Monday, May 28, 2012

မိုးရဲ့ ပြတင်းပေါက်မှာတော့ အလွမ်းတွေ စိုစိုရွှဲ


နေရာထိုင်ခင်း မရှိတော့တာလား
သွေးခုန်နှုန်းတွေ ရပ်တန့်ကုန်တာလား
မိုးရဲ့ ပြတင်းပေါက်မှာတော့
အလွမ်းတွေ စိုစိုရွှဲလို့
ခပ်ပိုင်ပိုင် ဆိုညည်းချလိုက်တဲ့
ရော့ခ်သီချင်းတစ်ပုဒ်ရဲ့ ထစ်ချုန်းသံမှာ
ချစ်သူမကြားဖူးသေးတဲ့ သံစဉ်တွေ ပါနေလိမ့်မယ်
မိုးပေါက်တွေရဲ့ အထိအတွေ့တွေဟာလည်း
အင်မတန်မှ နူးညံ့
ကူးခပ်မရတော့တဲ့ ကန်ရေပြင် တစ်ခုပါပဲ
မမြင်ဖူးတဲ့ ပြကွက်တွေကို
မိုးက တဖျပ်ပြီး တဖျပ် ပြလို့
ကိုယ်တို့တွေရဲ့ အိပ်ယာဝင်ချိန်ကို လုယူခဲ့
တကယ်မကြားဖူးခဲ့တဲ့
ခေတ်လွန်လွမ်းချင်းကြီးတစ်ပုဒ်ကို
လက်ဖ၀ါးလေး ပွတ်ပွတ်ပြီး
သီဆိုပြမယ် ဆိုခဲ့ရင်တော့
မပျော်ခဲ့တဲ့ အလွမ်းတွေဟာ
မိုးမှာ
ခံနိုင်ရည် ရှိသွားလိမ့်မယ်ကွယ်။       ။

                                   လမင်းအို 
                                   1-5-2012

http://www.facebook.com/notes/%E1%80%9C%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF-%E1%80%9C%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B2%E1%82%95-%E1%80%BB%E1%80%95%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%99%E1%80%BD%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B7-%E1%80%A1%E1%80%9C%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%80%85%E1%80%AD%E1%80%AF%E1%80%85%E1%80%AD%E1%80%AF%E1%80%9B%E1%82%8A%E1%80%B2/416242188393557

ကလေး-တောင်ညို စကား ( ပလတ်စတက်အမှိုက်ကောက်ခြင်းဟာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းတာပါပဲ )

  အဲဒီမနက်က ချင်းတွင်းနဲ့ ပတ်သက်သော အကြောင်းအရာတစ်ချို့ကို ရေးခြစ်မှတ်သားနေခဲ့တယ်။ စာရေး ကောင်းနေတုန်း ဖိုးတွယ်ရေ…ဆိုတဲ့အသံကြားလို့ လှမ်းကြည့်လိုက်တော့ အစ်ကိုကြီး ချင်းတွင်းကိုကို။ နေသာပညာဒါန သင်တန်းက ကျောင်းသားလေးတွေ ပလတ်စတစ်အမှိုက်ကောက်ကြမယ်တဲ့။ ပြင်သာသွားတဲ့ လမ်းပေါ်မှလို့ မက်ဆေ့ခ်ျ ပေးလာတယ်။ ဟုတ်လား၊ ဒါဆို ကိုချင်းတွင်းကြီး သွားနှင့်၊ ကျွန်တော် အ၀တ်အစားလဲပြီး လိုက်လာခဲ့မယ် ဆိုပြီး အ၀တ်စားလဲ၊ လက်စွဲတော် စက်ဘီးနွမ်းကို ထုတ်လိုက်တော့ ဖိုးတွယ်ရဲ့ အမေက ဟဲ့- အမှိုက်ကောက်သွားမှာဆို အိမ်က အမှိုက်ထုပ်ပါ ယူသွားပါလား-တဲ့။
+++++++++
 နေသာကျောင်းတိုက်ရောက်တော့ ကလေးတစ်ချို့က စက်ဘီးတွေနဲ့ သွားနှင့်ကြပြီ။ ဆရာတော် ဦးဓမ္မိက ကို တပည့်တော်ရောက်ပါပြီ ဘုရား လို့ လျှောက်လိုက်တယ်။ ဆရာတော်က သူ့တပည့်တစ်ယောက်နဲ့ လိုက်ခဲ့ပေါ့လို့ မှာပြီး ကားပေါ် တက်သွားတယ်။ ဦးဆောင်ဆရာတော်ပီသစွာ ကလေးတွေနဲ့ အပြိုင် တက်တက်ကြွကြွ၊ အချိန်ကတော့ မေလ(၇)ရက်နေ့ရဲ့ မနက်ခင်း(၇)နာရီဝန်းကျင်။
+++++++++
ကလေးမြို့ကို စတည်တုန်းကတော့ အင်ကြင်းဖူးပုံသဏ္ဍာန်လို့ ဖိုးတွယ်မှတ်သားဖူးတယ်။ ခုတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းမကြီးလေးခုပေါ်မှာ ရပ်ကွက်တွေ၊ အိမ်ခြေတွေက အပြိုင်အဆိုင်။ ခု ပလတ်စတစ်ကောက်ကြမယ့် နေရာက ကလေးမြို့ရဲ့ အရှေ့ဘက်၊ တနည်းအားဖြင့် မြို့ခေါင်းရင်းဘက်မှာရှိတဲ့ ပြင်သာရွာနဲ့ တောင်ဦရွာကို သွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ အမှိုက်ပုံဆီ။ ပြင်သာ-တောင်ဦရွာတွေပြီးရင် မြစ်သာမြစ်ကြီးက ခပ်မိန့်မိန့် စီးဆင်းနေလေရဲ့။ မြို့ နယ်နိမိတ်ထွက်လိုက်ရင်ပဲ ဒုတိယ ကမ္ဘာစစ်လက်ကျန် သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးတွေကို အုပ်ဆိုင်းဆိုင်း မြင်ရတယ်။ အဲဒီအောက်မှာ နေသာကျောင်းသားလေးတွေက အဖွေးသား။ သူငယ်ချင်းချင်း ခင်ရာမင်ရာစုပြီး ကားလမ်းဝဲယာမှာရှိတဲ့ ပလတ်စတစ်အမှိုက်တွေကို ကောက်သိမ်းနေကြတယ်။ သန့်ရှင်းရောဂါကင်းဖို့အတွက် အတန်းထိန်းတွေက တစ်ခါသုံးလက်အိတ်တွေ ဝေငှပေးနေလေရဲ့။ ဦးဆောင်ဆရာတော်ကလည်း ဗွီဒီယိုကင်မရာနဲ့ ရိုက်လိုက်၊ ဖုန်းကင်မရာနဲ့ရိုက်လိုက်နဲ့ မှတ်တမ်းတင်နေလေတယ်။ ဖိုးတွယ်လည်း အနားကပ်သွားပြီး သိလိုတာတွေ မေးရတယ်။ ဆရာတော်ရဲ့ အဖြေတွေက မှတ်သားစရာပါပဲ။
++++++++++
မိတ်ဆွေတွေအကြောင်းပြောရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ မိတ်ဆွေဆိုရာမှာ လူကသာမိတ်ဆွေ မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကလည်း မိတ်ဆွေပဲ။ ဘာကြောင့်မိတ်ဆွေလို့ ပြောရသလဲဆိုရင် လူကို အသက်တိုစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူတယ်။ အသက်ရှည်စေတဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ ဒါကြောင့် မိတ်ဆွေ၊ အဲဒီမိတ်ဆွေကို သတ်ပစ်မလား၊ ပြုစုစောင့်ရှောက်မလား။ ရှင်သန်ကြီးထွားအောင် စောင့်ရှောက်မလား၊ ဥပေက္ခာ ပြုထားမလား။ အားလုံး စောင့်ရှောက်ဖို့ လိုပါတယ်။ ရှင်သန်ကြီးထွားဖို့အတွက် အနှောက်အယှက်ပေးတဲ့ ပလတ်စတစ်အကြောင်း ပါလာတယ်။ ပလတ်စတစ်နဲ့ သံနဲ့ အတူရှိရာမှာ သံကတော့ ဆွေးတယ်။ ပလတ်စတစ်က မဆွေးနိုင်ဘူး။ နောက် အပင်ကြီးတွေရဲ့ အမြစ်ကလည်း ပလတ်စတစ်ကို မထိုးဖောက်နိုင်ဘူး။ ပလတ်စတစ်နဲ့ တွေ့တဲ့ အမြစ်က တုံးခုသွားတယ်။ အပင်ရှင်သန်ကြီးထွားရေးအတွက် မြေသြဇာဓာတ်နဲ့ ရေဓာတ်စုပ်ပေးတဲ့ အမြစ်တွေရဲ့ ရှင်သန်ကြီးထွားမှုမရှိရင် အပင်လည်း မကြီးထွားနိုင်ဘူး။ လူမိတ်ဆွေဖြစ်တဲ့ အပင်ထိန်းသိမ်းဖို့ဆိုရင် သူ့ရှင်သန်ကြီးထွားမှုကိုလည်း ကူညီစောင့်ရှောက်ရမယ်။ အဲလိုဆို သူ့အနှောက်အယှက်ပေးတဲ့ ပလတ်စတစ်တွေကို ရှင်းဖို့လိုသလား၊ မလိုဘူးလား။ လိုအပ်တယ်နော်။ ဒီလိုဆို မင်းတို့ငါတို့ မြို့ခေါင်းရင်းက ပလတ်စတစ်တောကြီး၊ ပလတ်စတစ်ပုံကြီး၊ ပလတ်စတစ်အခင်းကြီးကို ဒီတိုင်း ပစ်ထားကြမှာလား။ အဲဒီ ပလတ်စတစ်ပုံရဲ့ ဘေးမှာဆိုရင် လယ်ကွင်းပြင်တွေနဲ့ စိုက်ခင်းတွေရှိတယ်။ ပလတ်စတစ်တွေက လေတိုက်ရင်လွင့်နေတာ။ ဒီတိုင်း ထားကြမှာလား။ သူများတွေလုပ်တာပဲကွာ၊ ငါတို့လုပ်တာမဟုတ်ပါဘူး ဆိုပြီး ဥပေက္ခာပြုထားရင် မသင့်တော်ပါဘူး။ တာဝန်ရှိပါတယ် ဆိုပြီး ၀ိုင်းလုပ်ဖြစ်တာပါ လို့ မိန့်ကြားခဲ့ပါတယ်။
+++++++++++
ဖောက်ပြန်လာခဲ့တဲ့ ရာသီဥတုအခြေအနေတွေကို အကာအကွယ်ပေးနေတဲ့ ကုက္ကိုလ်ပင်ကြီးတွေရဲ့ ရှင်သန်မှုကို အနှောက်အယှက်ပေးနိုင်တဲ့  ပလတ်စတစ်တွေကို ရှင်းလင်းဖယ်ရှားပစ်ခြင်းဟာ လုပ်သင့်လုပ်ထိုက်ခြင်းပါပဲ။ ပလတ်စတစ်ပစ်ခြင်းဟာ လွယ်ကူပြီး လူတိုင်းလုပ်နိုင်ပေမယ့် သစ်ပင်တစ်ပင်ပြန်စိုက်ဖို့ကိုတော့ ခဲယဉ်းနေကြပါသေးတယ်။ ပလတ်စတစ်သုံးစွဲခြင်းကို မထိန်းချုပ်နိုင်သေးရင် စွန့်ပစ်ခြင်းကိုတော့ ကန့်သတ်ထားသင့်ပါတယ်။ သစ်ပင်စိုက်တဲ့အဖွဲ့တွေက စိုက်နေပြီး အခြားသူတွေက အမှတ်တမဲ့နဲ့ပဲ သစ်ပင်တွေကို ဖျက်ဆီးနေကြရင်တော့ ဘာမှ အရာထင်မှာ မဟုတ်ပါဘူး။
++++++++++++
ခု ပလစ်စတစ်အမှိုက်ကောက်ကြတဲ့ ကလေးတွေဟာ ဒီနှစ်မှ  ဆယ်တန်းတက်ကြရမယ့် ကလေးတွေပါ။ မြို့က စွန့်ပစ်ကြတဲ့ အမှိုက်တွေကို တပျော်တပါးပဲ ရှင်းလင်းဖယ်ရှားနေကြတာ ကြည်နူးစရာမြင်ကွင်းပါ။ အမှိုက်ကောက်တာ ရှက်စရာမဟုတ်ဘူးဆိုတာကို လက်တွေ့ပြသနေကြသလိုပါပဲ။ ကလေးငယ် စုစုပေါင်း(၁၅၀) ဦးလို့ သိရတယ်။ (၂) ဦးက မလာနိုင်လို့တဲ့။ သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်း ကာကွယ်ကြခြင်းပါပဲ။ အကျိုးသက်ရောက်မှု ဘာတွေများရှိသလဲလို့ မေးလာခဲ့ရင် လက်တွေ့မှာတော့ ကုက္ကိုလ်ပင်ကြီးတွေအတွက် စိတ်အေးသွားရပါတယ်။ အမြင်ရှင်းသွားတယ်။ မြို့ လှပသွားတယ်။ ကုက္ကိုလ်ပင်တန်းကြီးရဲ့ တန်ဖိုးက မတိုင်းဆနိုင်အောင်ရှိပါတယ်။ ကျောင်းသားကျောင်းသူလေးတွေ စေတနာအကျိုးပေးကြပါစေ၊ စာမေးပွဲများ အောင်မြင်ကြပါစေလို့ ဖိုးတွယ် ဆုတောင်းပေးပါရဲ့။ အမှိုက်တွေကို မြို့နယ်စည်ပင်ရဲ့ အကူအညီနဲ့ လွတ်ကင်းရာနေရာမှာ သွားပစ်ကြပါတယ်။
+++++++++++
အမှိုက်ကောက်ပွဲကအပြင် ဦးဆောင်ဆရာတော် လက်ဆောင်ပါးတဲ့ စကားတစ်ခွန်းက နားထဲ စွဲကျန်နေခဲ့တယ်။ ကလေးတွေက မမိုက်ပါဘူး။ လိမ္မာအောင် သွန်သင်ပေးမယ့်သူ ရှိဖို့ပဲ လိုတာပါ တဲ့။ ဆရာတော်ရဲ့ ဆန္ဒ ပြည့်ဝခဲ့ပါတယ်။ ဒီလို ကလေးတွေက အမှိုက်ကောက်ပြလိုက်တော့ အခြားစိတ်ဝင်စားသူတစ်ချို့ကပါ ဒိပြင်နေရာက အမှိုက်တွေ၊ ပလတ်စတစ်တွေ ကောက်ကြဦးမယ်လို့ ကြားသိရတော့ အတိုင်းထက်အလွန်ပါပဲဗျာလို့ ၀မ်းသာအားရပြောလိုက်ရင်း ဒီတစ်ပတ် နားပါမယ်။ ကြည်နူးကြပါစေ။     ။

တွယ်တွယ်ထွဏ်း (ကလေးမြို့   )
14/5/2012

မြို့ကလေးနှင့် အနီးတစ်ဝိုက်....



မြို့ကလေးရဲ့ ရင်ထဲမှာ
မမှည့်သေးတဲ့ အနာတွေရှိတယ်
နွေဦးမှာ
ဝေဘူဝေဘာ၊ ရွှေသမင်နဲ့
ချင်းတောင်တန်းကြီးပေါ်က ထွက်လာတဲ့
ကြေကွဲမီးခိုးမှုန်တွေက/ကြောင့်

မြို့ကလေးကို ထီးလိုအုပ်မိုး             
မြို့ကလေးခမျာ အလင်းမပွင့်နိုင်ရှာ

မြို့ကလေးကို ချစ်တဲ့ ဥပုသ်ချောင်းကြီးဟာ
ချောင်းငယ်လေးအဖြစ် အသွင်ပြောင်း
မြို့ကလေးကို ဆက်လက်ထိန်းကျောင်းနေတယ်
မြို့ကလေးဘေးက ရစ်ခွေစီးတဲ့ မြစ်သာ
အဆစ်တွေ နာကျင်မှုကြောင့်
ပုတ်လိုက်တဲ့ လှိုင်းတံပိုးတွေဟာ
မြစ်ရဲ့ ဧရိယာကို ချဲ့ကား၊ ကမ်းပါးတွေကို တိုက်စားသွားတယ်
မြစ်ရဲ့အနက်ဟာ တိမ်ကောလာပြီး
မြစ်ရဲ့အချစ်ဟာ မှိန်ဖျော့လာခဲ့တယ်
မြို့ကလေး မျက်လုံးမှိတ်နေပြီလား
မြို့ကလေး ပါးစပ်ပိတ်နေပြီလား
ဒါမှမဟုတ်
မြို့ကလေးရဲ့ ရင်ထဲမှာ
မမှည့်သေးတဲ့ အနာတွေက
တကယ်ပဲ ရှိနေသေး/ခဲ့ တာလား။              ။

                                                   လမင်းအို

ကဗျာခေါင်းစဉ်အား  ဆရာ ( တဇောင်းနီ ) မှ ခေါင်းစားပေးသည်။
ကလေးမြို့၏ ပစ္စက္ခ အခြေအနေအား ရည်ညွှန်းခံစားပါသည်။

http://www.facebook.com/notes/%E1%80%9C%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF-%E1%80%9C%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%B3%E1%82%95%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%94%E1%80%AE%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%81%80%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/398342333516876

Monday, May 7, 2012

အချစ်ဆိုတာ




ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်
တစ်သက်လုံး ရင်မှာဖူးလာတဲ့ အချစ်ပန်းတွေ
စိတ်ကြိုက်လက်ကြိုက် စည်စည်ကားကား
အိပ်မက်တွေ မေ့လောက်အောင်ဖွံထွားပေမယ့်
`မျက်ရည်ခံမှည့်တစ်လုံးနဲ့ ပန်းတွေပြုန်းခဲ့တယ်
ချစ်ရမှာ သေချာလား မသေချာလား မသိရခင်
လောက်လန်းလို လူးလွန့်နေတဲ့ အချစ်တွေက
ခဏခဏ အပြင်ကို ချောင်းကြည့်လို့
စိတ်ကို တတိတိကုန်ဆုံးစေနေတယ်
တကယ်ဗျာ
အချစ်ရေးကံခေတဲ့ ဗေဒင်ဟောစာတန်းတွေ
ဟိုမှာက ချစ်သူရ၊ ဒီမှာက ချစ်သူကွဲ
သူတို့ကပဲ လွဲတာလား၊ အချစ်ကပဲမမြဲတာလား
ဆိုခဲ့သလို
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်။            ။


                                              လမင်းအို

Friday, April 27, 2012

အောင်မြင်မှု။

အင်တာနက်လိုင်းများသည် နှေးကွေး၏။ သို့သော် ငါကား မဖြုံ။ လိုင်းကိုစောင့်ရင်း                           
ငါ သိလိုသောအကြောင်းအရာကို ရအောင်လေ့လာ၏။ ယခုကား အောင်ပြီတည်း။


အဘ ဆရာကြီး ပရော်ဖက်ဆာ ဒေါက်တာ လမင်းအို

အမှတ်တရ

Tuesday, April 24, 2012

ကဆုန်လ


ခေါင်းစဉ်: ကဆုန်လ၏၀ိသေသ (၁၆)ချက်
၁။ အလောင်းတော်သုမေဓါသည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ နိယတဗျာဒိတ် ခံယူသောလ
၂။ အလောင်းတော်သိဒ္ဒတ္ထမင်းသား ဖွားမြင်သောလ
၃။ အလောင်းတော် သိဒ္ဒတ္ထမင်းသား တောထွက်တော်မူသောလ (အလောင်းတော်သည် ၀ါဆိုလတွင်တောထွက်သည်ဖြစ်သော်လည်း နာနာဆန္ဒပျို့အရ ကဆုန်လတွင်တောထွက်သည်ဟုဆိုသည်)
၎။ သစ္စာလေးပါးကိုသိမြင်၍ဘုရားဖြစ်တော်မူသောလ
၅။ ပရိနိဗ္ဗန် စံယူတော်မူသောလ
၆။ ဗောဓိညောင်ပင်ရေသွန်းလောင်းသောလ
၇။ စကားပန်းများပွင့်သောလ
၈။ ၀ိသာခါနက္ခတ်နှင့်စန်းယှဉ်၍ပြည့်သောလ
၉။ တံငါတာရာ ထွန်းသောလ (သက္ကဋနက္ခတဒီပနီအလိုမှ ဆင်တာရာထွန်းသည်)
၁၀။ နေ့နာရီ (၃၂)နာရီ ညနာရီ (၂၈)နာရီရှိသောလ
၁၁။ ရက်စုံဖြစ်သောလ
၁၂။ နဂါးခေါင်းအနောက်၊ မြောက်ဝမ်းပြင် ၊တောင်ခွင်ကျောသား၊ မြီးဖျားရှေ့သို့ထားသောလ
၁၃။ စနေ၊ကြာသပတေး ရက်ရာဇာ ဗုဒ္ဒဟူး၊သောကြာပြဿဒါးဖြစ်သောလ
၁၄။ နေရိပ် နှစ်ဖ၀ါးဖြင့် မွန်းတည့်သောလ
၁၅။ ပြိဿမည်သောလ
၁၆။ ဖွားဖက်တော် (၇)ဦးဖွားသောလ

ကဆုန်လ


ကဆုန်လ
ခါလည်လုလု၊ ရတုသစ်သစ်
သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း
ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍
ရွက်ကြောနုလှန်၊ ရွက်သစ်ပြန်တည့်
ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်
မြေသင်းနံ့နံ့၊ တပျံ.ပျူးပျူး
မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်
လကဆုန်သည်
ပဇ္ဇုန်ရိုက်မြည် ချုန်းချုန်းတည်း။

ရှင်အဂ္ဂသမာဓိ

ချက်နဲ့ ဘလော့ဂ်

ပထမဦးဆုံး အနေ နဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံး နှစ်ခု ဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက

တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်း မသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ဝင် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။

ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘဝအတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အဝ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။

ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စက
းပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ဝင်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှု တစ်ခု ကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။
နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေး တစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ် (post) တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ဝင်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။

အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ဝင်ရေးသွားသေးသလဲ စတာတွေကို ဝင်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈ဝ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ဝမ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၁၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့ အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်မှကိုနဲ နေသေးတာကို တွေ့ရပါတယ်။

ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက် နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘဝကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘဝကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘဝက ချက်တာတစ်ယောက်ရဲ့ ဘဝထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ မြန်မာလို ရိုက်ထည့်ပြီး ရှာကြည့် လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက် စုစည်းထားတဲ့ ဆိုဒ်လေးတွေ ကို ညွှန်းရမယ် ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ် ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေ တဆင့်လဲ သွားရောက် ဖတ်ရှု နိုင်ကြပါတယ်။

လူငယ်တွေအားလုံး ချက်တာ ဘဝကနေ ဘလော့ဂါ ဘဝကို ကူးပြောင်း နိုင်ကြပါစေဗျာ

ကဆုန်လ



ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။

(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။

(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)

(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။

(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။

(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။

(၇) စံကားပန်းပွင့်သော လ။

(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။

(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။

(၁ဝ) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။

(၁၁) ရက်စုံသတ်သော လ။

(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။

(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။

(၁၅) ပြိဿရာသီ မည်သော လ။

(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။

သရဖီ


အိပ်မက်ထဲ အရည်ပျော်ကျသွားကြတဲ့ အိပ်မက်တွေ
အိပ်စက်နေပါစေလေ...
ကိုယ်တိုင် မစိုက်ပျိုးခဲ့တဲ့ သစ်သီးတစ်လုံးရဲ့ တန်ဖိုးဟာ
ကိုယ်တိုင် မ၀ယ်ယူပဲ ရလိုက်သလို....
ကိုယ်ချစ်တဲ့ ရနံ့နဲ့ပဲ ပျော်မွေ့နေတော့မယ်
သရဖီရေ......

အင်တာနက်စွဲရောဂါ

ခုခေတ်ဟာခေတ်ဖြစ်တာနဲ့အမျှ၊ အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့်လူတွေ
အကျိုးကျေးဇူးရကြတယ်။ ဒါပေမယ့်ဒါဟာ
အင်တာနက်ကိုမဇ္ဈိမပဋိပဋာနည်းနဲ့သုံးတတ်သူတွေအတွက်ဖြစ်ပါတယ်။
အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလို
အင်တာနက်စွဲရောဂါရတတ်ပါတယ်။
About disorder - ရောဂါအကြောင်း
အင်တာနက်စွဲရောဂါမှာ၊ တခြားဘိန်း-ဆေးတွေလိုပစ္စည်းကိုစွဲတဲ့ substance
addiction မဟုတ်ဘဲ ချက်နေရတာ၊ ဘလောဂင်နေရတာ၊နက်ရှော့ပင်နေရတာစတဲ့
လုပ်ဆောင်မှုကိုစွဲတဲ့ process addiction ဖြစ်ပါတယ်။
Symptoms - ရောဂါလက္ခဏာများ
၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)-
အင်တာနက်သုံးတဲ့အချိန်များနေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊
အချိန်နည်းတယ်လို့ခံစားရ၊ စိတ်ကျေနပ်မှုမရတာ။
၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -
အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊
စိတ်ဓာတ်ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ
အနှောက်အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။
အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင်ကျေနပ်မှုရတာ။
၃။ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊ ဥပမာ-ဘလော့ဂ်မှာ
ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။
၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ။
၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ။
၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။ ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ။
၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ (အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး
၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ။
၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့်
မိသားစုရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်းလိုစိတ်နည်းလာ၊
လင်မယားဆက်ဆံရေးစိတ်ဝင်စားမှုလျော့လာ၊
လိင်စိတ်အလိုဆန္ဒနည်းလာ-သားသမီးပေါ်ဝတ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ
အပြင်သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းလာတာ။
ကျောင်းသားတွေမှာအဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲစိတ်ပါဝင်စားမှုနည်းလာတာ။
၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ်တော့တာ။
၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊
နောက်နေ့မနက်စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့်
အင်တာနက်ထိုင်တာကလွဲပြီးဘာမှလုပ်ချင်စိတ်မရှိတာ၊
၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့ အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။
၁၃။ Forming cyber relationships with strangers met online is also a sign
of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ။ Extra-marrital relations -
အိမ်ထောင်ဖက်ဇနီး၊ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ
စိတ်ဓာတ်ရေးရာအားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က
စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊
အများနဲ့မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊
အင်တာနက်နဲ့စိတ်ထွက်ပေါက်ရှာတတ်သူများ

Complications - ဆက်တွဲဆိုးကျိုးများ

၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems
(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ
၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှသံယောဇဉ်ပိုလာခြင်းကြောင့်အိမ်ထောင်ဖက်ကိုစိတ်ဝင်စားမှုနည်းလာခြင်း၊
အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့်
လင်မယားဆက်ဆံရေးနည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း
၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊

Treatment - ကုသမှု
ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့်
လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။
၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ် စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း

Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change ပေါ်မှာမူတည်ပါတယ်။

--
မေတ္တာဖျန်း၍...လန်းကြပါစေ..............

ဥက္ကာကိုကို(သံတွဲ)

\!!!!!!/
( õ õ )
-----------------oOOO----------------------
http://www.mgoakkarkoko.co.cc
https://oakkarkoko.wordpress.com
--------------------------oOOO--------------
|__| |__|
|| ||
ooO Ooo

အတွေး

ကားကြိတ်ခံရသည့် ကြက်အကြောင်း ဆွဲဆန့် ရေးသားချက်များ ဖြစ်သည်။
ဟာသ စာရေးဆရာ အကြည်တော်က ဖြစ်စဉ် ၃ ခု ခွဲပြီး လူ့စရိုက်ကို ပုံဖော် သရော်သည်။
သူ၏ ရေးသားချက်များကို ပြီးခဲ့သည့်နှစ်က အစပြုပြီး FaceBook, Gmail နှင့် ဘလော့စာမျက်နှာများမှတဆင့်
အကြိမ်ကြိမ် ဖြန့်ဝေသဖြင့် ယခုအခါ အင်တာနက်တွင် ပျံ့နှံ့နေသည်။

တချို့က အနည်းငယ် ဖြည့်စွက်ရေးသားပြီးမှ ဖြန့်သည်ကို တွေ့ရလေသည်။



အတွေး ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။



အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား … ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် … … ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လ ပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ် … တဲ့။ အင်း … ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။

- - - - - - - - - - - - - - - - - -

အတွေး ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် လိုက်နေသော ကြက်ဖကို ကားတစ်စီး ဖြတ်တိုက်သွားသည်။



အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင်တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မကြည့်၊ နောက်မကြည့် လိုက်တာကိုး။ သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ … ဟို ကြက်မတော့ ကြက်ဖ မရှိရင် တစ်သက်လုံး နေရခက်ပြီ။

- - - - - - - - - - - - - - - - - -

အတွေး ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော နှစ် ကောင်လုံးကို ကားက ဖြတ်တိုက်သွားသည်။



အပျိုလေးအတွေး – အစကတည်းက ကြက်ဖ မီအောင် လိုက်သင့်တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ် မဟုတ်ဘူး၊ ကြက်ဖ အပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန် လျှော့သင့်တယ်။

လူပျိုကြီးအတွေး – ဟီဟိ … အေးရော၊ ဟင်းစားတော့ရပြီ။

- - - - - - - - - - - - - - - - - -

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။



ကြက်များခေါင်းထဲတွင် ထိုမျှသာ ရှိသော်လည်း လူတွေက မျိုးစုံတွေး၊ မျိုးစုံ ပြောနေကြလေသည်။

အကြည်တော်

--------------------------------------------------------------------

ဖြည့်စွက်ချက် ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။



ဗိုလ်ချုပ်မှူးကြီးအတွေး – ကြက်ဖက ကြက်မ သေအောင် စနစ်တကျ မဟာဗျူဟာခင်း လုပ်သွားတာ။ ကားသမားလည်း ငါ့လာတိုက်ဖို့ ကြံစည် လေ့ကျင့်နေတာဖြစ်နိုင်တယ်။ အစည်းအဝေး ခေါ်ပြီး ကာကွယ်တဲ့ နည်းလမ်း ရှာဦးမှ။



ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကို ပေးပြီး ပေါင်သား အိမ်သယ်မှ။ ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကို ပေးမယ်၊ ကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။ ပြီးရင် ဟိုကောင် သတ်တယ် ပြောလိုက်မယ်။



ဒီမိုကရက်အတွေး – တိုက်သွားတဲ့ ကားဒရိုင်ဘာက ကြံ့ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးမှ။ တောက် … သဂြိုင်္ဟ်ခကလည်း အစိုးရ သောက်သုံး မကျတာနဲ့ မတရားတောင်းမှာ သေချာတယ်…။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါ ကယ်တင်ဦးမှဖြစ်မှာပါ…။



ဘုန်းကြီးတပါးအတွေး – ကြက်တွေမှာ တိရိစ္ဆာန်ဖြစ်လို့ အသိဉာဏ် မရှိကြဘူး။ ကိလေသာမီးတွေ လောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါ ပါသွားတယ်။ ရှေ့ဘ၀က အကုသိုလ်ကြောင့် ဖြစ်မှာပဲ။ ၀ဋ်ပေါ့။ ကားဆရာလည်း နောင်ဘ၀ ၀ဋ်လည်တော့မှာပဲ။ သြော်… ကားတွေရှိနေသ၍ သတ္တ၀ါတွေ သေကြဦးမှာပဲ…။ အနိစ္စ … ဒုက္ခ … အနတ္တ……။



Steven Yean

-------------------------------------------------------------------

ဖြည့်စွက်ချက် ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။



ကံဆိုးစွာပင် ပြေးနေသော ကြက်၂ကောင်လုံးကို ချိုင့်ရှောင်လာသော ကားတစ်စီး ဖြတ်တိုက်သွားသည်။



ရုရှားပညာသင်ဗိုလ်ပေါက်စအတွေး- ဒီကြက်တွေ သေတာကော၊ ကားသမားဝင်တိုက်မိတာကော ဒေါ်လာစားတွေကြောင့် ဖြစ်မယ်၊ ဒီအကြောင်း သာသာထိုးထိုးလေး Blog မှာ တက်ရေးဦးမှ။ အဘတွေ ကြိုက်ရင် ရာထူးပါ တိုးသွားနိုင်တယ်။



ပြည်သူများအတွေး- တောက် … အစိုးရသာ လမ်းတွေကောင်းအောင် ဖောက်ထားပြီး သူ့အလုပ် သူလုပ်ရင် ဒီကြက်တွေ မသေဘူး၊ ကားသမားလဲ စိတ်ဆင်းမရဲရဘူး…



အစိုးရအတွေး- အကွက်တော့ တွေ့ပြီ။ ကောင်မလေးဆီ လူတွေ အာရုံစိုက်နေတာကို ကြက်တွေ သေတဲ့အကြောင်း ပုံကြီးချဲ့၊ ကားသမားကို ထိုးကျွေးပြီး အာရုံ ပြောင်းရမယ်။ ဖားမင်းဆွေကိုခေါ်၊ ဆောင်းပါးရေးခိုင်းပြီး နက်ဖြန်သတင်းစာထဲ ထည့်မှဘဲ။



သောကြာကောင်ကောင်

---------------------------------------------------

ဖြည့်စွက်ချက် ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက်သွား သည်။



ဦးသန်းရွှေ။ ။ထောင်ချထားရင် ဒီကောင် ဒီလိုသေမှာ မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ KFC ကိုကျော်ခိုင်းပီ ၂၁ ရာစု ပင်လုံညီလာခံမှာ ဧည့်ခံရမယ်။



ဘန်ကီမွန်း။ ။ ငါသာ ကြားဝင် ညှိနိုင်းပေးရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

အိုဘားမား။ ။ ကြိုးစားရင်းသေတာမို့ သူရဲကောင်းဆုတံဆိပ် အပ်နှင်းရမယ်။



ပြည်ပအတိုက်အခံများအတွေး။ ။ ဒီအကြောင်း မြန်မာသံရုံးရှေ့ သွားအော်ပီး ဆန္ဒပြမယ်။

ပြည်တွင်းအတိုက်အခံများ။ ။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်ပဲ။ ကားသမားကို အချိန်ကိုက် သတ်ခိုင်းလိုက်တာ။



မြေအောက်လှုပ်ရှားသူများ။ ။ ဟဟ … စစ်အစိုးရမကောင်းလို့ ဆိုပီး လက်ကမ်းစာစောင် ဖြန့်ရမယ်။

ကျော်သူ။ ။ ဒီကောင့်ကို သဂြိုင်္ဟ်ပေးလိုက်ရင် ဖေ့ဘွတ်မှာ တပုဒ်ရေးလို့ရပြီ။



အော်ပီကျယ်။ ။ ဒါဟာ ကာတွန့်တကွက်ပဲ။ ဖေ့ဘွတ်မှာ ဖွရမယ်။

ဘလော်ဂါ။ ။ ဒီသတင်းကို သူများထက် ဦးအောင် တင်မယ်။



ငါမင်းဆွေ။ ။ ဒီကြက်ဖ ဘာလဲ၊ ဘယ်လဲ။

BDC ။ ။ BBC မှာ အင်တာဗျူးဖို့ အကြောင်းတခု ရပီ။ ပီးရင်၊ ဖေ့ဘွတ်မှာ တင်ရမယ်။



လက်နက်ကိုင်များ။ ။ ဒါ တွဲရေးထက်စာရင် ပိုကောင်းတဲ့ ခွဲရေးပဲ။

စွမ်းအားရှင်များ။ ။ ကားပေါ် ဆွဲတင်ကွာ။



ကြံ.ဖွတ်။ ။ ကြိုတင်မဲ မပေးလို့သေတာ။ နေပစေ။

Sunday, April 22, 2012

တောင်းပန်ပါတယ်

လိုင်းအခက်အခဲကြောင့် ပို့စ်အသစ်များ မတင်ဖြစ်ပါပဲ ရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို အထူးကျေးဇူးတင် အားနာမိပါတယ်။ အလျဉ်းသင့်သလို ဆက်လက်တင်သွားမှာ ဖြစ်ပါကြောင်း။။

လေးစားခြင်းဖြင့်

လမင်းအို
၂၂-၄-၂၀၁၂

Sunday, December 18, 2011

သူနဲ့ ကိုယ်နဲ့ အလွမ်းနဲ့

ဒီညခင်း

မှောင်နေတယ် အချစ်ရယ်

ကိုယ့်နံဘေးမှာတော့ အလွမ်းတွေက ငုတ်တုတ်

ကြယ်မလင်းတဲ့ အမှောင်မိုက်ထဲ

ရှာဖွေမိတဲ့ မျက်ဝန်းတစ်စုံက ပုန်းကွယ်နေ

အို... ကိုယ့်အနာဂတ်တွေပါ ပျောက်ဆုံးနေပါပကော

ကြေမွခဲ့တဲ့ အိပ်မက်တွေထဲမှာ

မင်းချန်ထားခဲ့တဲ့ ဖိနပ်ဖြူကလေး တစ်ရံသာ

တိတ်ဆိတ်ကျန်ရစ်

ထိုင်ဖူးခဲ့တဲ့ ခုံတန်းလျားလေးဟာ

ကျိန်စာမိထားသလို မေ့မောပြနေ

အို... ထမသွားပါနဲ့ အလွမ်းရယ်

ကိုယ့်နံဘေးမှာပဲ နေ နေပေးပါ

တိတ်ဆိတ်စွာ လွမ်းနေပါ့မယ်

ပြောပြချင်တဲ့ စကားလုံးများစွာကို

ကူညီနားထောင်ပေးပါ

ပျောက်ဆုံးခဲ့တဲ့ အသိစိတ်ကို

ကူညီရှာဖွေပေးပါ

ထီးမဆောင်တတ်တဲ့ ကိုယ့်အတွက် တဲ့

ညမှောင်မှောင်ထဲ မိုးက

မိတ်ဆွေလို ရွာကျလာတယ်။ ။

လမင်းအို

၁၄-၁၂-၂၀၁၁

အလှဟာ သူ့အလှနဲ့သူ လှလို့ပလို့

ဆဲလ်အသေတွေကို ကောက်ယူစားသုံးလိုက်တိုင်း

ကြံဖန်တိုက်ဆိုင်လာတဲ့ မတည်မြဲမှုစက္ကန့်တွေစာ

တစ်စုံတရာကို စိတ်ဝင်စားဟန်ဆောင်လို့

အသက်တစ်ချက်ရှိုက်တိုင်း ရာသီဟာ တစ်ပတ်လည်ခဲ့

မသေချာတော့တဲ့ ကံစမ်းမဲလက်မှတ်ကို စွန့်ပစ်လိုက်တော့

အလှဟာ သူ့အလှနဲ့သူ လှလို့ပလို့

ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ရင်ဘတ်တွေဟာ

တစ်စုံတရာလွဲချော်မှုနဲ့ ပိန်လှီခြောက်ကပ်လာခဲ့တော့

မယုံနိုင်ရာ မယုံရဲရာ အံ့သြစရာတွေဟာ

အလိုလိုဖြစ်တည်လာခဲ့ကြ ဒါဟာ လောကသဘာဝ

မဖြေဆိုချင်တော့တဲ့ မေးခွန်းပေါင်းများစွာအတွက်

ကိုယ်တိုင်ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခုကပဲ

ဆိုင်ရာပိုင်ရာတွေကို သိသာစေလိုက်ရပါတယ်။

ကျွန်တော်လှတဲ့ အလှဟာ ကျွန်တော့်အိပ်မက်မှာတည်မြဲလို့

ဆုံတွေ့ရာ အိပ်စက်ခန်းထဲမှာ ကျဆုံးကြေကွဲ

ဖန်တရာတေ ဇာတ်လမ်းတွေပြောပြခဲ့တဲ့

ပညာတတ်အသိုင်းအ၀ိုင်းတွေကို ရောက်ရာအရပ်က

လိမ္မာပြလိုက်ပါတယ် လှပဖို့။ ။

လမင်းအို

ဝိပ္ပယောက

အိပ်မက်တစ်ခု မက်ခဲ့တဲ့အလား

ဒီမျက်ဝန်းတွေကိုပဲ ရုန်းမဖယ်ခဲ့တာပါ

အချစ်ဆိုတဲ့အရာမှာ

ပန်းပွင့်လို မွှေးပျံ့နိုင်တယ်ပြောပြော

ဂွမ်းစိုင်လို နူးညံ့နိုင်တယ်ပြောပြော

လေပြေလို ပျော့ပျောင်းနိုင်တယ်ပြောပြော

ခုချိန်မှာတော့ မသိမ်မွေ့နိုင်တော့တာ အမှန်

ရယ်ရင်းမောရင်း ကျော်ဖြတ်ခဲ့တဲ့ နာရီတွေ

တရှိုက်မက်မက် သောက်သုံးခဲ့တဲ့ စမ်းရေတွေ

တခမ်းတနား တည်ဆောက်ခဲ့တဲ့ စကားလုံးတွေ

စိတ်ကူးတွေ မျှော်လင့်ချက်တွေ အနာဂတ်တွေ

အနုပညာကို စီးပွားရေးလို မတွက်ချက်ခဲ့သူအတွက်

ဒဏ်ရာဆိုတဲ့အရာဟာ ရင်ဘတ်နဲ့ တသားတည်း

ဆိုညည်းခဲ့ကြဖူးတဲ့ သီချင်းသံတွေကို ဖျောက်ဖျက်ပစ်လိုက်ပါ

ထိုင်ခဲ့ကြဖူးတဲ့ ခုံနိမ့်လေးတွေကို မုန်းတီးပစ်လိုက်ပါ

ငိုကြွေးခဲ့ကြဖူးတဲ့ နာကြည်းစရာတွေကို မေ့ပျောက်ပစ်လိုက်ပါ

ကိုယ့်ဘက်ကတော့

ဒီမျက်ဝန်းတွေကိုပဲ ရုန်းမဖယ်ခဲ့တာပါ

အိပ်မက်တစ်ခု မက်ခဲ့တဲ့အလား။ ။

လမင်းအို

၁၄-၁၂-၂၀၁၁

ဝိပ္ပယောက= ချစ်စ၊ ခင်စ၊ ကြင်နာစ ဖြစ်စေ၊ ပေါင်းသင်းပြီးမှ ဖြစ်စေ၊ သေကွဲ ရှင်ကွဲ ကွဲကွာမှု။

Saturday, March 26, 2011

လမင်းအို ကဗျာသတ်ပွဲအမှု

ညီမလေးရယ်
အစ်ကို စိတ်လှုပ်ရှားခဲ့ရတဲ့
ကဗျာဖမ်းပွဲကို အခြေခံပြီး
ခရေစေ့တွင်းကျ စီစဉ်လို့
ကဗျာတစ်ပုဒ် ရေးလိုက်ပါမယ်။

ဟုတ်ပါတယ်ခင်ဗျာ
သေနေတာ ကျွန်တော့်နှလုံးသားပါ
အဲဒီ
အသဲနှလုံးဓားထိုးခံရတာ
မြင်တဲ့သူရှိလား။

စိတ်ချပါ
ကျွန်တော်သိအောင်ကြိုးစားပါ့မယ်
ဖြစ်နိုင်တာကတော့ ဒီအသဲနှလုံးကို
ပိုက်ဆံပေးခေါ်သွားပြီး အကြောင်းတစ်ခုကြောင့်
သတ်လိုက်တာဖြစ်မယ်။

ဟာ...ဟုတ်ပါ့မလား အိုင်ဆေးရာ
ကျုပ်အမြင်တော့ သူက
မိန်းမတစ်ယောက်ကို အပြိုင်လိုက်ပိုးမယ်
ဒါကြောင့် နောက်ဆုံးမှာ ထုံးစံအတိုင်း...။

ကဗျာဆရာများအနက်
ဝင်ငွေအကောင်းဆုံးမှာ
နယ်မှ ရေးသားသူများဖြစ်ပါသည်။

ကျွန်တော်က
ဂင်တိုတိုလူ၏ ဆုပ်ထားသောလက်ကို
ရိုက်ချလိုက်ပြီးနောက် ချက်ချင်း
လျှင်မြန်သော လက်သီးက
ကားနေသော လက်မနှင့်လက်ညှိုးကြားဆီသို့..။

ဘယ်သူ့မှာမှ
မျှော်လင့်ချက်ရှိကြတာ မဟုတ်ဘူး
လူတိုင်းမှာ ကောင်းကွက်လေးတစ်ချို့
ရှိပါတယ် သူ့အတွက်ကျွန်တော်
ညတိုင်း ဆုတောင်းပေးပါ့မယ်။

စက်ဘီးပေါ်ကလူသည်
လက်ထဲက ဆေးလိပ်ကို
အသံလာရာဘက် လှမ်းပေးလိုက်သည်
လမ်းဘေး အမှောင်ထဲက လူမှ
ဆေးလိပ်မီးကို မှန်းဆ၍.....
..........................................
.............................................
...........................................။

သတင်းမီဒီယာများက ပထမတွင်
ကျွန်တော့်အပေါ် သံသယရှိခဲ့ကြသည်
ကျွန်တော့်တွင် ကဗျာရေးရန်
ပြဿနာရှိနေသဖြင့်.......။

ထို့နောက်
ညစ်ညမ်းကဗျာများရေးသားမှုနှင့်ပတ်သက်သော
အထောက်အထားများကို ဆက်တိုက်
ဖော်ထုတ်နိုင်ခဲ့ပါသည်
ယင်းကဗျာနံပါတ်အရ
ကဗျာရေးသားရာတွင် အသုံးပြုခဲ့သော...။

သဘောပေါ်က်ပါပြီ အစ်မရယ်
ရွှေစွန်ညိုနားပြီ မဟုတ်လား
လူပျိုနဲ့အပျိုတွေ့ကြတာ
ဘာဆန်းလို့လဲ အစ်မရဲ့။

ထို့အကြောင်းကို
ခေါင်းကြီးပိုင်းအဖြစ် ဖော်ပြခဲ့
လူအများ စိတ်ဝင်စား။

တကယ်တော့
ဘ၀ဘူတာမှားဆင်းခဲ့ရတာ
အစ်ကိုတစ်ယောက်တည်း မဟုတ်ပါဘူး
ညီမရေ
ကိုယ်တို့တွေ တော်တော်များများဟာ
တံလျှပ်ကို ရေထင်ပြီး....................
.................................................
................................................
...............................................
.............................................။ ။
လမင်းအို
2/5/09

ကိုယ်ရေးကိုယ်တာမသိတဲ့ ငှက်တစ်ကောင်

ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ လမ်းပေါ်မှာ ကိုယ်လို အခြေမဲ့တွေများကြောင်း
သိရတယ် အိပ်မက်ကိုချိန်တွယ်တဲ့စက်လည်း မရှိတော့ ကိုယ့်အတ္တ
ဘယ်လိုရောင်းကောင်းကြောင်း မသိရသေး ခေါင်းထဲမှာသီဆိုမယ့်သီချင်း
အပိုင်းအစတွေ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ကိုယ့်ပါးကို
ရိုက်ခဲ့ရတယ် ချိန်းချောင်တဲ့စက်ဘီးတစ်စင်းလို ဘောင်ဘင်ခတ်တတ်တဲ့
မျက်နှာပေါ်က အဆီပြင်တွေ ခြစ်ထုတ်လို့ရအောင် ရွှဲသီးနေကြ ကိုယ့်လျှာကိုယ်
ကိုက်မိတိုင်း ဟင်းကောင်းစားရကြေးဆို မျက်ခမ်းလှုပ်တိုင်း ရန်ဖြစ်ရမယ်
နှာချေမိတိုင်း အတင်းပြောခံရမယ် အမြီးကိုထိလို့ ခေါင်းထောင်ထောင်ကြည့်
တတ်တဲ့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါလှုပ်ရှားသမျှ ငါ့အသားဖောင်းကြွဖို့
ဖြစ်လာ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း
ခုဆို ၀တ်ရည်ကိုသိုလှောင်တဲ့ အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ စိတ်လှုပ်ရှားတိုင်း
မီးခိုးအဖြစ်ခံရတဲ့ ဗူးထဲကတံဆိပ်တစ်မျိုးနဲ့ စီးကရက်တွေ ညလူခြေ
တိတ်တိုင်း ငါ့စိတ်တွေ နမော်နမဲ့ တဇွတ်ထိုး အလိုလိုက်ခံရပုံက လမ်း
ပေါ်မှာ အခြေမဲ့တွေ အိပ်မက်ကိုဘယ်လိုရောင်းကောင်းကြောင်းမသိ
ရသေး ခေါင်းထဲမှာ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ချိန်းချောင်တဲ့
စက်ဘီးတစ်စင်းလို အဆီပြင်တွေ ရွှဲသီးနေကြ မျက်ခမ်းလှုပ်တိုင်း နှာချေ
မိတိုင်း ခေါင်းထောင်ထောင်ကြည့်တတ်တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း ခုဆို
စိတ်လှုပ်ရှားတိုင်း ဗူးထဲကတံဆိပ်တစ်မျိုးမျိုးနဲ့ စီးကရက်တွေ ငါ့စိတ်တွေ
ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ ချိန်တွယ်တဲ့စက်လည်းမရှိတော့ သီဆိုမယ့်
သီချင်း ဘောင်ဘင်ခတ်တတ်တဲ့ ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း အမြီးကို
ထိလို့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါ့အသားဖောင်းကြွဖို့ဖြစ်လာ အင်းဆက်
မျိုးနွယ်ဖြစ်နေရပြီ စီးကရက်တွေအလိုလိုက်ခံရပုံက ကိုယ်လိုများကြောင်း
သိရတယ် ကိုယ့်အတ္တအပိုင်းအစတွေ ကိုယ့်ပါးကို ရိုက်ခဲ့ရတယ် မျက်နှာ`
ပေါ်က ခြစ်ထုတ်လို့ရအောင် ဟင်းကောင်းစားရကြေးဆို ရန်ဖြစ်ရမယ် အတင်း
ပြောခံရမယ် ငါလှုပ်ရှားသမျှ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ၀တ်ရည်သိုလှောင်
တဲ့ မီးခိုးအဖြစ်ခံရတဲ့ ညလူခြေတိတ်တိုင်း နမော်နမဲ့ တဇွတ်ထိုး။ ။


လမင်းအို

Saturday, January 8, 2011

ချက်တင်စစ်တမ်း၊ မိဘများဆန္ဒနဲ့ အယ်ဒီတာများ အမြင်ကြည်လင်စေဖို့ကိစ္စ

ထိုင်နေကျ ညကဖီးရဲ့ လက်ဖက်ရည်ဝိုင်းမှာ ကဗျာဆရာ တစ်ယောက်ကချက်တင်(chatting)အကြောင်း ပြောလာပါတယ်။ ကနေ့ အင်တာနက်သုံးစွဲသူအများစုဟာချက်တင်နဲ့တင် အချိန်ကုန်နေပြီး အကျိုးရှိဖို့ မဖန်တီးတတ်ပုံကိုစစ်တမ်းတစ်ခုကောက်ယူသင့်ကြောင်း ကိုပါ။ ဖိုးတွယ်ဟာလည်း အင်တာနက်စွဲသူတစ်ယောက်ပါ။(ချက်တင်မဟုတ်) ကွန်ပျူတာကို အခြေခံလောက်တတ်ထားပြီးတော့သိသလောက် တတ်သလောက်နဲ့ အင်တာနက်ဆိုင်တွေမှာ ခြေရှုပ်နေသူပါ။ ကလေးမြို့ကအင်တာနက်ဆိုင်မှန်သမျှ ဖိုးတွယ်မထိုင်ဖူးတဲ့ဆိုင် မရှိပါဘူး။ တာဟန်းဘက်ကနှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ ရှိပါမယ်။ ခုဆို ကလေးမှာကအင်တာနက်ဆိုင်ပေါင်း (၁၀)ဆိုင်လောက် ရှိမယ်။ပုံမှန်သုံး(၄၀၀)နဲ့(၅၀၀)ကျပ်ထိရှိတယ်။ မန်ဘာဝင်ထားရင်တော့ တစ်နာရီကို၃၀၀ ကျပ်ပါ။ ဖိုးတွယ် အင်တာနက်စသုံးကာစကလည်း ချက်တင်နဲ့ စခဲ့တာပါပဲ။(ဘယ်သူမဆို ချက်တင်နဲ့ပဲ စမယ်ထင်ပါရဲ့) နောက်မှ ဘလော့ဂ်တွေ၊၀ဘ်ဆိုက်တွေထဲ ၀င်ကြည့်တတ်လာတယ်။ ကိုယ်က စာပေ၀ါသနာပါသူဆိုတော့ ကဗျာဆိုက်၊စာဆိုက်တွေရယ်၊ ဗဟုသုတရမယ့်ဆိုက်တွေရယ်ထဲ မကြာခဏ ၀င်ဖတ်လေ့ရှိတယ်။ကိုယ်ကုန်မယ့် ပိုက်ဆံနဲ့ တန်အောင် လုပ်ရတာပေါ့။ SHADE နဲ့ဖိုးတွယ်ဆက်မိတာကလည်း အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ စာတစ်ပုဒ်ရေးဖို့အချိန်တော်တော်ဆွဲတဲ့ ဖိုးတွယ်အဖို့ ခုပို့၊ခုရောက်တဲ့ အီးမေးလ်ကလည်းတော်တော်ထိရောက်တဲ့ စနစ်ပါ။ ကဗျာဆရာပြောတဲ့ ချက်တင်စစ်တမ်းဘက်ပြန်လှည့်မယ်ဆိုရင် ယနေ့ သုံးစွဲသူအများစုဟာ ဂျီတော့ စကားပြောဖို့ရယ်၊ဂိမ်းဆော့ဖို့ရယ်၊ အပြာဝဘ်ဆိုက်တွေဆီ ခရီးနှင်ဖို့ရယ်လောက် အားသန်တာကိုတွေ့ရမှာပါ။ ဂျီတော့ စကားပြောခြင်းမှာက မိန်းကလေးတွေပိုများပြီးဂိမ်းကစားခြင်းမှာတော့ ကျား/ အချိုးညီလောက်ပါတယ်။ အပြာဝဘ်ဆိုက်တွေကတော့ယောက်ျားလေးတွေပဲ များမှာပေါ့နော်။ (ဒါက ဖိုးတွယ်မြင်တဲ့အမြင်ပဲဖြစ်ပါတယ်။ လွတ်လပ်စွာကန့်ကွက်နိုင်ပါတယ်ခင်ဗျ) ဖိုးတွယ်ကတော်ကသူ့ရဲ့ အင်တာနက်အတွေ့အကြုံတစ်ခု ပြောပြပါတယ်။ သူ ချက်တင်ထိုင်နေတုန်းမှာတောသားဂိုက်ပေါက်နေတဲ့ ယောက်ျားလေးနှစ်ယောက်ဟာ အရက်မူးမူးနဲ့အင်တာနက်ဆိုင်ထဲကို ၀င်လာကြပါတယ်။ နေရာတစ်နေရာယူပြီးတော့ နံဘေးကဖိုးတွယ်ကတော်ကို "ညီမလေး..ညီမလေး..ဟိုလိုဆိုက်တွေက ဘယ်လိုကြည့်ရသလဲ"လို့ မေးမြန်းပါသတဲ့။.ဖိုးတွယ်ကတော်ကလည်း ရှက်ရှက်နဲ့" ဘာတွေလာပြောနေတာလဲ" လို့ အော်တော့ ဆိုင်ရှင်က အဲဒီနှစ်ယောက်ကို ချော့မော့ပြီးဆိုင်ပြင်ပို့လိုက်ရပါတယ်။ ဆိုလိုတာက အဲဒီနှစ်ယောက်ဟာတောရွာမှာနေထိုင်ပြီး မြို့ပေါ်ရောက်လိုက် လူရည်လည်မြို့သား သူငယ်ချင်းကအင်တာနက် အဲဒီလို ဆိုက်တွေကြည့်လို့ရတယ်ဆိုပြီး နတ်လမ်းညွှန်လိုက်ခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျား-ကျားချင်း မမေးဘဲ မိန်းကလေးကိုသွားမေးတော့ ပါးရိုက်မခံရတာ ကံကောင်းလို့ ဆိုရပါမယ်။ သိတောင် ဘယ်သူကပြောပါ့မလဲနော်။
××××××××××=========×××××××××××××

မနက်အိပ်ယာထစအချိန်မှာပဲ အိမ်ရှေ့က ဆူညံပူညံသံကို ကြားလိုက်ရတယ်။နားစွင့်ကြည့်လိုက်တော့ အမေဖြစ်သူက သားကို ပြောနေတဲ့အသံပါ။ " နင်ကကျောင်းမသွားပဲ ဘာဖြစ်လို့ငါ့နောက်လိုက်ချင်ရတာလဲ။ကျောင်းမသွားချင်ရအောင် နင်က ဘာကောာင်မို့လဲ" နည်းနည်းစိတ်ဝင်စားလာလို့အပြင်ထွက်ကြည့်မိပါတယ်။ သူငယ်တန်း ဒါမှ မဟုတ် ပထမတန်းအရွယ်ကျောင်းသားတစ်ဦးက ဖိုးတွယ်တို့အိမ်ရှေ့နားလောက်မှ ရပ်ပြီးငိုနေ(ဂျီနေ)ပါတယ်။ အမေဖြစ်သူကတော့ ခြေလှမ်းနှစ်ဆယ်အကွာလောက်မှာပါ။သူ့နောက်မှာက စက်ဘီးတစ်စီးကို ဒေါက်ထောက်ရပ်ထားပါတယ်။ ဖြစ်ပုံကအမေအလုပ်သွားမယ့်နောက်ကို ကလေးငယ်က လိုက်ချင်တာဖြစ်မှာပါ။ " နင်က
စာမတတ်ရင် ဘာသွားလုပ်စားမှာလဲ။ မိဘက မရှိမဲ့ ရှိမဲ့နဲ့ ကျောင်းထားပေးရတာ။ငါတို့တုန်းက ကျောင်းတက်ချင်လို့တောင် မတက်ခဲ့ရဘူး...ဟင်း" အပြောခံနေရတဲ့ကလေးငယ် နားလည် မလည်တော့ မသိပါဘူး။ နားထောင်နေတဲ့ဖိုးတွယ်တော့စဉ်းစားဖို့အကြောင်း ဖြစ်လာတယ်။ ဖိုးတွယ်မျက်စိရှေ့မှာ မြင်နေရတဲ့ကလေးငယ်ကို ငေါက်ငမ်းပြီး ကျောင်းတက်ခိုင်းနေတဲ့ ကလေးအမေဟာ ပညာအရည်အချင်းလေးတန်းခန့်သာရှိရပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တွေမသင်ယူခဲ့ရတဲ့ ပညာကို ကိုယ့်သားသမီးတွေ တတ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။
ဒါကြောင့်လည်း တာဝန်ဝတ္တရားအရ ကျောင်းအပ်၊ ကျောင်းထား၊ကျောင်းသွားခိုင်းတာမဟုတ်ဘဲ ဘ၀ကောင်းစားဖို့အတွက် လိုအပ်တဲ့ ပညာရပ်တွေကိုသင်ယူတတ်မြောက်စေချင်လို့ ကျောင်းတက်ခိုင်းတာပါ။ စပ်မိလို့ပြောရရင်ဖိုးတွယ်အဖေနဲ့ အမေက ရှေးခေတ် ကိုးတန်းနဲ့လေးတန်းအောင်တွေပါ။ အဖေကဌာနတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး အမေကတော့ မှီခိုပါ။ အဲဒီခေတ်ပညာရေးအရအင်္ဂလိပ်စာကို ငါးတန်းရောက်မှ သင်ယူရတော့ အမေ့မှာ အင်္ဂလိပ်စာ အားနည်းပါတယ်။တစ်ခါတစ်ခါ ၀ယ်လာတဲ့နိုင်ငံခြားဖြစ်ဆေးတွေရဲ့အမည်နဲ့အဓိပါယ်ဖော်ခိုင်းတာ၊ သူ မကြားဖူးတဲ့ ကော်ဖီအမျိုးအစားသစ်တွေကိုဘယ်လိုခေါ်သလဲဆိုပြီး မေးတတ်တာတွေရှိပါတယ်။ ဆိုလိုရင်းက အဲဒီလို မိဘတွေကနေဖိုးတွယ်တို့ကို ဆယ်တန်းအောင်ရုံမက တက္ကသိုလ်အဆင့်ထိပါ ပညာသင်စေခဲ့ပါတယ်။မိဘတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့ ဆန္ဒပါ။ " ငါတို့အတွက်မဟုတ်ဘူး၊နင်တို့အတွက်ဟဲ့...နင်တို့အတွက်" လို့ အမေက ပြောတတ်ပါတယ်။ ဒါကမနက်ခင်းတစ်ခုမှာစဉ်းစားမိတဲ့ အတွေးပဲဖြစ်ပါတယ်။

××××××××××=========×××××××××××××

စာပေမိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကွာလတီမဂ္ဂဇင်းတစ်ခုမှာ ကလေးဒေသကသတင်းလေးတွေ လစဉ်ရေးခွင့်ရခဲ့ပါတယ်။ နာမည်ရ မဂ္ဂဇင်းတစ်ခုကနေကလေးသတင်းအတွက် စာမျက်နှာ သပ်သပ်ပေးနိုင်တယ်ဆိုကတည်းက အယ်ဒီတာတွေရဲ့သဘောထားကို သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ဖိုးတွယ်ရဲ့ ညံ့ဖျင်းမှုကြောင့်လစဉ်မရေးနိုင်ခဲ့ပါဘူး။ ကျောင်းက တစ်ဖက်ရယ်၊ ကင်မရာ မရှိတာရယ်ကြောင့်လည်းပါတာပေါ့။ ဖိုးတွယ်မှာက ဘယ်ဘ၀က ပါရမီပါခဲ့သလဲမသိဘူး။ သတင်းရေးဖို့ အတော်ဝါသနာပါတဲ့သူပါ။ ဓာတ်ပုံအခက်အခဲကို မိတ်ဆွေများအကူအညီနဲ့ ပြေလည်စေခဲ့ပြီးမဂ္ဂဇင်းအတွက် စာပေဆိုင်ရာ သတင်းလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်..အဲဒီသတင်းတွေအတွက် ဖိုးတွယ် စာမူခ လုံးဝမရခဲ့ပါဘူး။ -ဒါဆို အယ်ဒီတာလွန်တာပေါ့ ဆိုရင်လည်း မဟုတ်ပါဘူး။ ရန်ကုန်မှာရှိနေတဲ့ စာပေမိတ်ဆွေကိုပဲသဘောတူညီစွာ စာမူခ ထုတ်ခွင့်ပေးထားလို့ပါ။ လက်ဆောင်မဂ္ဂဇင်းကိုတော့ပို့ပေးပါ ဆိုတာလည်း အကြောင်းကြောင်းကြောင့် တစ်အုပ် နှစ်အုပ်သာရပြီးဒီကပဲ အဟောင်း ပြန်ဝယ်ထားရပါတယ်။ ဒါပေမယ့် ဖိုးတွယ် စိတ်မပျက်ပါဘူး။ရန်ကုန်က အခက်အခဲကို ဖိုးတွယ်နားလည်ပါတယ်။ ကိုယ်ရောက်ခဲ့တုန်းက ကိုယ်တွေ့သိခဲ့ရတာပဲလေ။ ဒီလိုနဲ့ တစ်လခြား၊နှစ်လခြားလောက် သတင်းလေးတွေပါတတ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကလေးက ကဗျာဆရာတစ်ယောက်ကရန်ကုန်သွားမယ်ဆိုလာပါတယ်။ ဇနီးနဲ့သမီးကို ယောက္ခမလက် သေချာအပ်ထားပြီးသူကတော့ ရန်ကုန်မှာ အလုပ်ရှာရင်း တစ်နှစ်၊ နှစ်နှစ်လောက် နေမယ်တဲ့။ဟုတ်ပြီဗျာ-ဒါဆို ခင်ဗျားရန်ကုန်ရောက်စမှာ သွားရေးလာရေးခက်ခဲမယ်ဗျာ။နေရေးစားရေးကတော့ ဘုန်းကြီးကျောင်းမို့ အဆင်ပြေပြီထား။ ဒါကြောင့်ကျွန်တော့်စာမူခတွေ ထုတ်သုံးလိုက်ဗျာလို့ ပြောမိလိုက်ပါတယ်။ရန်ကုန်ရောက်သွားတော့ ဖိုးတွယ်စာမူတွေ မဂ္ဂဇင်း သုံးလေးစောင်မှာပါလိုက်တော့ သူ့ကိုပဲ စာမူခထုတ်သုံးစေပြီး စာအုပ်လေးသာ ပို့ပေးပါလို့ဆိုဖြစ်တယ်။ ဒီလိုနဲ့ ကလေးသတင်းလေးတွေ ပါလာတော့ ခင်ဗျားထုတ်လိုက်နော်လို့ ဖုန်းဆက်ပြောတော့ သူက ရန်ကုန်မှာရှိနေတဲ့ စာပေမိတ်ဆွေကထုတ်သွားပြီလို့ပြောတယ်။ စာပေမိတ်ဆွေဆီ ဖုန်းဆက်မေးမိတော့လည်း..အဲဒီကဗျာဆရာထုတ်တာပဲကွလို့ ပြန်ဖြေပါတယ်။ ဖိုးတွယ် မျက်စိတွေ ခေါင်းတွေလည်သွားပါတယ်။ ဒါနဲ့ မဂ္ဂဇင်းတိုက်ကို ဖုန်းဆက်ပြီး အယ်ဒီတာကို " ဆရာကျွန်တော့်သတင်းတွေအတွက် ကျွန်တော် စာမူခလည်း တစ်ခါမှ မရခဲ့ပါဘူး။ဆရာတိုက ပို့ပေးတဲ့ လကလည်း ခုထိ စာအုပ်ကော၊ စာမူခကော လုံးဝရောက်မလာပါဘူး။ဒီလလည်း ဘယ်သူထုတ်သလဲကို မသိဘူး။ သူထုတ်တာ၊ ငါထုတ်တာ ဖြစ်နေတယ်။ရေးချင်စိတ်တောင် မရှိတော့ဘူးဗျာ" ပြောလိုက်တယ်။ အယ်ဒီတာကလည်း "ကျွန်တော်တို့က စာမူရောက်လာရင် သုံးသင့်တယ်လို့ထင်ရင် သုံးပေးပါတယ်။ဒီလိုမျိုး စာမူခအရှုပ်အရှင်းတွေရှိလာတော့ ကျွန်တော်တို့လည်းစိတ်ညစ်တယ်ဗျာ။ နောက် လစဉ်လည်း ရောက်မလာတော့ နေရာအတွက်က နည်းနည်းခေါင်းရှုပ်တယ်ဗျ" လို့ ပြန်ပြောပါတယ်။ အဲဒီနောက် ဖိုးတွယ် မဂ္ဂဇင်းကိုသတင်းတွေ မပို့ဖြစ်တော့ဘူး။ ရေးချင်စိတ်ကုန်သွားတာလည်း ပါတာပေါ့။ နောက်..ကဗျာဆရာ ကလေးကို ပြန်ရောက်လာတယ်။ စာပေမိတ်ဆွေလည်း အလည်ပြန်လာပါတယ်။ဖိုးတွယ်က ဘယ်သူပဲ ထုတ်ထုတ် ကိုယ်ပြန်မရတော့မှာမို့ ဘယ်သူထုတ်သလဲအသေအချာမမေးတော့ပါဘူး။ နောက် မြို့ခံ ကဗျာဆရာတစ်ယောက်က အဲဒီမဂ္ဂဇင်းကိုကဗျာတွေပို့ထားလို့ ရွေး/မရွေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးမေးကြည့်ပါတယ်။ အဲဒီမှာ မဂ္ဂဇင်းက ပြန်ပြောလိုက်တာက "အကြောင်းကြောင်းကြောင့် ကလေးက စာမူတွေကိုမဖော်ပြတော့ပါဘူး"လို့ဆိုပါသတဲ့။ အဲဒီအကြောင်း သူကပြန်ပြောလို့ ဘာကြောင့်လဲဆိုတာ ဒီမှာအဖြေရှာကြည့်တော့ ဖိုးတွယ်အပါအ၀င် ရန်ကုန်က စာပေမိတ်ဆွေနဲ့ကဗျာဆရာတို့ကြောင့်လို့ သိရတယ်။ စိတ်မကောင်းခြင်း ဖြစ်ရပါတယ်။ အဲဒီစာပေမိတ်ဆွေနဲ့ ကဗျာဆရာတို့ ဘာတွေပြောပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာ သူတို့ပဲသိပါလိမ့်မယ်။ ဒါပေမယ့် မည်သို့ပင်ဖြစ်စေ ကိုယ့်မြို့သားတွေပဲဆိုတော့...အပြစ်မြင်လို့ကလည်း မကောင်းဘူးမို့လား။ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကိုသာလူကိုမရွေးဘဲ စာ ကိုပဲ ရွေးချယ်သင့်ကြောင်း ပြောလိုပါတယ်။ အဖုအထစ်လေးတစ်ခုကြောင့် နယ်က ကဗျာဆရာတွေရဲ့ လမ်းစကို မပိတ်သင့်ပါဘူး။ နယ်က...ကဗျာဆရာတွေဟာ စာမူခ၊ စာအုပ်လက်ဆောင် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စိတ်မပျက်ဘဲ
စာပေချစ်စိတ်တစ်ခုတည်းနဲ့သာ ရပ်တည်နေသူများဖြစ်ကြောင်းကလေး-တောင်ညိုစကားကနေ ဆိုလိုက်ချင်ပါတယ်။

အားလုံး
အမြင်ကြည်လင်နိုင်ကြပါစေ။




တွယ်တွယ်ထွဏ်း(ကလေးမြို့)
၂၀-၁၂-၂၀၁