျသွားတယ်။ နောက်...တဟီးဟီးနဲ့ ငိုချလိုက်တော့တယ်။
" အဟီးဟီးဟီး... စံလှနာမည်ပျက်ပြီ၊ စံလှနာမည်ပျက်ပြီ။ ခွေးကောင် မျိုးသိန်း တော်လှချည်လားကွာ...ဟီး "
ဒီအချိန်မှာ သူ့ထက် တစ်ကွက်ပိုလည်တဲ့ ဗေဒင်ဆရာ သမုတိသစ္စာက စာရေးဆရာပီပီ သူ့ရဲ့ " စံလှ " ဆိုင်းဘုတ်ကို ညတုန်းက တိတ်တိတ်ဖျက်ဆီးခဲ့မှန်းသာ သိလိုက်မယ်ဆိုရင် ဦးစံလှတစ်ယောက် ဘယ်လိုဖြစ်သွားမယ် မသိရတော့ပါ။ ။

လမင်းအို
မနုစာရီ၊ စက်တင်ဘာ၊ ၂၀၁၀

Saturday, August 28, 2010

ရင်တွင်းစကားပါ

အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ်ကို မတက်ဖြစ်လို့ အသစ်တွေ သိပ်မတင်ဖြစ်ပါဘူးခင်ဗျာ။ ကျွန်တော်ရေးထားတဲ့ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ၀တ်ထုတိုတွေအားလုံးကို တင်မယ်စိတ်ကူးထားပါတယ်။ ဝေဖန်မှုကိုလည်း ပွင့်ပွင့်လင်းလင်း ကြိုဆိုနေပါတယ်ခင်ဗျား။

လေးစားခြင်းဖြင့်
လမင်းအို
(ကလေးမြို့)

Saturday, August 7, 2010

ရွက်ဝါတွေ ကြွေကာကျမှ

လေပြည်လို အနမ်းတစ်ချို့က
ကျွန်တော့် နှလုံးသားကို
ဖျတ်
တိုက်စားလိုက်တဲ့အခါမှာ
နေရောင်ခြည်ဟာ
မ ရဲ့ စွမ်းအင်တွေပါပဲ
အသက်ရှူမ၀တတ်သလို
မ ကို မွတ်သိပ်မိတာ
ဟောဒီလောကီကို စီးချင်းထိုး
ဂြိုဟ်တာရာဆိုးတွေဟာ ငိုရှိုက်လို့
အို...
အမှောင်တိုက်ထဲ ၀င်ချင်ဝင်သွားစမ်းပါစေ
မ ရယ်
ဟောဒီကောင်ဟာ ရွက်ဝါတွေကြွေကျမှ
မ ကို တမ်းတရမယ်ဆိုရင်တောင်မှ
ကျွန်တော့်မျက်ရည်တွေ ပုပ်သိုး
ကွယ်...
မ ကို
ကျွန်တော်
အဆိုးမဆိုရက်ပါဘူးဗျာ။ ။
လမင်းအို
25-3-2010

ရေပန်းငှက်

ဘယ်ရာသီကို နှစ်သက်ရမှန်းမသိခင် သင်္ကြန်ကရောက်လာတယ် ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ သူနဲ့မိတ်ဆက်ပေးတာ ငှက်မည်းလေးတစ်ကောင်ပေါ့
ကျွန်တော် သိပ်မကြိုက်တဲ့ ရွှေဝါရောာင်ပန်းတွေဇွတ်ဖန်တီးပြီး ကျွန်တော့်
အသဲနှလုံးထဲကို စိုးရိမ်ရေမှတ်တွေ ဖျန်းလို့ပက် ဒီရာသီက ရက်စက်တတ်တယ်လား
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ၊ ပန်းတစ်စည်းဟာ၊ ရေတစ်ချို့ဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ ကျွန်တော့်အိပ်ယာနံဘေးနား ၀ပ်တွားစင်းနေပါကော
အခါတိုင်းလို သင်္ကြန်က ရောက်လာတယ် သူနဲ့မိတ်ဆက်ပေးတာ
ကျွန်တော်သိပ်မကြိုက်တဲ့ စိုးရိမ်ရေမှတ်တွေ ဒီရာသီက ပန်းတစ်စည်းဟာ
ကျွန်တော်မနိုးသေးခင်မှာပဲ အခါတိုင်းလို ဘယ်ရာသီကိုနှစ်သက်ရမှန်း မသိခင်
ငှက်မည်းလေးတစ်ကောင်ပေါ့ ရွှေဝါရောင်ပန်းတွေဇွတ်ဖန်တီးပြီး ရက်စက်တတ်တယ်လား
ရေတစ်ချို့ဟာ ကျွန်တော့်အိပ်ယာနံဘေးနား ကျွန်တော့်မှာက
အိမ်တွင်းအောင်းရောဂါရှိတော့ ကျွန်တော့်အသဲနှလုံးထဲကို ဖျန်းလို့ပက်
မသိမသာငြိတွယ်သွားမိတဲ့ ငှက်တစ်ကောင်ဟာ ၀ပ်တွားစင်းနေပါကော။ ။
လမင်းအို
31-1-2010

Monday, August 2, 2010

ညီမလေးကို ချစ်တယ်

ခက်တယ် ညီမလေး
မင်းကိုယ်တိုင်ပန်မယ့် ပန်းတစ်ပွင့်
ဘာကြောင့် အစ်ကို့ကို လာထုဆစ်ခိုင်းနေရတာလဲ
အစ်ကိုကိုယ်တိုင်က နတ်ခတ်တွေ
မမှန်ရတဲ့ကြား
ကျန်းမာရေး ကောင်း/မကောင်း
လက်ခဏာ မမေးချင်တော့ပါဘူး
ညီမလေး ပျော်မယ်ဆို လာနေပေါ့
ဒါပေမယ့်
လမ်းညွှန်ဆိုင်းဘုတ်တွေကို သေချာဖတ်ခဲ့ပါကွယ်
ပျော်ရွှင်ပါစေ ညီမလေးရေ
နောက်တစ်ခါညီမလေး ပွင့်ဦးမယ်ဆိုရင်
ဝတ်မှုန်ကူးမခံရအောင်တော့ ဂရုစိုက်ပေါ့
တစ်ခုတော့ ပြောချင်တယ်
ဘူတာကြီးနား နောက်ထပ် မသွားချင်ပါနဲ့လားကွယ်
သေချင်စော်နံချင်လောက်တဲ့ အချစ်ရနံ့တွေကြား
ညီမလေး လူးလားခတ်ပျံချင်နေသလားကွာ
ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ့်ကို ကောင်းကျိုးပေးတယ်တဲ့
အစ်ကို ရင်မောမိတယ်ကွယ်
ညီမရဲ့ အပြုံးလှလှတွေ မြင်ရတိုင်း
အစ်ကို့လက်ထဲက တစ်ထောင်တန်ကို (အတုများလားဆိုပြီး)
မလုံမလဲနဲ့ ထောင်ကြည့်မိတယ်
ခေါင်းတွေလည်း မူးလိုက်တာ အစ်ကို ချိုချဉ်ကျွေး ဆိုပြီး
မဖြစ်စလောက်လေးတွေ ဂျီကျတာ
အစ်ကို ရင်တုန်တယ်ကွာ
ညီမလေးရယ်
နောက်ဆုံးတော့လည်း
မင်းကို
အစ်ကို သိပ်ချစ် တာ ပဲ ကွယ်။ ။
လမင်းအို
၂၉-၁၀-၀၈

faces(မုခ)magazine၊ ဖေဖော်ဝါရီ၊ ၂၀၀၉
မှတ်ချက်။ ။ ( )အတွင်းမှစာသားများ ဆင်ဆာပြုတ်သည်။

ကျွန်တော့်ညီမလေးကတော့ ဒီကဗျာကို (တအား)ကြိုက်တယ်တဲ့။ ခင်ဗျားတို့ကကော..........။