Tuesday, June 1, 2010

ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ

ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အလုံးအ၀န်းနဲ့လား လေးထောင့်ဒါမှမဟုတ် အချွန်းလား
ပုံသဏ္ဍန်ကော ရှိရဲ့လား ဒြပ်ရှိသလား
အဲဒီအချစ်မှာ မေတာဆိုတာပါသလား
ပါးထက်က ၀က်ခြံတွေညှစ်ပေးတာ အချစ်လား
ဆီဆမ်းဆားဖြူးစားတာ အချစ်လား
ချော်လဲလို့ထူပေးတာကော အချစ်ပဲလား
အစ်ကို သိနေတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အကောင်းစားကားစီးတာ အချစ်လား
အချစ်ဆိုတာ အကောင်းစားကားတစ်စီးပဲတဲ့လား
ရေမီးအစုံကရော အချစ်လား
အချစ်ဆိုတာ ရေလိုမီးလိုပဲတဲ့လား
နောက် ရှော့ပင်းခဏခဏထွက်တတ်တာ အချစ်လား
အချစ်ဆို စောင်ခြုံတစ်နွေးတဲ့လား
အစ်ကို သိပါတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
ကိုယ်ထူကိုယ်ထဆိုတာ အချစ်လား
အချစ်ဆိုတာ ကိုယ်ထူကိုယ်ထရမှာပဲလေ
အနုပညာသမားကို မေတာရှိနေတာ အချစ်လား
အချစ်မှာ အနုပညာတွေရှိနေတယ်နော်
အနစ်မွန်းခံရဲ့တာ အချစ်လား
အစမ်းသပ်ခံရဲတာ အချစ်လား
အသိမ်းပိုက်ခံရဲတာ အချစ်လား
အစ်ကိုသိတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ။ ။

လမင်းအို
29-4-2010

လမ်းဘေးမှာ နေ၀င်သွားတဲ့ကဗျာ

ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
အနားမှာ တ၀ီးဝီးနဲ့လာပြောနေတယ်
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
တစ်နေ့တစ်ပုဒ်
တစ်ပတ် တစ်ပုဒ်
တစ်လကို တစ်ပုဒ်
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
ညနေခင်း ဘုံဆိုင်ထဲကအတွေးဟာ
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
နှုတ်ခမ်းမွှေးမပါတဲ့ လူကြီးက ကဗျာတစ်ပုဒ်ကို ထရွတ်တယ်
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည် ရှည်ပြီးထွက်လာ
သူ့ရဲ့လက်ချောင်းတွေဟာလည်း ကြုံလှီလာခဲ့
ဒါကပဲ ၀မ်းစာပြည့်နေတာလား
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ရုတ်တရက် ခေါင်းတုံးတုံးပစ်တော့
ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ စိတ်ထားတွေလည်း ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ အိပ်မက်တွေလည်း ရှည်ရှည်ပြီးထွက်လာ
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
သူ့ကိုယ်သူ ကြောင်သူတော်မှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ရင်ဘတ်ကို စည်တီးလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
ကဗျာဆရာက အိပ်မက်ကို ၀င်စီး
အိပ်မက်ထဲမှာ တစ်နေ့တစ်ပုဒ်
ူသူ့ရဲ့ လက်ချောင်းတွေဟာလည်း ပိုပြီးကြုံလှီလာခဲ့
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ညနေခင်း ဘုံဆိုင်ထဲကအတွေးတွေဟာ
လမ်းဘေးမှာ နေ၀င်သွားတဲ့ ကဗျာ။ ။
လမင်းအို
22-2-2010

Sunday, May 9, 2010

မဆပ်နိုင်သေးတဲ့ မျက်နှာတွေ

ကိုယ့်အရိပ်နဲ့ကိုယ်စစ်ထိုးတဲ့ပွဲမှာ

ကျောက်ခဲလို မာကျောမိသမျှ

ပန်းပွင့်နဲ့ မျက်ရည်ကျရတယ်

လေဟာ အရှေ့အရပ်က တိုက်တယ်ဆိုပါဆို့

ငါတို့ဟာ အနောက်အရပ်ကိုပဲ လွင့်ရမယ်

မျက်ရည်တွေမဆုံနိုင်သေးသရွေ့

အိပ်မက်တွေ မျှော်လင့်ချက်မကုန်ဘူး ခြေရာမထပ်ဘူး

ရေရွတ်ခဲ့ဖူးတဲ့ ပန်းခင်းတွေ

ဖောက်ထွင်းခဲ့ဖူးတဲ့ ရသတွေ

. . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . .

ဘာပဲဖြစ်ဖြစ် မျက်ရည်ဟာ မျက်ရည်ပါ

ရွက်ကြွေလို့ အရောင်ဖျော့မှိန်ရပေမယ့်

လေအဝှေ့ကို မွေ့နေမိသေးတယ်။ ။

လမင်းအို

ပန်းအလင်္ကာ၊ ၂၀၁၀၊ မေ

Friday, April 30, 2010

သတင်းကောင်း



ဒီကမောင်မှာ

ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

မည်းမည်းကြုတ်ကြုတ်

ဝတုတ်တုတ်က
မောင်လေးမ..အား
မထားခဲ့နဲ.။

မျက်နှာပြဲပြဲ

သွားကျဲကျဲက
ကိုကြီးမီးကို
ပစ်နဲ.ဆို။

နဖူးမောက်မောက်

နှာရောင်ကောက်က
ချစ်သူသက်ဆုံး
ပစ်မမုန်းနဲ.။

ထို.ကြောင့်

ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

ရယ်၊ချစ်သူများ

စိတ်ဝမ်းပါးလျှင်
ကျုပ်ထံဆက်သွယ်နိုင်ပါ၏။

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကလေးမြို့တွင် ကျင်းပသည်

ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပသည့်
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား
ကို 21.3.2010 (တနင်္ဂနွေနေ့)တွင် မင်္ဂလာဥယျာဉ်ရပ်ကွက်၊
မင်္ဂလာဥယျာဉ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ကလေးမြို့တွင်
ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး 2006 ခုနှစ်တွင် တမူးမြို့တွင်
ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၄င်းပွဲသို့ ကလေးမြို့ခံ
စာပေသမားများဖြစ်သော ဆရာသန်းရွှေဦး(ကလေး)၊ ဆရာမြရွက်၊
ဆရာမောင်ယဉ်အောင်(ကလေးမြို့)၊ ဆရာမောင်ကိုမောင်(ကလေး)တို့နှင့်
ရွှေလက်များလူငယ်စာပေပရဟိတအဖွဲ့ဝင်များဖြစ်သော ဆရာ သော်တာစံ(ကလေး)၊ ဆရာ
ဇွဲဆုပန်(ဆားလင်းကြီး)၊ ဆရာ လင်းဖွဲ့အိမ်၊ ဆရာသူရ(ကလေး)၊ ဆရာ လမင်းအို၊
ဆရာ မိုဃ်းဇက်သော်၊ ဆရာ မောင်မှိုင်းရီ(ဘူမိ)၊ ဆရာ
ကြယ်စင်ရောင်(ဘူမိ)နှင့် အဖွဲ့ဝင်စာပေ၀ါသနာရှင်များတက်ရောက်ကြပြီး
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာပေစကားများပြောကြားခြင်း၊
ကဗျာများရွတ်ဖတ်ခြင်းများကို ပြုလုပ်ကြပြီး မြို့ပေါ်မှ
စာပေ၀ါသနာရှင်များတက်ရောက်နားထောင်ကြကြောင်း သိရပါသည်။
အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့မှ တာဝန်ဖြင့်ရောက်ရှိလာသော ကဗျာဆရာ
မြတ်ဝေ မှ အမှတ်တရ ကဗျာရွတ်ဖတ်ပေးခဲ့ကြောင်းလည်း သိရပါသည်။ ၄င်းပွဲကို
စူပါကော်ဖီမစ် မှ
စပွန်ဆာပေးခဲ့ပြီးအောင်မြင်စည်ကားသိုက်မြိုက်စွာပြီးဆုံးခဲ့ကြောင်းပါခင်ဗျာ။

အတွေးဆယ့်ကိုးကြိမ်

ဖီးလိမ်းပြင်ဆင်ခြင်း အလျင်းမရှိပေမယ့်
ဝင်းပတဲ့အမေ့မျက်နှာ ရှက်စရာ
မြူမှုန်တစ်ထပ် သားကြောင့် ကပ်နေသလား အမေ
မပြတ်သားခဲ့တဲ့ ကျွန်တော်ဟာ
အပ်ဖျားပေါ် ငုတ်တုပ်ထိုင်ရင်း
ဆုပ်ကိုင်မပြနိုင်တဲ့ အယောင်ဆောင်အိပ်မက်ဖူးတွေနဲ့
လှောင်ပြောင်ဖို့ စိတ်ကူးခဲ့မိတာပါ
နိမိတ်ပုံတွေကို စိတ်ကုန်နေတာလားအမေ
ဘုတ်အုပ်တွေထဲ သားနာမည်ဖြဲရှာရင်း
အမေကျွေးတဲ့ထမင်းနဲ့ အမေ့ကိုပျင်းခဲ့တယ်
မလင်းပတဲ့ သားရဲ့လက်ဖျားတွေဟာ
ရွှေထက်ရှားမယ် အမေ
အမှားတွေဝယ်မိတဲ့ ကျွန်တော့်နောင်တတွေနဲ့
အောင်/ကျ စာရင်းက ဆုတ်ခွာ
ဟုတ်တယ် ကျွန်တော်ယုတ်မာခဲ့ဖူးတယ်
စုတ်ချာတဲ့စိတ်အစုံနဲ့ အမေ့ခြေနားပုံပစ်လဲ
အကုန်အထင်လွဲသွားပါစေ
အမေပြုံးမယ့် အူခြစ်အပြုံးနဲ့
သား လူဖြစ်မရှုံးပါရစေနဲ့လား အမေ။ ။

လမင်းအို

ဇရာ

ကျွန်တော့်အနာဂတ် သံမဏိကြိုးပြတ်သွားတဲ့အခါ ကျွန်တော်ဟာ
ကျောတစ်ခင်းစာကိုမှ မပိုင်ခဲ့ပါဘူး မနေတတ်ခဲ့လေသမျှက မိုင်ကုန်
မောင်းနေတဲ့မီးစက်ကြီး အင်ဂျင်ဝိုင်ခန်းသွားသလို ပြ့တ်တောက်သွားမှ
ရယ်မောမှုတွေ ဆိတ်ငြိမ်သွားတာပါ လောကနီတိကိုလည်း မကျေညက်မိလေတော့
ကွမ်းယာကိုသူများကျွေးတိုင်းမစာ
း တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်သူပါ
ရီဝေေ၀အပြုံးတွေနဲ့ ပြုံးပြသူတိုင်း ကိုယ်လိုမှီဝဲသူလို့ထင်မိတာလည်း
တုန်ယင်နေတဲ့လက်အစုံနဲ့ပေါ့ ရုတ်တရက်မှောင်ကျသွားတဲ့
ဇာတ်ခု့ပေါ်မှာ သရုပ်ဆောင်တွေဘာမှမလုပ်တတ်ကြသလို
ကျွန်တော်မောင်းနှင်နေတဲ့ အာရုံတွေကုန်ဆုံးသွားတော့ ကျွန်တော့်မှာ
သံမဏိကြိုးလေးပြတ်သွားတဲ့အခါ မိုင်ကုန်မောင်းနေတဲ့
ရယ်မောမှုတွေ မကျေညက်မိလေတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို
ပြုံးပြသူတိုင်းကို ကိုယ်လိုတုန်ယင်နေတဲ့ ဇာတ်ခုံပေါ်မှာ
မောင်းနှင်နေတဲ့ ကျွန်တော့်မှာ ကျွန်တော့်အနာဂတ်ကျောတစ်ခင်းစာကိုမှ
မပိုင်ခဲ့ပါဘူး မီးစက်ကြီးပြတ်တောက်သွားမှ ကွမ်းယာကိုသူများကျွေးတိုင်းမစား
ရီဝေေ၀အပြုံးတွေနဲ့ မှီဝဲသူလို့ထင်မိတာလည်း ရုတ်တရက်
သရုပ်ဆောင်တွေ ဘာမှမလုပ်တတ်ကြသလို အာရုံတွေကုန်ဆုံးသွားတော့
ကျွန်တော်ဟာ မနေတတ်ခဲ့လေသမျှက အင်ဂျင်ဝိုင်ခန်းသွားသလို
ဆိတ်ငြိမ်သွားတာပါ လောကနီတိကိုလည်း ဂရုစိုက်သူပါ
လက်အစုံနဲ့ပေါ့ မှောင်ကျသွားတဲ့ ကျွန်တော်။ ။
လမင်းအို
8/1/09

ကတိ

အချစ်သိလား
မောင့်အသွေးသားတွေ
မင်း အတွက်ပဲ ဖြစ်စေမယ်
သို့ဂလိုပဲ
အချစ်သိလား
မောင့် အကြွေးဇယားတွေ
မင်းအတွက်ပဲ ဖြစ်စေမယ်(ဟဲ ဟဲ)။ ။

လမင်းအို
သောကြာစာစောင်၊ ဒီဇင်ဘာ၊ ၂၀၀၈

ခေါင်းလောင်းသံတွေကြားတိုင်း

စာကိုမသိလို့ ပြာယာခတ်နေခဲ့တာ ကျွန်တော်ပါ
ဆာလောင်မှုတွေ ရှိတိုင်း စာစာလို့ အော်ညည်းမိတာ
ကျွန်တော့မှာ ပြစရာဆိုလို့ လူရာမ၀င်တဲ့ ဝေဒနာတွေပဲရှိတယ်
မနက်တစ်ခါ ညတစ်ခါ စာအုပ်တွေကို ရှိခိုးလို့
ခေါင်းလောင်းသံတွေကြားတိုင်း လွယ်အိတ်လွယ်ခွင့် မရှိတဲ့
ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ် သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ အမေ့မျက်နှာ ဟိုဘက်လှည့်မသွားပါနဲ့
ဟိုမှာ ကျွန်တော့သူငယ်ချင်းတွေ စာအံနေပါလား
ကျွန်တော့ကို ကကြီး၊ ခခွေး ပြောပြပေးပါလား အမေရယ်
စာကိုမသိလို့ စာစာလို့ အော်ညည်းမိတာ ကျွန်တော့်မှာ
ပြစရာဆိုလို့ ဝေဒနာတွေပဲရှိတယ် မနက်တစ်ခါ ညတစ်ခါ
ခေါင်းလောင်းသံတွေကြားတိုင်း သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ ဟိုဘက်လှည့်မသွားပါနဲ့ ဟိုမှာ
ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို ပျာယာခတ်နေခဲ့တာ
ဆာလောင်မှုတွေရှိတိုင်း လူရာမ၀င်တဲ့ စာအုပ်တွေကို ရှိခိုးလို့
လွယ်အိတ်လွယ်ခွင့် မရှိတဲ့ ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ်
အမေ့မျက်နှာ စာအံနေပါလား ကကြီး၊ ခခွေး
ပြောပြပေးပါလား အမေရယ် ကျွန်တော်ပါ။
(လမင်းအို)
သာစည်ရွာ၊ ကျောင်းစိန်ရတုအထိမ်းအမှတ်စာစောင်၊2009

Thursday, April 29, 2010

ကိုယ်ရေးကိုယ်တာမသိတဲ့ ငှက်တစ်ကောင်

ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ လမ်းပေါ်မှာ
ကိုယ်လို အခြေမဲ့တွေများကြောင်းသိရတယ်
အိပ်မက်ကိုချိန်တွယ်တဲ့စက်လည်း မရှိတော့ ကိုယ့်အတ္တ
ဘယ်လိုရောင်းကောင်းကြောင်း မသိရသေး
ခေါင်းထဲမှာသီဆိုမယ့်သီချင်းအပိုင်းအစတွေ ယစ်မူးတုန်း
ကိုယ့်စကားအမှားအတွက် ကိုယ့်ပါးကိုရိုက်ခဲ့ရတယ်
ချိန်းချောင်တဲ့စက်ဘီးတစ်စင်းလို
ု ဘောင်ဘင်ခတ်တတ်တဲ့မျက်နှာပေါ်က အဆီပြင်တွေ
ခြစ်ထုတ်လို့ရအောင် ရွှဲသီးနေကြ
ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း ဟင်းကောင်းစားရကြေးဆို
မျက်ခမ်းလှုပ်တိုင်း ရန်ဖြစ်ရမယ်
နှာချေမိတိုင်း အတင်းပြောခံရမယ်
အမြီးကိုထိလို့ ခေါင်းထောင်ထောင်ကြည့်တတ်တဲ့
အမွှေးစုတ်ဖွားနဲ့ခွေးလို ငါလှုပ်ရှားသမျှ
ငါ့အသားဖောင်းကြွဖို့ဖြစ်လာ
ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း
ခုဆို ၀တ်ရည်ကိုသိုလှောင်တဲ့ အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ ။
စိတ်လှုပ်ရှားတိုင်းမီးခိုးအဖြစ်ခံရတဲ့
ဗူးထဲကတံဆိပ်တစ်မျိုးနဲ့ စီးကရက်တွေ
ညလူခြေတိတ်တိုင်း ငါ့စိတ်တွေ နမော်နမဲ့ တဇွတ်ထိုး
အလိုလိုက်ခံရပုံက လမ်းပေါ်မှာ အခြေမဲ့တွေ
အိပ်မက်ကိုဘယ်လိုရောင်းကောင်းကြောင်းမသိရသေး
ခေါင်းထဲမှာ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ချိန်းချောင်တဲ့
စက်ဘီးတစ်စင်းလို အဆီပြင်တွေ ရွှဲသီးနေကြ
မျက်ခမ်းလှုပ်တိုင်း နှာချေမိတိုင်း ခေါင်းထောင်ထောင်ကြည့်တတ်တဲ့
ငါ့လိပ်ပြာလှလှတွေဟာလည်း ခုဆိုစိတ်လှုပ်ရှားတိုင်း
ဗူးထဲကတံဆိပ်တစ်မျိုးမျိုးနဲ့ စီးကရက်တွေ ငါ့စိတ်တွေ
ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ ချိန်တွယ်တဲ့စက်လည်းမရှိတော့
သီဆိုမယ့်သီချင်း ဘောင်ဘင်ခတ်တတ်တဲ့ ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း
အမြီးကိုထိလို့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါ့အသားဖောင်းကြွဖို့ဖြစ်လာ
အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ စီးကရက်တွေအလိုလိုက်ခံရပုံက
ကိုယ်လိုများကြောင်းသိရတယ် ကိုယ့်အတ္တအပိုင်းအစတွေ
ကိုယ့်ပါးကို ရိုက်ခဲ့ရတယ် မျက်နှာ`ပေါ်က ခြစ်ထုတ်လို့ရအောင်
ဟင်းကောင်းစားရကြေးဆို ရန်ဖြစ်ရမယ် အတင်းပြောခံရမယ်
ငါလှုပ်ရှားသမျှ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့
ဝတ်ရည်သိုလှောင်တဲ့ မီးခိုးအဖြစ်ခံရတဲ့
ညလူခြေတိတ်တိုင်း နမော်နမဲ့ တဇွတ်ထိုး။ ။