Saturday, January 8, 2011

ချက်တင်စစ်တမ်း၊ မိဘများဆန္ဒနဲ့ အယ်ဒီတာများ အမြင်ကြည်လင်စေဖို့ကိစ္စ

ထိုင်နေကျ ညကဖီးရဲ့ လက်ဖက်ရည်ဝိုင်းမှာ ကဗျာဆရာ တစ်ယောက်ကချက်တင်(chatting)အကြောင်း ပြောလာပါတယ်။ ကနေ့ အင်တာနက်သုံးစွဲသူအများစုဟာချက်တင်နဲ့တင် အချိန်ကုန်နေပြီး အကျိုးရှိဖို့ မဖန်တီးတတ်ပုံကိုစစ်တမ်းတစ်ခုကောက်ယူသင့်ကြောင်း ကိုပါ။ ဖိုးတွယ်ဟာလည်း အင်တာနက်စွဲသူတစ်ယောက်ပါ။(ချက်တင်မဟုတ်) ကွန်ပျူတာကို အခြေခံလောက်တတ်ထားပြီးတော့သိသလောက် တတ်သလောက်နဲ့ အင်တာနက်ဆိုင်တွေမှာ ခြေရှုပ်နေသူပါ။ ကလေးမြို့ကအင်တာနက်ဆိုင်မှန်သမျှ ဖိုးတွယ်မထိုင်ဖူးတဲ့ဆိုင် မရှိပါဘူး။ တာဟန်းဘက်ကနှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ ရှိပါမယ်။ ခုဆို ကလေးမှာကအင်တာနက်ဆိုင်ပေါင်း (၁၀)ဆိုင်လောက် ရှိမယ်။ပုံမှန်သုံး(၄၀၀)နဲ့(၅၀၀)ကျပ်ထိရှိတယ်။ မန်ဘာဝင်ထားရင်တော့ တစ်နာရီကို၃၀၀ ကျပ်ပါ။ ဖိုးတွယ် အင်တာနက်စသုံးကာစကလည်း ချက်တင်နဲ့ စခဲ့တာပါပဲ။(ဘယ်သူမဆို ချက်တင်နဲ့ပဲ စမယ်ထင်ပါရဲ့) နောက်မှ ဘလော့ဂ်တွေ၊၀ဘ်ဆိုက်တွေထဲ ၀င်ကြည့်တတ်လာတယ်။ ကိုယ်က စာပေ၀ါသနာပါသူဆိုတော့ ကဗျာဆိုက်၊စာဆိုက်တွေရယ်၊ ဗဟုသုတရမယ့်ဆိုက်တွေရယ်ထဲ မကြာခဏ ၀င်ဖတ်လေ့ရှိတယ်။ကိုယ်ကုန်မယ့် ပိုက်ဆံနဲ့ တန်အောင် လုပ်ရတာပေါ့။ SHADE နဲ့ဖိုးတွယ်ဆက်မိတာကလည်း အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ စာတစ်ပုဒ်ရေးဖို့အချိန်တော်တော်ဆွဲတဲ့ ဖိုးတွယ်အဖို့ ခုပို့၊ခုရောက်တဲ့ အီးမေးလ်ကလည်းတော်တော်ထိရောက်တဲ့ စနစ်ပါ။ ကဗျာဆရာပြောတဲ့ ချက်တင်စစ်တမ်းဘက်ပြန်လှည့်မယ်ဆိုရင် ယနေ့ သုံးစွဲသူအများစုဟာ ဂျီတော့ စကားပြောဖို့ရယ်၊ဂိမ်းဆော့ဖို့ရယ်၊ အပြာဝဘ်ဆိုက်တွေဆီ ခရီးနှင်ဖို့ရယ်လောက် အားသန်တာကိုတွေ့ရမှာပါ။ ဂျီတော့ စကားပြောခြင်းမှာက မိန်းကလေးတွေပိုများပြီးဂိမ်းကစားခြင်းမှာတော့ ကျား/ အချိုးညီလောက်ပါတယ်။ အပြာဝဘ်ဆိုက်တွေကတော့ယောက်ျားလေးတွေပဲ များမှာပေါ့နော်။ (ဒါက ဖိုးတွယ်မြင်တဲ့အမြင်ပဲဖြစ်ပါတယ်။ လွတ်လပ်စွာကန့်ကွက်နိုင်ပါတယ်ခင်ဗျ) ဖိုးတွယ်ကတော်ကသူ့ရဲ့ အင်တာနက်အတွေ့အကြုံတစ်ခု ပြောပြပါတယ်။ သူ ချက်တင်ထိုင်နေတုန်းမှာတောသားဂိုက်ပေါက်နေတဲ့ ယောက်ျားလေးနှစ်ယောက်ဟာ အရက်မူးမူးနဲ့အင်တာနက်ဆိုင်ထဲကို ၀င်လာကြပါတယ်။ နေရာတစ်နေရာယူပြီးတော့ နံဘေးကဖိုးတွယ်ကတော်ကို "ညီမလေး..ညီမလေး..ဟိုလိုဆိုက်တွေက ဘယ်လိုကြည့်ရသလဲ"လို့ မေးမြန်းပါသတဲ့။.ဖိုးတွယ်ကတော်ကလည်း ရှက်ရှက်နဲ့" ဘာတွေလာပြောနေတာလဲ" လို့ အော်တော့ ဆိုင်ရှင်က အဲဒီနှစ်ယောက်ကို ချော့မော့ပြီးဆိုင်ပြင်ပို့လိုက်ရပါတယ်။ ဆိုလိုတာက အဲဒီနှစ်ယောက်ဟာတောရွာမှာနေထိုင်ပြီး မြို့ပေါ်ရောက်လိုက် လူရည်လည်မြို့သား သူငယ်ချင်းကအင်တာနက် အဲဒီလို ဆိုက်တွေကြည့်လို့ရတယ်ဆိုပြီး နတ်လမ်းညွှန်လိုက်ခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျား-ကျားချင်း မမေးဘဲ မိန်းကလေးကိုသွားမေးတော့ ပါးရိုက်မခံရတာ ကံကောင်းလို့ ဆိုရပါမယ်။ သိတောင် ဘယ်သူကပြောပါ့မလဲနော်။
××××××××××=========×××××××××××××

မနက်အိပ်ယာထစအချိန်မှာပဲ အိမ်ရှေ့က ဆူညံပူညံသံကို ကြားလိုက်ရတယ်။နားစွင့်ကြည့်လိုက်တော့ အမေဖြစ်သူက သားကို ပြောနေတဲ့အသံပါ။ " နင်ကကျောင်းမသွားပဲ ဘာဖြစ်လို့ငါ့နောက်လိုက်ချင်ရတာလဲ။ကျောင်းမသွားချင်ရအောင် နင်က ဘာကောာင်မို့လဲ" နည်းနည်းစိတ်ဝင်စားလာလို့အပြင်ထွက်ကြည့်မိပါတယ်။ သူငယ်တန်း ဒါမှ မဟုတ် ပထမတန်းအရွယ်ကျောင်းသားတစ်ဦးက ဖိုးတွယ်တို့အိမ်ရှေ့နားလောက်မှ ရပ်ပြီးငိုနေ(ဂျီနေ)ပါတယ်။ အမေဖြစ်သူကတော့ ခြေလှမ်းနှစ်ဆယ်အကွာလောက်မှာပါ။သူ့နောက်မှာက စက်ဘီးတစ်စီးကို ဒေါက်ထောက်ရပ်ထားပါတယ်။ ဖြစ်ပုံကအမေအလုပ်သွားမယ့်နောက်ကို ကလေးငယ်က လိုက်ချင်တာဖြစ်မှာပါ။ " နင်က
စာမတတ်ရင် ဘာသွားလုပ်စားမှာလဲ။ မိဘက မရှိမဲ့ ရှိမဲ့နဲ့ ကျောင်းထားပေးရတာ။ငါတို့တုန်းက ကျောင်းတက်ချင်လို့တောင် မတက်ခဲ့ရဘူး...ဟင်း" အပြောခံနေရတဲ့ကလေးငယ် နားလည် မလည်တော့ မသိပါဘူး။ နားထောင်နေတဲ့ဖိုးတွယ်တော့စဉ်းစားဖို့အကြောင်း ဖြစ်လာတယ်။ ဖိုးတွယ်မျက်စိရှေ့မှာ မြင်နေရတဲ့ကလေးငယ်ကို ငေါက်ငမ်းပြီး ကျောင်းတက်ခိုင်းနေတဲ့ ကလေးအမေဟာ ပညာအရည်အချင်းလေးတန်းခန့်သာရှိရပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တွေမသင်ယူခဲ့ရတဲ့ ပညာကို ကိုယ့်သားသမီးတွေ တတ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။
ဒါကြောင့်လည်း တာဝန်ဝတ္တရားအရ ကျောင်းအပ်၊ ကျောင်းထား၊ကျောင်းသွားခိုင်းတာမဟုတ်ဘဲ ဘ၀ကောင်းစားဖို့အတွက် လိုအပ်တဲ့ ပညာရပ်တွေကိုသင်ယူတတ်မြောက်စေချင်လို့ ကျောင်းတက်ခိုင်းတာပါ။ စပ်မိလို့ပြောရရင်ဖိုးတွယ်အဖေနဲ့ အမေက ရှေးခေတ် ကိုးတန်းနဲ့လေးတန်းအောင်တွေပါ။ အဖေကဌာနတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး အမေကတော့ မှီခိုပါ။ အဲဒီခေတ်ပညာရေးအရအင်္ဂလိပ်စာကို ငါးတန်းရောက်မှ သင်ယူရတော့ အမေ့မှာ အင်္ဂလိပ်စာ အားနည်းပါတယ်။တစ်ခါတစ်ခါ ၀ယ်လာတဲ့နိုင်ငံခြားဖြစ်ဆေးတွေရဲ့အမည်နဲ့အဓိပါယ်ဖော်ခိုင်းတာ၊ သူ မကြားဖူးတဲ့ ကော်ဖီအမျိုးအစားသစ်တွေကိုဘယ်လိုခေါ်သလဲဆိုပြီး မေးတတ်တာတွေရှိပါတယ်။ ဆိုလိုရင်းက အဲဒီလို မိဘတွေကနေဖိုးတွယ်တို့ကို ဆယ်တန်းအောင်ရုံမက တက္ကသိုလ်အဆင့်ထိပါ ပညာသင်စေခဲ့ပါတယ်။မိဘတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့ ဆန္ဒပါ။ " ငါတို့အတွက်မဟုတ်ဘူး၊နင်တို့အတွက်ဟဲ့...နင်တို့အတွက်" လို့ အမေက ပြောတတ်ပါတယ်။ ဒါကမနက်ခင်းတစ်ခုမှာစဉ်းစားမိတဲ့ အတွေးပဲဖြစ်ပါတယ်။

××××××××××=========×××××××××××××

စာပေမိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကွာလတီမဂ္ဂဇင်းတစ်ခုမှာ ကလေးဒေသကသတင်းလေးတွေ လစဉ်ရေးခွင့်ရခဲ့ပါတယ်။ နာမည်ရ မဂ္ဂဇင်းတစ်ခုကနေကလေးသတင်းအတွက် စာမျက်နှာ သပ်သပ်ပေးနိုင်တယ်ဆိုကတည်းက အယ်ဒီတာတွေရဲ့သဘောထားကို သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ဖိုးတွယ်ရဲ့ ညံ့ဖျင်းမှုကြောင့်လစဉ်မရေးနိုင်ခဲ့ပါဘူး။ ကျောင်းက တစ်ဖက်ရယ်၊ ကင်မရာ မရှိတာရယ်ကြောင့်လည်းပါတာပေါ့။ ဖိုးတွယ်မှာက ဘယ်ဘ၀က ပါရမီပါခဲ့သလဲမသိဘူး။ သတင်းရေးဖို့ အတော်ဝါသနာပါတဲ့သူပါ။ ဓာတ်ပုံအခက်အခဲကို မိတ်ဆွေများအကူအညီနဲ့ ပြေလည်စေခဲ့ပြီးမဂ္ဂဇင်းအတွက် စာပေဆိုင်ရာ သတင်းလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်..အဲဒီသတင်းတွေအတွက် ဖိုးတွယ် စာမူခ လုံးဝမရခဲ့ပါဘူး။ -ဒါဆို အယ်ဒီတာလွန်တာပေါ့ ဆိုရင်လည်း မဟုတ်ပါဘူး။ ရန်ကုန်မှာရှိနေတဲ့ စာပေမိတ်ဆွေကိုပဲသဘောတူညီစွာ စာမူခ ထုတ်ခွင့်ပေးထားလို့ပါ။ လက်ဆောင်မဂ္ဂဇင်းကိုတော့ပို့ပေးပါ ဆိုတာလည်း အကြောင်းကြောင်းကြောင့် တစ်အုပ် နှစ်အုပ်သာရပြီးဒီကပဲ အဟောင်း ပြန်ဝယ်ထားရပါတယ်။ ဒါပေမယ့် ဖိုးတွယ် စိတ်မပျက်ပါဘူး။ရန်ကုန်က အခက်အခဲကို ဖိုးတွယ်နားလည်ပါတယ်။ ကိုယ်ရောက်ခဲ့တုန်းက ကိုယ်တွေ့သိခဲ့ရတာပဲလေ။ ဒီလိုနဲ့ တစ်လခြား၊နှစ်လခြားလောက် သတင်းလေးတွေပါတတ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကလေးက ကဗျာဆရာတစ်ယောက်ကရန်ကုန်သွားမယ်ဆိုလာပါတယ်။ ဇနီးနဲ့သမီးကို ယောက္ခမလက် သေချာအပ်ထားပြီးသူကတော့ ရန်ကုန်မှာ အလုပ်ရှာရင်း တစ်နှစ်၊ နှစ်နှစ်လောက် နေမယ်တဲ့။ဟုတ်ပြီဗျာ-ဒါဆို ခင်ဗျားရန်ကုန်ရောက်စမှာ သွားရေးလာရေးခက်ခဲမယ်ဗျာ။နေရေးစားရေးကတော့ ဘုန်းကြီးကျောင်းမို့ အဆင်ပြေပြီထား။ ဒါကြောင့်ကျွန်တော့်စာမူခတွေ ထုတ်သုံးလိုက်ဗျာလို့ ပြောမိလိုက်ပါတယ်။ရန်ကုန်ရောက်သွားတော့ ဖိုးတွယ်စာမူတွေ မဂ္ဂဇင်း သုံးလေးစောင်မှာပါလိုက်တော့ သူ့ကိုပဲ စာမူခထုတ်သုံးစေပြီး စာအုပ်လေးသာ ပို့ပေးပါလို့ဆိုဖြစ်တယ်။ ဒီလိုနဲ့ ကလေးသတင်းလေးတွေ ပါလာတော့ ခင်ဗျားထုတ်လိုက်နော်လို့ ဖုန်းဆက်ပြောတော့ သူက ရန်ကုန်မှာရှိနေတဲ့ စာပေမိတ်ဆွေကထုတ်သွားပြီလို့ပြောတယ်။ စာပေမိတ်ဆွေဆီ ဖုန်းဆက်မေးမိတော့လည်း..အဲဒီကဗျာဆရာထုတ်တာပဲကွလို့ ပြန်ဖြေပါတယ်။ ဖိုးတွယ် မျက်စိတွေ ခေါင်းတွေလည်သွားပါတယ်။ ဒါနဲ့ မဂ္ဂဇင်းတိုက်ကို ဖုန်းဆက်ပြီး အယ်ဒီတာကို " ဆရာကျွန်တော့်သတင်းတွေအတွက် ကျွန်တော် စာမူခလည်း တစ်ခါမှ မရခဲ့ပါဘူး။ဆရာတိုက ပို့ပေးတဲ့ လကလည်း ခုထိ စာအုပ်ကော၊ စာမူခကော လုံးဝရောက်မလာပါဘူး။ဒီလလည်း ဘယ်သူထုတ်သလဲကို မသိဘူး။ သူထုတ်တာ၊ ငါထုတ်တာ ဖြစ်နေတယ်။ရေးချင်စိတ်တောင် မရှိတော့ဘူးဗျာ" ပြောလိုက်တယ်။ အယ်ဒီတာကလည်း "ကျွန်တော်တို့က စာမူရောက်လာရင် သုံးသင့်တယ်လို့ထင်ရင် သုံးပေးပါတယ်။ဒီလိုမျိုး စာမူခအရှုပ်အရှင်းတွေရှိလာတော့ ကျွန်တော်တို့လည်းစိတ်ညစ်တယ်ဗျာ။ နောက် လစဉ်လည်း ရောက်မလာတော့ နေရာအတွက်က နည်းနည်းခေါင်းရှုပ်တယ်ဗျ" လို့ ပြန်ပြောပါတယ်။ အဲဒီနောက် ဖိုးတွယ် မဂ္ဂဇင်းကိုသတင်းတွေ မပို့ဖြစ်တော့ဘူး။ ရေးချင်စိတ်ကုန်သွားတာလည်း ပါတာပေါ့။ နောက်..ကဗျာဆရာ ကလေးကို ပြန်ရောက်လာတယ်။ စာပေမိတ်ဆွေလည်း အလည်ပြန်လာပါတယ်။ဖိုးတွယ်က ဘယ်သူပဲ ထုတ်ထုတ် ကိုယ်ပြန်မရတော့မှာမို့ ဘယ်သူထုတ်သလဲအသေအချာမမေးတော့ပါဘူး။ နောက် မြို့ခံ ကဗျာဆရာတစ်ယောက်က အဲဒီမဂ္ဂဇင်းကိုကဗျာတွေပို့ထားလို့ ရွေး/မရွေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးမေးကြည့်ပါတယ်။ အဲဒီမှာ မဂ္ဂဇင်းက ပြန်ပြောလိုက်တာက "အကြောင်းကြောင်းကြောင့် ကလေးက စာမူတွေကိုမဖော်ပြတော့ပါဘူး"လို့ဆိုပါသတဲ့။ အဲဒီအကြောင်း သူကပြန်ပြောလို့ ဘာကြောင့်လဲဆိုတာ ဒီမှာအဖြေရှာကြည့်တော့ ဖိုးတွယ်အပါအ၀င် ရန်ကုန်က စာပေမိတ်ဆွေနဲ့ကဗျာဆရာတို့ကြောင့်လို့ သိရတယ်။ စိတ်မကောင်းခြင်း ဖြစ်ရပါတယ်။ အဲဒီစာပေမိတ်ဆွေနဲ့ ကဗျာဆရာတို့ ဘာတွေပြောပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာ သူတို့ပဲသိပါလိမ့်မယ်။ ဒါပေမယ့် မည်သို့ပင်ဖြစ်စေ ကိုယ့်မြို့သားတွေပဲဆိုတော့...အပြစ်မြင်လို့ကလည်း မကောင်းဘူးမို့လား။ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကိုသာလူကိုမရွေးဘဲ စာ ကိုပဲ ရွေးချယ်သင့်ကြောင်း ပြောလိုပါတယ်။ အဖုအထစ်လေးတစ်ခုကြောင့် နယ်က ကဗျာဆရာတွေရဲ့ လမ်းစကို မပိတ်သင့်ပါဘူး။ နယ်က...ကဗျာဆရာတွေဟာ စာမူခ၊ စာအုပ်လက်ဆောင် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စိတ်မပျက်ဘဲ
စာပေချစ်စိတ်တစ်ခုတည်းနဲ့သာ ရပ်တည်နေသူများဖြစ်ကြောင်းကလေး-တောင်ညိုစကားကနေ ဆိုလိုက်ချင်ပါတယ်။

အားလုံး
အမြင်ကြည်လင်နိုင်ကြပါစေ။




တွယ်တွယ်ထွဏ်း(ကလေးမြို့)
၂၀-၁၂-၂၀၁

Wednesday, January 5, 2011

ကလေး-တောင်ညိုစကား(နှစ်သစ်ဆောင်း၊ ရှိုးပွဲနဲ့ မရှိတော့မှ ပိုလို့လွမ်း ကိစ္စ)

ဒီနှစ်ဆောင်းကသိပ်အေးတာပဲ။ အရိုးထဲထိအောင်ကို အေးပေါ့။ဆောင်းဦးကာလပိုင်းတွေမှာ စိတ်မကောင်းစရာက မြို့လုံးအနှံ့မှာအသုဘသတင်းတွေ စီနေတာပါပဲ။ အသက်ကြီးပိုင်းတွေနဲ့အသောက်များတဲ့လူငယ်တွေများပါတယ်။ရပ်ကွက်တိုင်းကိုမလွတ်ဖြစ်နေတာ။

ဖိုးတွယ်ပုံမှန်သွားနေကျလမ်းတစ်ခုမှာဆိုအသောက်များတဲ့သူငယ်ချင်းနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားတာပါ။တစ်ဦးရဲ့ရက်လည်မှာ နောက်တစ်ဦးကလိုက်သွား ဆိုပါစို့။ သောက်တတ်သူများသတိထားဆင်ခြင်သင့်တဲ့ရာသီပါ။ နှစ်ဟောင်းကုန်ညောင်းတော့မယ့်ဒီဇင်ဘာလဆိုတော့ ဆောင်းတွင်းပွဲတွေကလည်း ဆက်နေတာပါပဲ။ ချင်းပြည်နယ်တီးတိန်မြို့မှာ ချင်းဘာသာနဲ့သာသနာ နှစ်တစ်ရာပြည့်ပွဲတော်ကျင်းပတာကြားမိတယ်။ ကလေးမြို့ပေါ်က ခရစ်ယာန်ဘာသာရေးကျောင်းပေါင်းစုံ တောင်ပေါ်ကိုကားတွေနဲ့ အုပ်လိုက်အုပ်လိုက် တက်သွားကြလေရဲ့။ တစ်ပျော်တစ်ပါးကြီးပဲပေါ့။လူဦးရေ ငါးသောင်းကျော်လောက်ရှိတယ်ကြားရတယ်။ လေးရာက်တာ ကြာတဲ့ပွဲတော်ကြီးပေါ့။ မကြာခင် ခရစ်စမတ်ပွဲတော်ကြီးကလည်းကမာအနှံ့မှာကျင်းပကြဦးမယ်။ နောက် နယူးရီးယား နှစ်သစ်ကူးပွဲတော်ရောက်လာမယ်။ ဆောင်းနှင်းမှုန်အောက်မှာ ပျော်ပွဲရွှင်ပွဲတွေက တန်းစီလို့ပါ။


××××××××××=========×××××××××××××
ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကလေးမြို့ Forever ဖက်ရှင်ဆိုင်ကပြုလုပ်တဲ့ဖက်ရှင်ရှိုးပွဲတစ်ခုကို ဖိုးတွယ်ရောက်ခဲ့ပါတယ်။ ပထမဆုံးပြုလုပ်တဲ့ပုဂလိက ဖက်ရှင်ရှိုးပွဲလို့ ဆိုရမယ်။ မနလေးမြို့မှာပြုလုပ်ခဲ့တဲ့ 2010Dance Challence Champion Ship ပြိုင်ပွဲမှာ ပထမရရှိခဲ့တဲ့ Music CreatorDancer Group အဖွဲ့က Forever ရဲ့အထူးဖိတ်ကြားချက်နဲ့လာရောက်ဖျော်ဖြေပါတယ်။ ကလေးမြို့ခံ မော်ဒယ်အချို့ကလည်း ဖော်အဲဗားမှာရရှိနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံကို ကြော်ငြာပေးပါတယ်။ လိုအပ်နေတဲ့ကွက်လပ်တစ်ခုကို ဖော်အဲဗားက ဖြည့်ပေးလိုက်ခြင်းပဲလို့ဆိုချင်ပါတယ်။ နောက်မာရီစတုပ် အင်တာနေရှင်နယ် မြန်မာ(ကလေးမြို့)က ပြုလုပ်တဲ့ ကမာ့ AIDSအထိမ်းအမှတ်ပွဲကိုလည်းရောက်ခဲ့ပါတယ်။ တေးသရုပ်ဖော် ပြိုင်ပွဲ၊
ပြဇာတ်တို့နဲ့ဖျော်ဖြေတယ်။ ဖရီးရှိုးဖြစ်ပြီးလူတော်တော်များများလာတာတွေ့ရတယ်။ လူပေါင်းနှစ်ရာနီးပါးခန့်ရှိမယ်ထင်ပါတယ်။ " အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ခွဲခြားမှုကို ရှောင်ကြဉ်လို့၊ ကာကွယ်ကုသစောင့်ရှောက်စို့"ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ၂၀၀၀ခုနှစ်မှာ(၀.၉၄%)၊ ၂၀၀၇ခုနှစ်မှာ (၀.၆၇%)၊ ၂၀၀၉ခုနှစ်မှာတော့(၀.၆၁%)ဆိုပြီး တဖြည်းဖြည်းလျော့ကျလာတာဟာ ၀မ်းသာဖွယ်ပါပဲ။ ဒီပွဲမှာရခဲ့တဲ့လက်ဆောင်ကတော့ အထူးပြောစရာမလိုလောက်ပါဘူး။ကိုယ်နဲ့မကွာဆောင်ထားရမယ့် အကာအကွယ်ပစည်းပါပဲ။
××××××××××=========×××××××××××××
ရန်ကုန်မှာနေထိုင်တဲ့ ကလေးမြို့သား စာရေးဆရာတစ်ယောက် မြို့ကို ခေတအလည်ရောက်လာတော့ ဖိုးတွယ်ရဲ့တောင်ညိုစကားတွေဖတ်ပြီး " တို့မြို့ကလူတွေကလည်း စာအရေးကောင်းတာနဲ့ ပတ်သက်ရင် မြဆင့်ချယ်တို့၊မောင်ကံချိုတို့လောက်ပဲ သတိရကြသလား မသိပါဘူး။ ငါ့ကျ ဘယ်သူမှ မပြောကြဘူး"တဲ့။ ဒီတော့ ဖိုးတွယ်နှုတ်က ရုတ်တရက်ထွက်သွားပါတယ်။ " အာ..ခင်ဗျားကသေမှမသေသေးပဲ" လို့။ နည်းနည်းတော့ လွန်သွားမယ်ထင်ပါရဲ့။ သူကလည်းစာအရေးကောင်းပါတယ်။ ဒါပေမယ့်ပေါ့...လူတို့ရဲ့ သဘာဝဟာ ရှိစဉ်မှာမတည့်အတူနေ ဘယ်လောက်ဖြစ်ဖြစ်၊ တကယ်တမ်းဝေးကြပြီဆိုရင် လွမ်းသကြတာဓမ္မတာပဲမဟုတ်လား။ ဖိုးတွယ်ရေးတဲ့ စာကို စာဖတ်သူတစ်ချို့ကကြိုက်ကြတယ်ဗျလို့ဆရာတစ်ဦးကိုပြောတော့" မင်း ကိုယ့်ကိုယ်ကို ဘ၀င်မြှောက်မနေနဲ့။ ကိုယ့်ကိုသတိထားမိလာလေ ပိုဂရုစိုက်ရလေပဲကွ။ မင်းရေးတဲ့စာတွေကောင်းတယ်ဆိုပြီးပီတိကိုခံစားတာကောင်းပေမယ့် နောက်ရေးမယ့်စာတွေက အကျိုးမဲ့တွေဆိုအချည်းနှီးပဲကိုယ့်လူ။ ကိုယ့်ကိုယ်ကိုထိန်းသိမ်းတတ်ဖို့ လိုသကွ" လို့ဆုံးမစကား ပြောလာပါတယ်။ မှန်ပါပေရဲ့။ ကျေးဇူးတင်မိပါရဲ့။ ကိုယ့်မှာနေရာရှိထားတယ်ဆိုပြီး ရေးချင်းရာတွေ လျှောက်ရေးနေရင်ကိုယ်မနိုင်တဲ့တာဝန်ကို ထမ်းဆောင်နေရသလိုဖြစ်မှာပါပဲ။ ဖိုးတွယ်ဟာကိုယ်ရေးတဲ့စာကိုဖတ်မိပြီး အသိတစ်စုံတစ်ရာ ရသွားတယ်ဆိုရင်ပဲကျေနပ်မိမှာပါ။ ဒါကလည်း စာရေးသူတိုင်းရဲ့ ဆနပဲဖြစ်မှာပါ။ နောက်ဆုံးအကျိုးပြုစာပေတွေ မရေးနိုင်တောင်မှ အကျိုးမဲ့တဲ့စာတော့ မရေးဘူးလို့ဆိုချင်ပါတယ်။ ဘေးဘောင်ကို သွားဖို့ ကလေး-တောင်ညိုစကားပါပဲလို့ ဆိုရင်း
ဒီတစ်ပတ် ဒီမျှပါပဲ။ ။

Friday, November 26, 2010

ကလေး-တောင်ညိုစကား(စနေနံနှစ်လုံး၊ အင်္ဂါနဲ့ သူ့နာမည်တပ်လွှတ်တဲ့ကိစ္စ)

အိနိယနယ်စပ် တမူးမြို့၊ ချင်းပြည်နယ် စတဲ့ ဒေသများဆီကို
ကုန်စည်တွေလွယ်လင့်တကူ စီးဆင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့
တံခါးပေါက်မြို့တစ်ခုဖြစ်တဲ့ ဖိုးတွယ်နေထိုင်တဲ့မြို့မှာ
စာဖတ်သူတွေအတွက်ဖတ်စရာ ဂျာနယ်၊ မဂဇင်းတွေရောက်ရှိဖို့ဆိုတာ အပေါ်လမ်းနဲ့
အောက်လမ်း (၂)လမ်းပဲရှိပါတယ်။ အပေါ်လမ်းဆိုတာက
လေယာဉ်ခရီးစဉ်နဲ့ရောက်လာတာဖြစ်ပြီး အောက်လမ်းဆိုတာကတော့ မော်တော်ကား၊
မီးရထား၊ သင်္ဘော စတာတွေနဲ့ ရောက်လာတာပါ။ ဖိုးတွယ်က မနလေးထုတ်
ဂျာနယ်တစ်စောင်မှာ အပတ်စဉ်ဝင်ရေးနေတာဆိုတော့ မေတာလက်ဆောင်ပေးတဲ့
ဂျာနယ်တွေကို မနလေး-ကလေး ကုန်စည်နဲ့ခရီးသည်တွေ သယ်ဆောင်ပြေးဆွဲနေတဲ့
ကားဂိတ်တစ်ခုနဲ့ ချိတ်ဆက်ပြီး တစ်ပတ်တစ်ခါ ဂျာနယ်ပါဆယ်ထုပ်ကို
အယ်ဒီတာအဖွဲ့က ပို့ပေးပါတယ်။ မနလေးက ပို့လိုက်တဲ့ ဂျာနယ်ပါဆယ်ထုပ်ကို
တစ်ညစောင့်ပြီး နောက်တစ်နေ့ကျမှ ကလေးမြို့ကားဂိတ်မှာ သွားယူရပါတယ်။
ဖိုးတွယ်မှာရှိတဲ့ အနီမှာ အဖြူစပ်ထားတဲ့ ဟီးရိုးစက်ဘီးအဟောင်းလေးနဲကပေါ့။
ပုံမှန်အားဖြင့်တော့ နေ့ခင်းတစ်နာရီလောက်မှာ ကားဝင်လာတာဖြစ်ပေမယ့်
တစ်ခါတစ်ရံ လမ်းချို့ယွင်းမှုတွေဘာတွေဖြစ်ရင်တော့ ညနေ လေးနာရီလောက်မှသည်
မိုးချုပ်ပိုင်းလောက်မှ ကားဝင်လာတတ်ပါတယ်။ ဒါက ကုန်စည်ပစည်းများ
ကလေးမြို့ကို ဆိုက်ရောက်ရာ အချိန်ပါ။ သင်္ဘောလိုင်းနဲ့ဆိုရင်တော့
ကလေးဝဆိပ်ကမ်းမှာ ညနေပိုင်းလောက်ရောက်တတ်တော့ ပုံမှန်
မိုးချုပ်လောက်ဝင်တာပေါ့။ ဆိုတော့ကာ ဂျာနယ်တွေရောက်လာမယ့်ရက်ဆို
နေ့ခင်းလောက်ကတည်းက အိမ်ကနေစက်ဘီးနဲ့ ထွက်လာခဲ့ပြီး ကားဝင်းနားက
လက်ဘက်ရည်ဆိုင်မှာ ကျောက်ချရပ်နားလို့ ကားအ၀င်စောင့်ရပါတယ်။
ကားတွေဝင်လာပြီဆို ဂိတ်တာဝန်ခံဆီသွားပြီး ဂျာနယ်ထုပ် ပါ၊ မပါ မေးရ၊
ပါလာခဲ့တယ်ဆိုရင်တော့ မနလေးက တန်ဆာခရှင်းပေးလိုက်တော့
အရန်သင့်ပါဆယ်ထုပ်ကို ယူသွားရုံပါပဲ။အားလုံး အဆင်သင့်၊ အဆင်ပြေပဲပေါ့။
ဒါပေမယ့် လူ့သဘာဝအတိုင်း အဖုအထစ်လေးတစ်ခုကို တွေ့လာရပါတယ်။ ဘာလဲဆိုတော့
(တောင်ညိုစကားရဲ့မူအတိုင်း ရှင်းရှင်းပြောရမယ်ဆိုရင်) မနလေးက
တန်ဆာခရှင်းပေးပြီးသားကို ကလေးမြို့ကားဂိတ်မှာ
တန်ဆာခထပ်တောင်းလိုက်ခြင်းပါပဲ။ ပထမတစ်ကြိမ်တောင်းတော့ " တန်ဆာခ
ရှင်းပြီးသားမှတ်လို့ ပိုက်ဆံပါမလာခဲ့ဘူးဗျာ" လို့ဆိုတော့ ဖောင်းကိုင်တဲ့
အစ်ကိုကြီးက " ရပါတယ်၊ နောက်မှပေး" ဆိုလို့ ဂျာနယ်ထုပ်ကိုယူခဲ့ရပါတယ်။
အယ်ဒီတာအဖွဲ့ကို ဖုန်းဆက်မေးကြည့်မှ တန်ဆာခရှင်းပေးပြီးသားမှန်း သိရတော့
ကလေးကားဂိတ်ကို ဖုန်းဆက်ပြီး တန်ဆာခကို (မန်းရှင်း) မှန်းပြောလိုက်တယ်။
ဒါက ဒီမှာ ပြီးသွားပြီလို့ပြောလို့ရပေမယ့် နောက်တစ်ခေါက်က ပိုဆိုပါတယ်။
ဖိုးတွယ်က စာမေးပွဲကိစနဲ့ မအားတာမို့
ဂျာနယ်ထုပ်ကိုသူငယ်ချင်းတစ်ယောက်နဲ့ယူခိုင်းလိုက်တယ်။ " တန်ဆာခက
သုံးထောင့်ငါးရာ" ဆိုတော့ မယူခဲ့ရဘူးတဲ့။ ဖိုးတွယ်က
တန်ဆာခရှင်းပေးပြီးသားလို့ ပြောလိုက်တာကိုး။ ဒါနဲ့ အယ်ဒီတာအဖွဲ့ဆီ
ဖုန်းဆက်ရပြန်ရော။ နှစ်ခါတောင်ရှိပြီ။ ဒီအယ်ဒီတာအဖွဲ့ဘယ်လိုလုပ်တာလဲဟ
ဆိုပြီး စိတ်ထဲ စနိုးစနောင့်ဖြစ်နေမိတယ်။ " တန်ဆာခ မန်းရှင်းပြီးသားပါ။
နှစ်ထောင့်ငါးရာ ပေးရတယ်" ဆိုတော့ " ဟိုက် လုပ်ချလိုက်ပြန်ပြီ"
ဖြစ်သွားရတယ်။ ဒီလိုနဲ့ အယ်ဒီတာအဖွဲ့ကလည်း မန်းဂိတ်မှာ
သွားပြောဖိုးတွယ်ကလည်း (အဲ ဟုတ်ဖူး) ဖိုးတွယ်ကတော်က သွားပြောရတယ်။
နောက်ဆုံးဂျာနယ်ရလာခဲ့ပြီဆိုတော့ အထုပ်က ဖောက်ထားတာကိုတွေ့လိုက်ရပြန်ရော။
ဖိုးတွယ်လည်း စိတ်မကောင်းခြင်းများစွာနဲ့ ချက်ချင်း အယ်ဒီတာအဖွဲ့ဆီ
ဖုန်းနံပါတ်နှိပ်လိုက်ပြီး အကျိုးအကြောင်းပြော၊ အရေအတွက်ကိုက်၊ မကိုက်
မေးကြည့်ပြီး ဘာမှ အပျောက်အရှမရှိဘူးဆိုမှ စိတ်အေးရပါတော့တယ်။ ဒါကတော့
ကလေး-မနလေးကို နေ့စဉ် အချိန်မှန်မှန် ပြေးဆွဲပေးနေတဲ့ စနေနံနှစ်လုံးနဲ့
ကားလိုင်းတစ်ခုနဲ့ ဖိုးတွယ် ကြုံရဆုံရတဲ့ အကြောင်းပါ။

××××××××××=========×××××××××××××
ဒီ နိုဝင်ဘာလထဲမှာ ဖိုးတွယ် သိနေ၊ မြင်နေရတာကတော့ ကြာပါပြီ။ ရေးသင့်
မရေးသင့် စဉ်းစားနေလို့ပါ။ုနိုင်ငံတော် အစိုးရက ဆီဆိုင်တွေကို ပုဂလိက
ချပေးပြီးတဲ့နောက် ဖိုးတွယ်တို့ဆီမှာ လိုင်စင်ပါဆိုင်ကယ်၊ သုံးဘီး၊
ကားတွေ ဆီထုတ်ဖို့ နေရာ နှစ်နေရာရှိပါတယ်။ ကလေးမြို့ထဲက ဆိုင်နဲ့
ကိုးမိုင်ဘက်က ဆိုင်ပါပဲ။ ကိုးမိုင်ဘက်မှာတော့ ဆီထုတ်သူ သိပ်မများဘူးလို့
သိရပေမယ့်(ဝေးလို့ပါ) မြို့ထဲမှာတော့ ဆိုင်ကယ်သမားတွေ (တစ်မိုင်)
နီးနီးခန့်ကို နေပူပူ မိုးရွာရွာ ရထားတဲ့နေရာလေး ပျောက်မသွားဖို့
ရပ်မှာပဲ ဆိုတဲ့စိတ်နဲ့ တန်းစီနေတာကို ဖိုးတွယ်
ဖြတ်သွားဖြတ်လာလုပ်တိုင်း မြင်နေရပါတယ်။ ဘာလို့များ ဒီလောက်ထိ ဆင်းရဲ
ဒုကခံနေရတာလဲ မေးကြည့်တော့ သူတို့ရဲ့ တစ်နေ့တာဝင်ငွေက လေးထောင်ကနေ
ခြောက်ထောင်လောက်ရှိတယ်ဆိုတော့ " ဟိုက်ရှားပါး" လို့အော်မိပါတယ်။ ဒီ
ဆီဆိုင်တွေက ချပေးတဲ့ ဈေးနဲ့ အပြင်လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက
ဈေးနဲ့ တစ်ထောင်ဝန်းကျင်လောက်ကွာတယ်လို့လည်း သိရပါတယ်။
အပြင်လမ်းဘေးဆိုင်တွေက ပိုများတာ ပေါ့လေ။ ခုဆို ဆီတစ်စိပ်ကို (၁၂၀၀)
တောင်ဖြစ်သွားပြီဆိုတော့ တန်းစီနေတဲ့ ဆိုင်ကယ်တွေကို
မျက်စိထဲမြင်ယောင်မိလာပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ သုံးဘီးသမားတွေပါ
ဆိုင်ကယ်တွေနဲ့ အပြိုင် တန်းစီယှဉ်ပြိုင်နေတာကို တွေ့ရပြီး
မြို့ရဲ့နှစ်လမ်းသွားလမ်းမကြီးဟာ တစ်လမ်းသွားလောက်ပဲ ကျန်တော့တာမို့
ခရီးသွားယာဉ်တွေ၊ လူတွေအတွက် ထိမှုခိုက်မှု
အနရာယ်တွေဖြစ်လာနိုင်ကြောင်းပါခင်ဗျာ။
××××××××××=========×××××××××××××
ဖိုးတွယ်တို့မြို့မှာ ကဗျာဆရာတွေက လက်ဖက်ရည်ဆိုင်ဖွင့်ခြင်းကိစရပ်က
အတော်ခေတ်စားပါတယ်။ အခုလက်ရှိ နောက်ဆုံးဖွင့်ထားသူက
ကဗျာဆရာမောင်ကံချို(ကလေး)ရဲ့ တူ လင်းဖွဲ့အိမ်က " လင်းဖွဲ့အိမ်" ဆိုပြီး
ပင်လုံလမ်းမတော်ထဲမှာ အောင်မူးဂယ်လာရီနဲ့အပြိုင် ဖွင့်လှစ်ထားပါတယ်။
ဖိုးတွယ်ပြောချင်တာက မြို့မှာ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့
ကဗျာဆရာရဲ့ အကြောင်းပါပဲ။ စာပေလောကကြီးမှာ နယ်ကပို့လိုက်တဲ့ စာမူတွေကို
မသုံးဘဲ ကိုယ့်နာမည်ခပ်တည်တည်တပ်ပြီး တခြားမဂဇင်းတွေပို့တဲ့ အယ်ဒီတာတို့၊
ဟိုနည်းနည်း ဒီနည်းနည်းယူပြီး ကိုယ့်စာဖြစ်အောင်လုပ်တဲ့ အယ်ဒီတာတို့
စသဖြင့် ဖိုးတွယ်ကြားဖူးပါတယ်။ (ဖိုးတွယ်ကတော့ ဒီလိုမကြုံဖူးတာ
ကံကောင်းခြင်းပဲပေါ့) ခု ကဗျာဆရာကတော့ ဒေသခံဝါသနာရှင်တွေရဲ့
ကဗျာအချို့ကို ပို့ပေးမယ်ပြောလို့ တောင်း၊နောက် သူ့နာမည်တပ်လွှတ်လိုက်တဲ့
ကိစပါပဲ။ ဒါကို ဖိုးတွယ်နဲ့ ရင်းနှီးသူတွေက ရင်ဖွင့်သလိုလို
ပြောလာကြပါတယ်။ ခုတော့ အဲဒီကဗျာဆရာလည်း ရန်ကုန်ဘက်က ဂျာနယ်တစ်စောင်မှာ
ဝင်လုပ်နေတယ်ကြားရပါတယ်။ သူ့ကဗျာတွေကိုတော့ မဂဇင်းတွေထက်မှာ
နည်းပါးစွာတွေ့မြင်ရပြီး သူလုပ်တဲ့ဂျာနယ်ထက်မှာပဲ သူ့လက်ရာစုံကို
တွေ့မြင်ရကြောင်း ဒီတစ်ပတ် ကလေး-တောင်ညိုစကားကနေ ဆိုလိုက်ရပါတယ်။
ကိုယ့်ကဗျာကို ကိုယ့်နာမည်တပ်နိုင်ကြပါစေ။ ။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
trphee.91@gmail.com သို့ဆက်သွယ်ဝေဖန်နိုင်ပါသည်။

ကလေး-တောင်ညိုစကား(ကယ်ရီသမား၊ ဟစ်တလာနဲ့ ရှင်းလင်းတင်ပြခြင်းကိစ္စ

ဖိုးတွယ်တို့ မြို့မှာ ကားဝန်း (၂)၀န်းရှိပါတယ်။ ဘူတာဘက်က ကားကြီးဝင်း၊ ပင်လုံလမ်းမတော်ထဲက ကားလေးဝန်း။ ကားတွေက ကလေးမြို့ကနေ ချင်းတောင်၊ တမူး၊ ကလေးဝ၊ မန္တလေးစတဲ့မြို့များဆီ ရောက်ပါတယ်။ ချင်းတောင်သွားကားတွေကိုတော့ တာဟန်းဈေးမှာ စုံစမ်းနိုင်ပါတယ်။ ခေတ်နဲ့လျော်ညီစွာပဲ မြင်းလှည်း၊ ဆိုက်ကားတို့မှသည် ဆိုင်ကယ်၊ သုံးဘီး စတဲ့ ခရီးသည်များ လိုရာရောက်စေဖို့ ပို့ဆောင်ပေးတဲ့အရာတွေက ကားဂိတ်တွေမှာ အများပါပဲ။ ဒီအထဲမှာ ခရီးသွားတွေအများဆုံးသုံးတာက ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေပဲ ဖြစ်ပါတယ်။ ကားတစ်စီးဝင်ရောက်လာပြီဆို ကယ်ရီသမားတွေ အလုအယက်။ " သုံးဘီး၊ သုံးဘီး၊ ဆိုင်ကယ်၊ ဆိုက်ကား ရှိတယ်" စသဖြင့် အသံမျိုးစုံဟာ ဆူညံနေတာပါပဲ။ ခရီးသည် ရသူရှိသလို၊ မရသူလည်း အများကြီးပါပဲ။ ဖိုးတွယ် မိတ်ဆွေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ်မကြီးက နင်တို့ စာရေးဆရာတွေအတွက် ဒါကလည်း ကုန်ကြမ်းတစ်ခုပဲ၊ ဒီမှာ ကားရောက်တဲ့အချိန်လာထိုင်ကြည့်၊ နှစ်ရက် မကြာဘူး။ ၀တ္ထုတစ်ပုဒ်ဖြစ်စေရမယ်တဲ့။ ပင်လုံလမ်းမတော်ထိပ်က လက်ဖက်ရည်ဆိုင်တွေမှာ အဲဒီ သုံးဘီးနဲ့ ဆိုက်ကယ် ကယ်ရီသမားတွေ တန်းစီနေတာ တွေ့နိုင်ပါတယ်။ ကားဝင်လာချိန်ဆို ကယ်ရီသမားတွေနဲ့ လမ်းက ပြည့်နေတာပါပဲ။ တစ်ခုပြောချင်တာက ဆိုင်ကယ်ကယ်ရီများ၊ သုံးဘီးယာဉ်များ ပေါများလာခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်သော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ကယ်ရီသမားတွေကို တွေ့မြင်နေရတော့ စိတ်မချမ်းမြေ့ရပါကြောင်းဗျာ။
××××××××××=========×××××××××××××
ကလေးစာပေရပ်ဝန်းမှာ ဆရာကြီး ဦးသုခကို အားကျသူ တစ်ယောက်ရှိပါတယ်။ နောက် ရွှေလုပ်ငန်းလုပ်နေသူ တစ်ဦးလည်း ရှိပါတယ်။ ဦးသုခကို အားကျသူကိုတော့ "ဂီတစာဆို" လို့မှတ်ထားနိုင်ပြီး ရွှေလုပ်ငန်းလုပ်နေသူကိုတော့ "ဖိုးရွှေ" လို့မှတ်ထားလိုက်မယ်။ အဲဒီ ဂီတစာဆိုနဲ့ ဖိုးရွှေနဲ့က မတည့်ကြဘူးဗျ။ လူဆိုတာ အသွင်တူချင်းပေါင်းကြတယ်ဆိုပေမယ့် သူတို့နှစ်ဦးကတော့ သုံးနဲ့ လေးလိုပဲခင်ဗျ။ ဖိုးရွှေက တစ်ခါတစ်ခါမှာ အရက်တွေသောက်ပြီး လက်ဖက်ရည်ဆိုင်ကိုရောက်လာတတ်တယ်။ နောက် အန်တာတွေ ဘာတွေ ဖြစ်လာတယ်။ ဒါက ခဏခဏ ဖြစ်တတ်တော့ သူ့ကို သိပ်မကြည်ဖြူကြဘူးပေါ့ဗျာ။ (အဲ ဖိုးတွယ်နဲ့ကတော့ အပေါက်အလမ်းတည့်ပါတယ်)။ ဆိုတော့ မကြည်ဖြူသူထဲမှာ ဂီတစာဆိုလည်း ပါတော့ တစ်ညနေသူ့စကားကိုပြန်ဖောက်သည်ချပြရရင်.." ကိုယ်က ဟစ်တလာကို အားကျတယ်။ သူက ဂျာမန်စစ်သားဆိုပေမယ့် လမ်းဘေးပန်းချီဆရာ၊ အနုပညာရှင်တစ်ယောက်တစ်ယောက်လည်း ဖြစ်တယ်ကွ၊ သူ ဂျူးတွေကို သတ်ခဲ့တာ နိုင်ငံရေးအရဆိုတာ နားလည်တယ်။ သူကို အပြစ်မမြင်မိဘူးကွာ " ဆိုတော့ ဘေးက ကဗျာဆရာတစ်ယောက်က " ဂျူးလူမျိုးတွေကို သတ်ခဲ့တဲ့ ဟစ်တလာကို တစ်ကမ္ဘာလုံးက မုန်းတီးပေမယ့် မင်းကမမုန်းဘူးဆိုတော့ မင်းရဲ့ သဘောထားကြီးမြင့်မှုကို ဂုဏ်ယူလေးစားပါတယ်။ ဒါဆို တစ်ခုပြောမယ်၊ မင်း ဟစ်တလာကို နားလည်ပေးနိုင်သလို ဖိုးရွှေကိုလည်း နားလည်ပေးနိုင်ရင် ကောင်းမယ်ကွာ။ သူက တစ်ခါတစ်ခါ မုန်းချင်စရာကောင်းပေမယ့် တစ်ခါတစ်ခါမှာလည်း ချစ်စရာတွေရှိပါသေးတယ်ကွ။ နောက် သူလည်း ကဗျာရေးတဲ့သူပဲ" ဆိုတော့ ဂီတစာဆို အသံတိတ်သွားပါတယ်။ အဲဒီလိုပဲ ဂီတစာဆိုကိုလည်း ဖိုးတွယ်က တစ်ခုပြောပြလိုက်ပါတယ်။ မင်းလို လူစားအများကြီးဟေ့.....လို့။
××××××××××=========×××××××××××××
ရှိုတ် အထူးထုတ်မှာပါခဲ့တဲ့ ဖိုးတွယ်ရဲ့ ကလေး-တောင်ညိုစကားနဲ့ပတ်သက်ပြီး သက်ဆိုက်ရာ ပညာရေးဝန်ဆောင်မှုက သူတို့ပညာရေးဝန်ဆောင်မှုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းပြောလာပါတယ်။ ဖိုးတွယ်ရဲ့ အပြစ်ပါ။ အဲဒီမှာ ဖိုးတွယ်ပြောချင်တာက မဂဇင်းမှာ ကဗျာမသုံးဘူးဆိုတဲ့ စကားဟာ အဲဒီ ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းထဲက ထွက်ခဲ့တာမဟုတ်ဘဲ သူတို့နဲ့ ပတ်သက်နေတဲ့ ပြင်ပ သူတစိမ်းဆီက ထွက်ခဲ့တာပါ။ ဒါကို ဖိုးတွယ်က ပညာရေးဝန်ဆောင်မှုအဖွဲ့နားလည်အောင်မရေးတတ်လို့ ဖြစ်သွားရခြင်းရယ်ပါ။ ဖိုးတွယ်ရဲ့ ဆန္ဒက နားလည်မှုတွေလွဲမှားနေကြတာကို ပြုပြင်ကြစေချင်လို့ပါပဲ။ ဒါကြောင့် ပညာရေးဝန်ဆောင်မှုရဲ့ မဂဇင်းမှာ ကဗျာရွေးခြင်း၊ မရွေးခြင်းက ပညာရေးဝန်ဆောင်မှုရဲ့ အာဘော်အတိုင်းသာဖြစ်ပြီး ကဗျာပေးပို့ရမည်က ကိုယ့်အလုပ်ဟု လူငယ်ကဗျာဆရာများကို ပြောကြားလိုပြီး ဖိုးတွယ်ရဲ့ အမှားကို ထောက်ပြပေးကာ မဂဇင်းရဲ့ သဘောထားများကို ရှင်းပြပေးတဲ့ ပညာရေးရပ်ဝန်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ဒီတစ်ပတ် ကလေး-တောင်ညိုစကားကို ရပ်နားလိုက်ရပါတယ်။ ဖိုးတွယ်တစ်ယောက် စာမေးပွဲကိစ္စနဲ့ မအားလို့ ဖတ်ရတာ အားမရဘူးဆိုရင်ခွင့်လွှတ်တော်မူကြပါခင်ဗျာ။ နောက်တစ်ပတ် ရှည်ရှည်ရေးပါ့မယ်။

တွယ်တွယ်ထွဏ်း(ကလေးမြို့)

trphee.91@gmail.com သို့ဆက်သွယ်ဝေဖန်နိုင်ပါသည်။

Monday, November 8, 2010

တောင်ညိုစကား (မိုး၊ ပန်းချီဆရာနဲ့ မော်ဒယ်ကိစ္စ

ဒီနှစ် ကလေး မိုးက သိပ်သည်းသလို မသည်းသလိုနဲ့ ရွာပြန်တော့လည်း
တခြိမ်းခြိမ်းဗျာ။ မိုးကာအကျီင်္မ၀တ်တတ်တဲ့ဖိုးတွယ်မှာတော့
ထီးစုတ်တစ်ချောင်းနဲ့ပဲ မြို့ရိုးကိုးပေါက် လျှောက်ကာလည်ရင်း
တောင်ညိုစကားအတွက် လိုအပ်တဲ့အကြောင်းအရာတွေကို ရှာဖွေရပါတယ်။
မန္တလေးဘက်မှာတွေတော့ မိုးက သိပ်ဆိုးတယ်လို့ကြားရတယ်ဗျ။ ကလေးဘက်မှာလည်း
မြစ်သာမြစ်ရေ နည်းနည်းတိုးလို့ တောင်ဦ-ပြင်သာ ဘက်က ရွာသူရွာသားတွေ
ဒုက္ခရောက်ကြသေးတယ်။ ဒါပေမယ့် မိုးက ဆက်မရွာလို့ မြစ်ရေပြန်လျော့သွာတော့
စိတ်ချမ်းသာရတာပေါ့ဗျာ။ မည်သို့ပင်ဖြစ်ပါစေ..ရာသီဥတု အေးချမ်းပါစေ။
တိုင်းပြည် သာယာပါစေ။ စားဝတ်နေရောတွေအဆင်ပြေပါစေ ဆိုတာ ဖိုးတွယ်ရဲ့
ရင်တွင်းအမှန်စကားပါပဲ။
××××××××××=========×××××××××××××
တစ်ညနေ မိတ်ဆွေပန်းချီဆရာတစ်ယောက်နဲ့ အလုပ်ကိစ္စတစ်ခုကအပြန်
ထိုင်နေကျ လက်ဘက်ရည်ဆိုင်ကို ၀င်လိုက်တယ်။ ၀င်းသူဇာအရောင်းဆိုင်နံဘေးက
ညပလက်ဖောင်းလက်ဖက်ရည်ဆိုင်လေးပါ။ လက်ဖက်ရည်ရယ်၊ ထပ်တရာ၊ ပလာတာ စတဲ့
မုန့်တွေရယ်၊ ထမင်းဆီဆမ်းရယ်ပါ တွဲရောင်းတဲ့ တနိုင်ဆိုင်လေးပေါ့။
ဆိုင်ရှင်နာမည်က ကိုဝေသင်း၊ ဒါကြောင့် ကဗျာဆန်ဆန်လေးပြောရရင်
ရနံ့သင်းကြိုင် ဝေသင်းဆိုင်ဆိုပြီး ပြောရတာပ။
ပန်းချီဆရာက သူထမင်းမစားရသေးဘူးဆိုပြီး ဆီဆမ်းတစ်ပွဲမှာတယ်။ ကိုယ်ကတော့
လက်ဘက်ရည်ပဲပေါ့။ ဆီဆမ်းနဲ့တွဲစားဖို့ ကြက်ဥကိုခရမ်းချဉ်သီးနဲ့
မွှေကြော်ဆိုရင် ဘယ်လောက်လဲ ဆိုတော့ ခြောက်ရာ တဲ့။ မိတ်ဆွေပန်းချီဆရာ
တင်းသွားတယ်။ ရိုးရိုးပဲ ကြော်ခဲ့ပါတဲ့။ ဖြစ်သွားရော။ ဒါက
တစ်ပွဲငါးရာပေါ့။
"ဖိုးတွယ်ပဲ စဉ်းစားကြည့် ၊ ဒီလောက် ဖောက်သည်ကို တစ်ရာလေး
လာကပ်နေသေးတယ်။ တခြားလူဆို ခြောက်ရာယူတယ်၊ ခင်ဗျားတို့မို့
ငါးရာနဲ့ပေးလိုက်တယ်ဆိုရင် ဘာဖြစ်သွားလဲ။ ကျွန်တော်က စားချင်၊
ရချင်လို့ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ ဖောက်သည်ထိန်းနည်း
မတတ်တာကိုပြောပြတာ၊ တခြားဆိုင်မှာဆို ဟင်းရည်ချပေးတယ်၊ ဒီမှာ မရဘူး။
အချဉ်ကိုလည်း ပန်းကန်သတ်သတ်နဲ့ သေချာသုပ်ပြီးချပေးတယ်။ ဒီမှာက ပုံပေးတယ်။
ဒါကိုတောင်မှ ကျွန်တော်တို့က ထိုင်နေကျဆိုင်ဆိုပြီ
တခြားမှာသွားမစားဘူးဗျာ-ကဲ"
ဟုတ်တော့လည်း ဟုတ်တယ်။ ကိုယ်တို့မြို့ရဲ့ ရွှေအမြုတေစာပေဆုရတဲ့
စာရေးဆရာအပါအ၀င် နာမည်ကြီး စာရေးဆရာတစ်ချို့
ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်း ဒီဆိုင်လေးကိုပဲ မြို့ရဲ့
လေထန်ကုန်းတစ်ခုလို သတ်မှတ်ထားခဲ့ကြတာ။ စီးပွားရေးက စီးပွားရေး၊
ဖောက်သည်မပျက်အောင် ပြောဆိုဆက်ဆံမှုကလည်း အများကြီးလိုသေးတယ်မို့လား။
ကိုယ်တို့လူမျိုးတွေဟာ နိုင်ငံစွဲ၊ ဒေသစွဲ၊ ဆိုင်စွဲ သိပ်ကြီးသလေ။
ပန်းချီဆရာက ဆက်ပြောသေးတယ်။
"ကျွန်တော်က သူတို့ဆိုင်မှာ ဆိုင်းဘုတ်မရှိလို့ သစ်သားစိုက်မယ်။
အလကားရေးပေးမယ်။ ခင်ဗျားတို့က အလူမီနီယံဘောင်ဖိုးလေးပဲစိုက်ဆိုတာကို
အင်တင်တင်လုပ်နေကြတယ်။ နောက်ဆုံး ဘောင်ဖိုးပါစိုက်ပြီး
လုပ်ပေးမယ်ဆိုတာကိုတောင် အင်းမလုပ် အဲမလုပ်ဗျာ။ သူတို့ဆီက
လက်ဘက်ရည်တစ်ခွက် အလကားမသောက်ရရင်နေပါစေ၊ ကျွန်တော်က
စေတနာအဖြူစစ်စစ်နဲ့ပါ"။
××××××××××=========×××××××××××××
ကွာလတီမဂဇင်းတစ်စောင်မှာပါတဲ့ မော်ဒယ်ပုံကိုကြည့်ပြီး
ကဗျာဆရာတစ်ယောက်က ပြောလိုက်တယ်။ " ရှေ့တည့်တည့်က ကြည့်ရင်မြင်ရတယ်"
တဲ့။(သူပြောတဲ့ စကားအတိုင်းပါ)။ သူ့ကဗျာပါတဲ့ မဂဇင်းကြီးမှာပါ။ " ဘာထူးလဲ
(.....)ထဲမှာဆို ဗလာချည်းပဲ" တဲ့။ တစ်ယောက်က ဆွေးနွေးထောက်ခံတယ်။
သူတို့အဲလိုပြတာ အကြောင်းမဟုတ်ဘူး။ ဒီက အာရုံတွေက ကဗျာရေးလို့မရ၊
ဘာရေးလို့မရ တဲ့။ တစ်ယောက်ကလည်း ပြောပြန်တယ်။
ဟုတ်တာပေါ့။ သူတို့ပြောလည်း ပြောစရာ၊ ဖိုးတွယ်တောင် အဲဒီမော်ဒယ်
ဓာတ်ပုံအရိုက်ခံတဲ့နားမှာ ရှိနေရင် ရှေ့တည့်တည့်မှာထိုင်ပြီး
ဂျာနယ်တစ်စောင်လောက် ဖတ်ချင်နေသေးရဲ့။ အဲဒီမော်ဒယ်အကြောင်း
နည်းနည်းပြောရရင် သူက အဆိုတော်တစ်ယောက်ပါ။ အငြိမ့်လည်း ကပါတယ်။
အနုပညာကောင်းရင် ပရိသတ်တွေက အားပေးကြပါတယ်။ ဒါပေမယ့် အနေအထိုင်မတတ်ရင်
အင်တာနက်ပေါ်ရောက်တာကို မသမာသူတွေလက်ချက်လို့ပြောလို့ရပေမယ့် ဒီလို
မဂဇင်းတွေထဲက ဓာတ်ပုံကိစ္စတွေကိုတော့ ဘယ်လို ပြောရမလဲဗျာ။ အိနြေ္ဒှရှိတဲ့
အနုပညာရှင်(အမျိုးသမီးများ)တွေကိုတော့ ဖိုးတွယ်အပါအ၀င် ပရိသတ်တွေက
လေးစားချစ်ခင် တန်ဖိုးထားကြပါတယ်။ ဒီလိုမှ
မဟုတ်သူတွေကိုတော့....ဆင်ခြင်နိုင်ကြပါလို့တောင်ညိုစကားကနေ
ပြောချင်ပါတယ်။ ။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
ဝေဖန်အကြံပေးလိုသူများ trphee.91@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

Friday, October 22, 2010

ကလေးတောင်ညိုစကား (ခေတ်သစ်၊ ပရဟိတနဲ့ စာပေကိစ္စ)

နေထိုင်မှုစနစ် အသစ်အသစ်တွေပြောင်းလာတဲ့ ကိုယ်တို့မြို့ဟာ
မိုးမကျတကျရဲ့ ရာသီဥတုအောက်မှာ ရောင်စုံလူတွေ လှုပ်ရှားနေကြတယ်လေ။ ခုတလော
ပြောင်းလဲတိုးတက်လာတာတွေကလည်း အများသား။ မျက်စိရှေ့မှာတင်
မီးလောင်ပြာကျသွားတဲ့ တာဟန်းဈေးနေရာမှာ မျက်စိရှေ့မှာတင်ပဲ
ပိုမိုခေတ်မှီလှပတဲ့ နှစ်ထပ်ဈေးသစ်ကြီး ပေါ်လာတယ်။ ဒီဈေးက ချင်းတောင်၊
ကလေးလွင်ပြင်၊ ပြည်မ စတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့
နိုင်ငံအနှံဆက်သွယ်ပေးတဲ့ နေရာပါ။ နောက် သီတဂူဆရာတော်ဘုရားကြီးရဲ့
ကျေးဇူးကြောင့် "သီတဂူ မျက်စိရောဂါကုဆေးရုံကြီး" ပေါ်လာပြီ။ ကလေးမြို့မှာ
အထင်ကရ ဆေးရုံကြီးက နှစ်ခုပဲရှိခဲ့ရာက ဒီဆေးရုံကြီးပေါ်လာတာဟာ
တိုးတက်ခြင်းတစ်ခုမဟုတ်လား။ ပြီးတော့... မျက်တစ်ခတ်မှာပဲ
တိုင်းနိုင်ငံအနှံကို ထိုင်ရာမထ ဆက်သွယ်နိုင်တဲ့ "အင်တာနက်" ဆိုင်တွေက
ကလေးလွင်ပြင်တင်မက နယ်စပ် တမူးဒေသတွေမှာပါ သုံးနိုင်ကြပြီ။
ဆိုင်တွေများလာတာနဲ့အတူ ၀န်ဆောင်ခ၊ ဈေးနှုန်းလည်း သက်သာလာတယ်။ အတက်၊ အကျ
သဘောပေါ့။ ဖိုးတွယ်တို့ရပ်ကွက်ထဲမှာတောင် ဖွင့်လှစ်လာပြီ။
ဌာနဆိုင်ရာကဖွင့်တာရှိသလို ပုဂလိကတွေရောရှိတယ်။
ဘာသာရေးဆိုင်ရာတွေရော(ဥပမာ-နေသာကျောင်းတိုက်)ရှိလာတယ်။ ဒါကြောင့်
ကလေးမြို့တင်မက တမူး၊ ကလေးဝ စတဲ့ ကဘော်၊ ချင်းတွင်းဒေသတွေမှာပါ
အင်တာနက်ကို စိတ်တိုင်းကျ ကလိနိုင်ပါပြီခင်ဗျာ။
+++++++++++++++++++++++++++++++++++
နာဂစ်အပြီးမှာ နိုင်ငံနဲ့အ၀ှမ်း ပရဟိတစိတ်ကလေးတွေ
ပေါ်ထွန်းလာခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ့်ရဲ့မျက်စိရှေ့မှာတင်
ကြုံလိုက်ရတာဆိုတော့ လူသားချင်းစာနာရိုင်းပင်းကူညီချင်တဲ့စိတ်ဓာတ်က
ဝုန်းဒိုင်းဆို နိုးကြွလာခဲ့တာပါ။ ပရစိတ်နည်းတဲ့သူက များပြားလာ၊
များပြားတဲ့သူက အကောင်အထည်ဖော်ဆောင် ဆိုပြီး တစ်ဦးချင်းဖြစ်စေ၊
အဖွဲ့လိုက်ဖြစ်စေ ကိုယ်တတ်နိုင်သလောက်
တပိုင်တစ်နိုင်ပြုလုပ်ဆောင်ရွက်ကြတာ ဒေသအနှံ့မှာ မြင်တွေ့နေရမှာပါ။
ဘယ်တော့မှ ခေတ်နောက်မကျတဲ့ ဖိုးတွယ်တို့မြို့မှာလည်း ပရဟိတအဖွဲ့တစ်ခု
ဖွဲ့စည်းဖြစ်တယ်။ ပရဟိတအဖွဲ့လား၊ အများကြီးရှိတယ်လို့
ပြောချင်သူကပြောဦးမယ်။ ခုဟာက စာပေသမားလေးတွေဖွဲ့စည်းထားတဲ့
စာပေနဲ့ပရဟိတပူးပေါင်းတဲ့ ကလေးမြို့ရဲ့ ပထမဆုံးအဖွဲ့လေးပါ။ အဖွဲ့ဝင်က
သုံးဆယ်ကျော်လောက်ရှိတယ်။ သူတို့ရတဲ့မုန့်ဖိုး၊ ပဲဖိုး၊ လုပ်အားခတွေထဲက
အလှူလုပ်ဖို့ငွေစု၊ လက်လှမ်းမှီသရွေ့ အလှူရှင်တွေဆီကနေ
တတ်အားသရွေ့အလှူလိုက်ခံပြီး လိုအပ်နေတဲ့နေရာတွေဆီ လှူဒါန်းနေတဲ့အဖွဲ့ပါ။
တကယ်လေးစားအတုယူသင့်တဲ့အဖွဲ့ပေါ့။
လမင်းအို၊ သူရ(ကလေး) စတဲ့ အတွေးရဲရဲ၊ အရေးရဲရဲ စာပေလူငယ်တွေနဲ့အတူ
နာမည်ရစာပေပညာရှင်တွေက သိုင်းဝိုင်းပြီး
စာပေ၀ါသနာရှင်သက်သက်တွေနဲ့စုစည်းထားကြတာပါ။ အဲဒီအဖွဲ့ဝင် လူငယ်လေးတွေရဲ့
ကဗျာတွေကိုလည်း မဂဇင်း၊ ဂျာနယ်တွေမှာ တွေ့မြင်နေကြရပါတယ်။
ပရဟိတဖွံ့ဖြိုးမှုအားမနည်းတဲ့ ကိုယ်တို့မြို့မှာ ဒီလိုအဖွဲ့မျိုးတွေကို
ရေရှည်တည်တံ့စေချင်တာကတော့ ဖိုးတွယ်ရဲ့ဆန္ဒအမှန်ပါ။
++++++++++++++++++++++++++++++++++++++
မြို့အတိုင်းအတာနဲ့ စာပေဘက်မှာကတော့ ဖိုးတွယ်စိတ်ချမိပါတယ်။
ဝမ်းစာရှိသူတွေပဲကိုး။ မြဆင့်ချယ်တို့၊
မောင်ကံချိုတို့လောက်မလုပ်နိုင်ဦးတော့ သူ့အိုးသူ့ဆန် ဟန်နေတာပါပဲ။
တစ်ခုတော့ ဖိုးတွယ်ပြောချင်ပါတယ်။ ဆရာကြီးငယ်လတ်တွေကို ဆရာပြန်လုပ်တာ
မဟုတ်ပါဘူး။ ဖိုးတွယ်တို့ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဝတ္ထုထဲက လူကြီးနဲ့လူငယ်တွေကို
ဆုံးမခဲ့ပုံကို သတိရမိပါတယ်။ "အနုပ်စုတ် ကုပ်စုတ် ကာလဥာဏ်နဲ့၊
မာနသံဟိတ်အပြည့်ဖြင့် တိတ္ထိလိုကောင်လေးတွေကို အရေးမလုပ်ဘူး" ဆိုတဲ့
အသက်ကြီးဝါကြီးတွေရဲ့ လူငယ်တွေကို နှိမ့်ချပုံ၊ နောက်ပြီး "
ခေတ်အလိုက်သတိမထားဘဲ မသိသားဆိုးဝါးတဲ့ နွားကြီးတွေ" လို့ လူငယ်တွေကို
လူကြီးတွေက မလေးမစားပြုမှုပုံတွေ ဖိုးတွယ်အသံကြားနေရပါတယ်။
လူငယ်ကဗျာဆရာလေးတစ်ယောက်က ရင်ဖွင့်လာပါတယ်။ လွန်လေပြီးသော
နောင်တော်တွေရှိတုန်းကဆို ဒီလိုအသံမျိုးမကြားရဘူး။ ဖိုးတွယ်အနေနဲ့
ဘာမှမပြောရဲပါဘူး။ " ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသလို လူငယ်တွေရဲ့ရင်ထဲ
နာကျည်းမှုတွေရိုက်မထည့်မကြဖို့၊ " နွားပျိုသန်လှ နွားအိုပေါင်ကျိုး"
ဆိုသလို လူငယ်တွေသိပြီးသမျှဟာ လူကြီးတွေဖြတ်သန်းပြီးသားမို့
နွားရှေ့ထွန်ကျူးသဘောမျိုးတွေမလုပ်မိဖို့ လိုပါတယ်။
သခင်ကိုယ်တော်မှိုင်းကလည်း နွားနှစ်ကောင် ညီညာရုန်းကြမှ၊
တစ်ပြည်လုံးနောက်ကချတ်တာ ၊ ပျောက်ပလွတ်ကွာ၊ အောက်ကျတဲ့ဝဋ်ကြမ္မာကို၊
လွတ်စရာခဲကြမှလေး လို့ဆုံးမသလိုပဲ လူကြီးလူငယ်နှစ်ဖက်နွယ်မှ
ရည်ရွယ်ရင်းတွေပေါက်မြောက်နိုင်မှာပါ။ သူတတ်၊ ငါသိ အငြင်းမပွားဘဲ
တက်ကိုပြိုင်တူလှော်ခတ်နိုင်ပါစေလို့ ဖိုးတွယ်ဆန္ဒပြုချင်ပါတယ်။



တွယ်တွယ်ထွဏ်း(ကလေးမြို့)
ဝေဖန်ချင်သူများရှိရင် trphee.91@gmail.com ကိုဆက်သွယ်နိုင်ကြပါတယ်။