ညီမလေးရဲ့ မျက်လုံးတွေက သိပ်လှတာပဲ
အဲဒီမျက်လုံးတွေထဲ အစ်ကို ခွေခေါက်မူးလဲသွားခဲ့ပေါ့
ခပ်ကျဉ်ကျဉ်ရာသီဥတုရဲ့ တစ်မနက်မှာ
မာဖလာအဖြူကြားပတ်တဲ့ ညီမလေး
မင်းပါးလေးတွေဟာ အလွန်မွှေး
ရနံ့သင်းတဲ့ ကော်ဖီခွက်တွေဟာ နံနက်ခင်းရဲ့အာဟာရဖြစ်ခဲ့
လက်သည်းကိုပုံဖော်သလို ညီမလေးရဲ့အစ်ကို့နှလုံးသားကလည်း
အလိုက်သင့်လှုပ်ရှားခဲ့
လှသလောက် ရိုးသားတဲ့ မျက်လုံးလေးတွေရယ်
မင်းရှေ့ကို ဆံတစ်နွယ်မှ မကွယ်ထားပါနဲ့
ဒါပေမယ့် ဆံပင်ကိုတော့ အရှည်ထားပါ ညီမလေးနော်
အိပ်မက်တွေဟာ အနာဂတ်တွေပဲပေါ့လို့ပြောရင်
ခေါင်းညိတ်ပြုံးတဲ့ ညီမလေး
ဟိုဝေးက ကြယ်တွေ လက်ချိုးရေရင်း
အချစ်တွေ ထုတ်ပြတတ်တဲ့ ညီမလေး
မနက်က စင်စင်မလင်းသေးဘူး
အစ်ကို့အကြောင်းတွေးတယ်ဆိုတဲ့ ညီမလေး
တစ်မျိုးမျိုးသော မာယာတွေရဲ့ကြားမှာ
သာယာစွာနဲ့ ဘာလို့များ အစ်ကိုပျော်ဝင်သွားရတာတဲ့လဲ
ချစ်လို့ပဲပေါ့နော်
ထောင့်ကျဉ်းထောင့်ကျယ်ဘ၀ကြီးရဲ့ အတက်အကျစံနှုန်းတွေထဲမှာ
ကိုယ့်ကိုယ်ကို တိမ်စိုင်လို ရွေ့ရွေ့မျောရင်း ညီမလေးရဲ့အစ်ကို
တစ်မနက်မှာ ညီမလေး မင်းပါးလေးတွေဟာ နံနက်ခင်းရဲ့အာဟာရ
လက်သည်းကို ပုံဖော်သလို ရိုးသားတဲ့မင်းရှေ့ကို အနာဂတ်တွေ ကြယ်တွေ အချစ်တွေ
မနက်က စင်စင်မလင်းသေးဘူး အစ်ကို့အကြောင်းတစ်မျိုးမျိုး
သာယာစွာနဲ့ဘ၀ကြီးရဲ့ တိမ်စိုင်လို ညီမလေးရဲ့အစ်ကို။ ။
လမင်းအို
10/6/2010
ဘယ်လိုအကြောင်းအရာကိုပဲဖြစ်ဖြစ် trphee.91@gmail.com ဆီ ဝေဖန်နိုင်ကြပါတယ်။ ဝေဖန်သူများကို ကြိုဆိုနေပါသည်။
Thursday, June 10, 2010
Tuesday, June 8, 2010
အချစ်ဆိုတာ
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်
တစ်သက်လုံး ရင်မှာဖူးလာတဲ့ အချစ်ပန်းတွေ
စိတ်ကြိုက်လက်ကြိုက် စည်စည်ကားကား
အိပ်မက်တွေ မေ့လောက်အောင်ဖွံထွားပေမယ့်
`မျက်ရည်ခံမှည့်တစ်လုံးနဲ့ ပန်းတွေပြုန်းခဲ့တယ်
ချစ်ရမှာ သေချာလား မသေချာလား မသိရခင်
လောက်လန်းလို လူးလွန့်နေတဲ့ အချစ်တွေက
ခဏခဏ အပြင်ကို ချောင်းကြည့်လို့
စိတ်ကို တတိတိကုန်ဆုံးစေနေတယ်
တကယ်ဗျာ
အချစ်ရေးကံခေတဲ့ ဗေဒင်ဟောစာတန်းတွေ
ဟိုမှာက ချစ်သူရ၊ ဒီမှာက ချစ်သူကွဲ
သူတို့ကပဲ လွဲတာလား၊ အချစ်ကပဲမမြဲတာလား
ဆိုခဲ့သလို
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်။ ။

နေမကောင်းသေးဘူး
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ
အိုလေ...ဘာပဲဖြစ်ဖြစ်
နေကောင်းလာရင် လာဖြစ်မယ့်အကြောင်း
တယ်လီဖုန်းကို အခါခါနှိပ်ရ ရော့...ငါးဆယ်
ဆယ်ခါ့တစ်ခါ ခေါင်းကိုဖြီးလို့
အိုက်တင်တွေ ပြောင်အောင်ပွတ်ရင်း
ဒဏ်ကြေဆေးကို လက်ထဲပွတ်ရှု
အုတူတူငါးတစ်ကောင်က တီကို ကိုက်ဆွဲ
သူ့မက်လုံးထဲ ဘယ်ငါးမျှားချိပ်က၀င်လာမလဲ
နေပူကို လရောင်အောက်ကစောင့်
သတ်ပုံမှာ အက္ခရာလွဲနေသေးသမျှ
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ။ ။
လမင်းအို
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ
အိုလေ...ဘာပဲဖြစ်ဖြစ်
နေကောင်းလာရင် လာဖြစ်မယ့်အကြောင်း
တယ်လီဖုန်းကို အခါခါနှိပ်ရ ရော့...ငါးဆယ်
ဆယ်ခါ့တစ်ခါ ခေါင်းကိုဖြီးလို့
အိုက်တင်တွေ ပြောင်အောင်ပွတ်ရင်း
ဒဏ်ကြေဆေးကို လက်ထဲပွတ်ရှု
အုတူတူငါးတစ်ကောင်က တီကို ကိုက်ဆွဲ
သူ့မက်လုံးထဲ ဘယ်ငါးမျှားချိပ်က၀င်လာမလဲ
နေပူကို လရောင်အောက်ကစောင့်
သတ်ပုံမှာ အက္ခရာလွဲနေသေးသမျှ
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ။ ။
လမင်းအို
ရန်ဖြစ်သံ လုံးဝ မစဲဘူး
အလွမ်းတွေပေါ် အလွမ်းတွေစုလာတဲ့အခါ နေထိုင်မကောင်းဖြစ်လာပြီး
ကြပ်ကြပ်သပ်သပ်အလွမ်းတွေအိပ်ခန်
းထဲက တိုးထွက်လိုက်တယ် နွေဦးကိုကြိုဆိုနေတဲ့
ငါတို့ မြို့လယ်က မြင်းစီးကြေးရုပ်ကြီး အရင်လိုတောက်ပြောင်မှု
အခမ်းအနားတွေ မခမ်းနားတော့ပါဘူး တစ်စစကျဉ်းမြောင်းလာတဲ့
ဥပုသ်ချောင်းလေးရဲ့ တေးသံကို ကမ်းပါးစောင်းမှာနေတဲ့
စာရေးဆရာက လိုက်မှတ်ယူနေတယ် ကိုယ်ကောင်
နေရာအနှံ့အပြားမှာ ပိုင်ဆိုင်လိုမှုစိတ်တွေက ယားနာတစ်ခုလို
အလွမ်းတွေပေါ် နေထိုင် အိပ်ခန်းထဲက တိုးထွက်
မြင်းစီးကြေးရုပ်ကြီး မခမ်းနားတော့ပါဘူး ဥပုသ်ချောင်းလေးရဲ့
စာရေးဆရာက ပိုင်ဆိုင်လိုမှုစိတ်တွေ စုလာတဲ့အခါ မကောင်းဖြစ်လာပြီး
နွေဦးကိုကြိုဆိုနေတဲ့ အရင်လိုတောက်ပြောင်မှု
တစ်စစကျဉ်းမြောင်းလာတဲ့ တေးသံကိုလိုက်မှတ်ယူနေတယ်
အလွမ်းတွေကြပ်ကြပ်သပ်သပ်လိုက်
တယ်
ငါတို့ မြို့လယ်က အခမ်းအနားတွေ
ကမ်းပါးစောင်းမှာနေတဲ့ ကိုယ်ကောင်နေရာအနှံ့အပြားမှာ
ယားနာတစ်ခုလို ရန်ဖြစ်သံလုံးဝမစဲဘူး။ ။

မြို့ အဲဒီမြို့ ကလေးမြို့
ငယ်ငယ်တုန်းက
ကျွန်တော်ငိုရင် အမေကချော့တဲ့စကား
အိပ်ပါကလေးရယ် ကလေးရယ်အိပ်ပါ
နည်းနည်းကြီးလို့
ဆေးလိပ်သောက်တတ်တော့ အဖေကပြောတယ်
မင်းကလေးပဲရှိသေးတယ်နော် ကလေးပဲရှိသေးတယ် မင်းနော်
အဲဒီလို
မပီကလာအတွေးတွေနဲ့
မြို့ကို ငယ်မူပြန်ခိုင်းရင်
မြို့လယ်လေယာဉ်ကွင်းက စရမယ်
ကန့်လန့်ဖြတ်တောင်ဖီလာက စရမယ်
ပြောင်းပြန်စီးမြစ်သာက စရမယ်
စာဆိုရှင်ပဒုမက စရမယ်
စာကိုရေး ကလေးတည်
ကောဇာသက္ကရာဇ် ၃၂၈လို့ပဲပြောပြော
သက်တမ်းတစ်ထောင်ကျော်ပြီအထိ
လွမ်းတေးမဆိုချင်တဲ့မြို့
ရေများရာ မိုးမရွာချင်တဲ့မြို့
အိပ်မက်လှလှပဲ မက်စေချင်တဲ့မြို့
မြို့
အဲဒီမြို့
အဲဒီလို ပျိုဘော်ဝင်တသွေးတမွေးနဲ့
ရင်ခုန်နှုန်းတွေ ပြေးလွှားနေတဲ့မြို့
အဲဒီလို လမ်းမထက်ဂစ်တာသံတွေနဲ့
စိန်မြင့်၊ နန်းစံပယ်၊ ရွှေစင်ဆိုင်တွေ မပိတ်ချင်တဲ့မြို့
ဒေသထွက်လတ်ဆတ်သီးနှံတွေနဲ့
မီးခွက်နေရာအစားထိုးယူလာတဲ့ ဖယောင်းတိုင်မီးဈေးမြို့
အရုဏ်မှာဝယ်ရတဲ့ အရုဏ်ဈေးမဟုတ်တော့ဘဲ
ကိုရီးယားနဲ့အပြိုင် ခုနစ်နာရီဈေးဖြစ်လာတဲ့မြို့
မာစီဖူးလ်-အဆောင်ရှေ့မှာ ဖုန်းသံ၊ ဆိုင်ကယ်သံရှုပ်ထွေးသလို
ညနက်နက်လက်ဖက်ရည်ဆိုင်တွေ တိုးပွားနေတဲ့မြို့
ကလေး-မန္တလေး-ရန်ကုန်-ပုဂံ
ဝေဟင်ကနေ ပျံသန်းသွားနိုင်တဲ့မြို့
တဂျုံးဂျုံး တဂျက်ဂျက်နဲ့
ကလေး-ဂန့်ဂေါတစ်နေ့တာခရီးကို
မြဆင့်ချယ်ရဲ့ ရထားအမေဖတ်ပြီး စီးသွားလို့ရတဲ့မြို့
ထွန်းတောက်၊ ချင်းတောင်တန်း၊ ရှမ်းတောင်တန်းနဲ့
ရွှေပြည်သစ်၊ တောင်ပေါ်မြေပြန့်
ဒေသအနှံဆီ ဗင်၊ ဆလွန်းနဲ့ ခရီးဆန့်နိုင်တဲ့မြို့
စကားလှ၊ မဟာစည်၊ မြို့ချက်နဲ့
ဝိသုဒ္ဒါရုံတိုက်သစ် တရားရွက်သံတွေနဲ့
ဘယ်တော့မှ ပဋ္ဌန်းတွေမဆုံးတဲ့မြို့
နေမလား၊ နားမလား
ဖလမ်း၊ ဟားခါး၊ တီးတိန်၊ အိုက်ဇော
နန်းဖာလုံ-မိုရေး နေ့ချင်းပြေးလို့ရတဲ့မြို့
ကမ္ဘာ့တစ်ခုတည်းသော အသဲနှလုံးပုံရိဒ်ရေကန်ကြီးရဲ့
တံခါးပေါက်မြို့တော်ဖြစ်တဲ့မြို
့
မြို့
အဲဒီမြို့
အောင်မူးလိုပန်းချီဆရာတွေရဲ့
စုတ်ချက်တို့တာနဲ့
ညှို့မိသွားစေတဲ့မြို့
ကိုဇော်လိုကဗျာဆရာတွေရဲ့
ဘာသာစကားအထားအသိုတွေနဲ့
တစ်ခါတစ်ခါများတအားငိုစေတဲ့မြို
့
ဆရာဝင်းလိုကျူရှင်ဆရာတွေရဲ့
ခန့်မှန်းခြေအောင်ချက်စာရင်းတွေနဲ့
ပေါင်တစ်ဖက်စင်းထားတဲ့မြို့
သူရလိုကွန်ပျူတာသမားတွေရဲ့
လက်ရွေ့သံတဂွတ်ဂွတ်နဲ့
ဖိနပ်ပြတ်သွားတဲ့မြို့
အောင်သူထွန်းလိုသတင်းသမားတွေရဲ့
အပြေးအလွှားခြေသံတွေနဲ့
ကလေးကလားဆန်နေပြန်တဲ့မြို့
မင်းသားကြီးလိုဗေဒင်ဆရာတွေရဲ့
အောင်စေယတြာတွေနဲ့
တောင်လေမလာတဲ့မြို့
လင်းဖွဲ့အိမ်လိုတုတ်ထိုးသည်တွေရဲ့
အသားလှီးတဲ့ဓားထက်ထက်နဲ့
တအားရှက်တတ်သေးတဲ့မြို့
ဇွဲဆုပန်လိုဘဏ်စာရေးတွေရဲ့
တဖျတ်ဖျတ်ငွေရေတွက်သံနဲ့
အထပ်ထပ်အနေခက်ပြန်တဲ့မြို့
သော်တာစံလိုမုန့်တီသမားတွေရဲ့
အရေဖျော်အသုတ်နဲ့
အဖေခေါ် ဟုတ်ထူးတဲ့မြို့
မြို့
အဲဒီမြို့
ဒီလို
တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ
ကျွန်တော့်ဘ၀သာဖြစ်တဲ့မြို့
ချင်းတောင်ခြေကျောက်သားထက်က
မသေဆေးတွေ အသားကုန်စားပြီး
ဒီဘ၀ဒီခန္ဒာ စဲချင်တဲ့မြို့
မြို့
အဲဒီမြို့
မြစ်သာကို စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး
အမာရွက်တွေ ပြန်ခွါနေရတဲ့မြို့
မြို့
အဲဒီမြို့
လောကကမုဆိုး ကျွန်တော်မျိုးကသားကောင်ဆိုပြီး
ဒီလိုပဲ ရွေ့ရွေ့သွားတဲ့မြို့
သံယောဇဉ်တွေူ မြေကြီးပေါ်လိမ့်ကျ
ဂလဲ့စားချေတဲ့ဝတ္ထုဆန်တဲ့မြို့
မြို့
အဲဒီမြို့
အရုဏ်များရဲ့ အာရုံဦးမှာ
အဲတာကို ရွေဘော်ထိုးခိုင်းတဲ့မြို့
မြို့
အဲဒီမြို့
ဆံပင်ညှပ်သမားက ရေသောက်ပြီး
ဆီမီးသည် ကွမ်းယာစားတဲ့မြို့
မြို့
အဲဒီမြို့
အချစ်ဝတ္ထုတစ်ပုဒ်ထဲက တောင်ပေါ်သားအလွမ်းမှာ
အချစ်က တစ်ဘာသာဖြစ်တဲ့မြို့
မြို့
အဲဒီမြို့
မုန်းပိတောက်တွေနဲ့ ညီမလေးကိုချစ်တယ်ဆိုပြီး
ထောင့်ငါးရာရှင်းတမ်းတွေ ထုတ်နေတဲ့မြို့
မြို့
အဲဒီမြို့
ညီမလေးအိပ်နေတုန်း လက်ဖက်ရည်ဖိုးတောင်းပြီး
သူမရဲ့ကကြိုးကကွက်ထဲက
ဘယ်တော့မှ လူကြီးမဖြစ်နိုင်တဲ့မြို့
မြို့
အဲဒီမြို့
မော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်လ်ပီ
ညံညံစီနေပြီဆိုတဲ့မြို့
တာရာမင်းဝေ၊ မင်းလူ၊ အကြည်တော်
သိပ်ကြိုက်တဲ့မြို့
ဆုမြတ်မွန်မွန်၊ သျှင်မ
သိပ်ဖတ်တဲ့မြို့
ကိုယ့်လူရေးတာပါတဲ့ မဂ္ဂဇင်းဆို
သိပ်ကို အငှားလိုက်နေတဲ့မြို့
ကဗျာဆရာတစ်ယောက်သေရင်
ဆယ်ယောက်တပြိုင်တည်းထွက်တဲ့မြို့
အိပ်မက်တွေပေါက်ကွဲမှုနဲ့
ကဗျာရေးရင်း သတင်းဖြစ်ဖြစ်သွားတတ်တဲ့မြို့
ဘာတဲ့ဟေ့ ဆို
အောင်မင်္ဂလာဇာတ်ရုံဘေးမှာ
ဘောလုံးကန်ဖို့ ချောင်းနေတဲ့မြို့
ဘာတဲ့ဟေ့ ဆို
ပင်လုံလမ်းမတော်ထိပ်မှာ
ယာဉ်တိုက်မှုများတဲ့မြို့
ဘာတဲ့ဟေ့ ဆို
ရွှေလက်များ တံဆိပ်တွေ
မမြင်ရအဆုံးဖြစ်တဲ့မြို့
ဘာတဲ့ဟေ့ ဆို
ကဗျာဆရာတွေ
စုပြုံရောက်သွားတတ်တဲ့မြို့
ဘာတဲ့ဟေ့ ဆို
နေသာကိုသာသွား
အစုံရှိတယ်ဆိုတဲ့မြို့
မြို့
အဲဒီမြို့
ကဗျာရွက်သံတွေ ပြတ်တောက်ခဲ့
ကဗျာပြိုင်ပွဲတွေ ပြန့်ကြဲခဲ့
အဖွဲ့လိုက်ခရီးတွေ နားရစ်ခဲ့
မြို့
အဲဒီမြို့
အဲဒီလို
မပီကလာ အတွေးတွေနဲ့
မြို့ကို ငယ်မူပြန်ခိုင်းရင်
ရှင်ပဒုမစီးတဲ့ မြို့လယ်ကလေယာဉ်ပျံဟာ
တောင်ဖီလာကို ၀င်တိုက်ပြီး
မြစ်သာမြစ်ထဲ
နောက်ပစ်လဲကျသွားတော့တယ်။ ။
လမင်းအို
28/12/09

Tuesday, June 1, 2010
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အလုံးအ၀န်းနဲ့လား လေးထောင့်ဒါမှမဟုတ် အချွန်းလား
ပုံသဏ္ဍန်ကော ရှိရဲ့လား ဒြပ်ရှိသလား
အဲဒီအချစ်မှာ မေတာဆိုတာပါသလား
ပါးထက်က ၀က်ခြံတွေညှစ်ပေးတာ အချစ်လား
ဆီဆမ်းဆားဖြူးစားတာ အချစ်လား
ချော်လဲလို့ထူပေးတာကော အချစ်ပဲလား
အစ်ကို သိနေတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အကောင်းစားကားစီးတာ အချစ်လား
အချစ်ဆိုတာ အကောင်းစားကားတစ်စီးပဲတဲ့လား
ရေမီးအစုံကရော အချစ်လား
အချစ်ဆိုတာ ရေလိုမီးလိုပဲတဲ့လား
နောက် ရှော့ပင်းခဏခဏထွက်တတ်တာ အချစ်လား
အချစ်ဆို စောင်ခြုံတစ်နွေးတဲ့လား
အစ်ကို သိပါတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
ကိုယ်ထူကိုယ်ထဆိုတာ အချစ်လား
အချစ်ဆိုတာ ကိုယ်ထူကိုယ်ထရမှာပဲလေ
အနုပညာသမားကို မေတာရှိနေတာ အချစ်လား
အချစ်မှာ အနုပညာတွေရှိနေတယ်နော်
အနစ်မွန်းခံရဲ့တာ အချစ်လား
အစမ်းသပ်ခံရဲတာ အချစ်လား
အသိမ်းပိုက်ခံရဲတာ အချစ်လား
အစ်ကိုသိတယ်
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးနားလည်တဲ့ အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ
အချစ်အကြောင်းကို ညီမလေးနားလည်တာပေါ့
ညီမလေးက အချစ်ကို နားမလည်လို့မှ မဟုတ်ပဲ။ ။
လမင်းအို
29-4-2010

လမ်းဘေးမှာ နေ၀င်သွားတဲ့ကဗျာ
ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
အနားမှာ တ၀ီးဝီးနဲ့လာပြောနေတယ်
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
တစ်နေ့တစ်ပုဒ်
တစ်ပတ် တစ်ပုဒ်
တစ်လကို တစ်ပုဒ်
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
ညနေခင်း ဘုံဆိုင်ထဲကအတွေးဟာ
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
နှုတ်ခမ်းမွှေးမပါတဲ့ လူကြီးက ကဗျာတစ်ပုဒ်ကို ထရွတ်တယ်
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည် ရှည်ပြီးထွက်လာ
သူ့ရဲ့လက်ချောင်းတွေဟာလည်း ကြုံလှီလာခဲ့
ဒါကပဲ ၀မ်းစာပြည့်နေတာလား
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ရုတ်တရက် ခေါင်းတုံးတုံးပစ်တော့
ကဗျာဆရာဖြစ်ချင်လို့ ကဗျာရေးနေရာက
နေမ၀င်ခင် ကဗျာတစ်ပုဒ်ပြီးရမယ်ဆိုပြီး
လူကြီးမင်းများကို အမြင်ကတ်အောင်လုပ်ပါရစေ
အဲဒါကြောင့်
ကဗျာဆရာရဲ့ ဆံပင်တွေဟာ ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ စိတ်ထားတွေလည်း ရှည်ရှည်ပြီးထွက်လာ
ကဗျာဆရာရဲ့ အိပ်မက်တွေလည်း ရှည်ရှည်ပြီးထွက်လာ
တစ်ချို့တလေများ ကဗျာဓာတ်ခံကောင်းပုံက
သူ့ကိုယ်သူ သေရည်မူးမှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
သူ့ကိုယ်သူ ကြောင်သူတော်မှန်းမသိလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ရင်ဘတ်ကို စည်တီးလို့ ကြွေးကြော်ခဲ့တာဖြစ်မယ်
ကဗျာဟာ ကဗျာဆရာကို ၀င်စီး
ကဗျာဆရာက အိပ်မက်ကို ၀င်စီး
အိပ်မက်ထဲမှာ တစ်နေ့တစ်ပုဒ်
ူသူ့ရဲ့ လက်ချောင်းတွေဟာလည်း ပိုပြီးကြုံလှီလာခဲ့
သူအားကျပါတယ်ဆိုတဲ့ ဆံပင်ရှည်ရှည်ကဗျာဆရာတွေဟာ
ညနေခင်း ဘုံဆိုင်ထဲကအတွေးတွေဟာ
လမ်းဘေးမှာ နေ၀င်သွားတဲ့ ကဗျာ။ ။
လမင်းအို
22-2-2010

Sunday, May 9, 2010
မဆပ်နိုင်သေးတဲ့ မျက်နှာတွေ
ကိုယ့်အရိပ်နဲ့ကိုယ်စစ်ထိုးတဲ့ပွဲမှာ
ကျောက်ခဲလို မာကျောမိသမျှ
ပန်းပွင့်နဲ့ မျက်ရည်ကျရတယ်
လေဟာ အရှေ့အရပ်က တိုက်တယ်ဆိုပါဆို့
ငါတို့ဟာ အနောက်အရပ်ကိုပဲ လွင့်ရမယ်
မျက်ရည်တွေမဆုံနိုင်သေးသရွေ့
အိပ်မက်တွေ မျှော်လင့်ချက်မကုန်ဘူး ခြေရာမထပ်ဘူး
ရေရွတ်ခဲ့ဖူးတဲ့ ပန်းခင်းတွေ
ဖောက်ထွင်းခဲ့ဖူးတဲ့ ရသတွေ
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . .
ဘာပဲဖြစ်ဖြစ် မျက်ရည်ဟာ မျက်ရည်ပါ
ရွက်ကြွေလို့ အရောင်ဖျော့မှိန်ရပေမယ့်
လေအဝှေ့ကို မွေ့နေမိသေးတယ်။ ။
လမင်းအို
ပန်းအလင်္ကာ၊ ၂၀၁၀၊ မေ

Friday, April 30, 2010
သတင်းကောင်း
ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။
မည်းမည်းကြုတ်ကြုတ်
ဝတုတ်တုတ်က
မောင်လေးမ..အား
မထားခဲ့နဲ.။
မျက်နှာပြဲပြဲ
သွားကျဲကျဲက
ကိုကြီးမီးကို
ပစ်နဲ.ဆို။
နဖူးမောက်မောက်
နှာရောင်ကောက်က
ချစ်သူသက်ဆုံး
ပစ်မမုန်းနဲ.။
ထို.ကြောင့်
ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။
ရယ်၊ချစ်သူများ
စိတ်ဝမ်းပါးလျှင်
ကျုပ်ထံဆက်သွယ်နိုင်ပါ၏။
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကလေးမြို့တွင် ကျင်းပသည်
ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပသည့်
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား
ကို 21.3.2010 (တနင်္ဂနွေနေ့)တွင် မင်္ဂလာဥယျာဉ်ရပ်ကွက်၊
မင်္ဂလာဥယျာဉ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ကလေးမြို့တွင်
ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး 2006 ခုနှစ်တွင် တမူးမြို့တွင်
ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၄င်းပွဲသို့ ကလေးမြို့ခံ
စာပေသမားများဖြစ်သော ဆရာသန်းရွှေဦး(ကလေး)၊ ဆရာမြရွက်၊
ဆရာမောင်ယဉ်အောင်(ကလေးမြို့)၊ ဆရာမောင်ကိုမောင်(ကလေး)တို့နှင့်
ရွှေလက်များလူငယ်စာပေပရဟိတအဖွဲ့ဝင်များဖြစ်သော ဆရာ သော်တာစံ(ကလေး)၊ ဆရာ
ဇွဲဆုပန်(ဆားလင်းကြီး)၊ ဆရာ လင်းဖွဲ့အိမ်၊ ဆရာသူရ(ကလေး)၊ ဆရာ လမင်းအို၊
ဆရာ မိုဃ်းဇက်သော်၊ ဆရာ မောင်မှိုင်းရီ(ဘူမိ)၊ ဆရာ
ကြယ်စင်ရောင်(ဘူမိ)နှင့် အဖွဲ့ဝင်စာပေ၀ါသနာရှင်များတက်ရောက်ကြပြီး
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာပေစကားများပြောကြားခြင်း၊
ကဗျာများရွတ်ဖတ်ခြင်းများကို ပြုလုပ်ကြပြီး မြို့ပေါ်မှ
စာပေ၀ါသနာရှင်များတက်ရောက်နားထောင်ကြကြောင်း သိရပါသည်။
အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့မှ တာဝန်ဖြင့်ရောက်ရှိလာသော ကဗျာဆရာ
မြတ်ဝေ မှ အမှတ်တရ ကဗျာရွတ်ဖတ်ပေးခဲ့ကြောင်းလည်း သိရပါသည်။ ၄င်းပွဲကို
စူပါကော်ဖီမစ် မှ
စပွန်ဆာပေးခဲ့ပြီးအောင်မြင်စည်ကားသိုက်မြိုက်စွာပြီးဆုံးခဲ့ကြောင်းပါခင်ဗျာ။

Subscribe to:
Posts (Atom)